01/01/2025
"တိုက်ရင်းတည်ဆောက်" (AAရဲ့ တော်လှန်တပ်တည်ဆောက်ခြင်းအကြောင်း)...
နိဒန်း....။ ။
2020 ခုနှစ်...စစ်တပ်က ရခိုင်ရွာတွေကို မီးရှို့တုန်း၊လက်နက်ကြီးနှင့်ပစ်တုန်း...အရာရှိကြီး/ငယ်/လတ် အပေါ်ဆုံးကနေ အောက်ဆုံးအထိ နိုင်ငံ့ဝန်ထမ်းစိတ် မရှိကြတော့ဘဲ အာဏာလုပ်ပိုင်ခွင့်တွေနှင့် စီးပွားရေးလုပ်နေကြတဲ့ စစ်တပ်က ကျနော့်ရာထူး၊လစာစွန့်လွှတ်ပြီး ULA/AAဆီကို လာခဲ့တယ်...လက်ရှိစကားနှင့်ဆို CDMဘက်ပြောင်းပေါ့(အဲ့ဒီတုန်းက CDMမပေါ်သေး)...ULA/AAမှာ စစ်တပ်က ဗိုလ်မှုး၊ဗိုလ်ကြီး၊အကြပ်၊စစ်သည် ဘက်ပြောင်းတွေ ပုံလို့....
ကျနော်က ရခိုင်တောင်ပိုင်းသား...အဲ့ဒီက ကျနော့်မြို့နယ် ULAနယ်မြေတာဝန်ခံ(မြို့နယ်မှူး)ဆီရောက်တယ်...အဲ့ဒီအချိန် ကျနော်တို့ စစ်ဒေသမှာ AAသင်တန်း တဖြတ်က သင်တန်းကာလ တစ်ဝက်ကျိုးနေပြီ...ကျနော်က နောက်တစ်ဖြတ်မှ သင်တန်းတက်ရမယ်တဲ့...အဲ့ဒီတော့ ကျနော်က တပ်သားသစ်(ကျောင်းသားသစ်)၊ULAအဖွဲ့ဝင်(အမာခံ)ဘဝနှင့် ကျနော့်ကို စောင့်ကြည့်ကာလပေါ့...
သူလျှို၊ဒလန် ပေါ်လစီ....။ ။
အာဏာမသိမ်းခင် 6လအလို...လက်ရှိ ပြည်မမှာ ကိုနေဘုန်းလတ် ပြောနေသလို ထိန်းချုပ်နယ်မြေ၊စိုးမိုးနယ်မြေဆိုတာတွေက ULA/AAမှာ မြို့ပေါ်အားလုံးကိုချန်ခဲ့ရင် ပြည်နယ်မြောက်ပိုင်းနယ်တွေအားလုံးနှင့် တောင်ပိုင်းမှာ အမ်း၊ကျောက်ဖြူ၊ရမ်းဗြဲ၊တောင်ကုတ်နယ်တွေအထိ အများစုကို စိုးမိုးထားပြီ...(ကျနော် စကားကို အလွတ်မပြောပါဘူး...အောက်မှာ သက်သေနှင့်အကြောင်းအရာကိုဆက်ပြောပါမယ်)...
ကျနော်က ကျောင်းသားသစ်(အမာခံ)ဆိုပေမဲ့ ရွာတွေမှာ မနေဘဲ နယ်မြေတာဝန်ခံစခန်း(စုရပ်)မှာ ဝိုင်းလုပ်၊ဝိုင်းစားရင်း အုပ်ချုပ်ရေး စနစ်က ဘယ်လိုလဲ လေ့လာမိတယ်...
ရက်နည်းနည်းကြာလာတော့ စုရပ်တာဝန်ခံဆီက အော်သံတစ်ခုကြားတယ်..."အဆောင်သစ်မှာနေတဲ့ရဲဘော်တွေ၊ကျောင်းသားသစ်(အမာခံ)အဖွဲ့ဝင်တွေအကုန်လုံး ဒီဘက်အဆောင်ကိုပြောင်း" "ဒီဘက်အဆောင်ကို ပြောင်း..အရေးကြီး အထူးဧည့်သယ်လာဖို့ ရှိတယ်"တဲ့...ကျနော်တို့ပြောင်းပြီး နာရီဝက်လောက် ကြာတော့ တောင်ကုတ်မြို့နယ်ကNLDပါတီဝင် ဦးမင်းအောင်၊ဒေါ်ချစ်ချစ်ချော၊ဒေါ်နီနီမေမြင့်တို့ ဖြစ်နေပါရော...
ဒီလောက်ထိ တစ်မျိုးသားလုံး မျိုးဆက်သစ်လူငယ်၊လူကြီးမရွေး ပါတီနိုင်ငံရေး လမ်းစဉ်တွေကို စွန့်လွှတ်ပြီး တက်တက်ကြွကြွ တော်လှန်ရေးလုပ်နေပါတယ်ဆိုမှ...လူငယ်တွေကို မဖြစ်နိုင်တဲ့ နိုင်ငံရေး ကတိကဝတ်တွေပေးပြီး တောင်ကုတ်က AAစိုးမိုး နယ်တွေကို မဲဆွယ်စည်းရုံးရေးဆင်းတယ်တဲ့...အဲ့ဒီတုန်းက သူတို့ကို ရခိုင်တပြည်လုံးအနေနှင့်ကြည့်ရင် လက်ရှိ ပြည်မမှာ မအလ ရွေးကောက်ပွဲကို ဝင်ဖို့ တကဲကဲလုပ်နေတဲ့ သူတွေလိုပေါ့...(ဘာပဲပြောပြော တော်လှန်ရေးကို ဖျက်ဆီးမယ့် ဒလန်ပဲလေ)...
အဲ့ဒီ အထူးဧည့်သယ်တွေကို ကျနော်ရဲ့ စစ်ဒေသ(နိုဗာ-1)ကိုရောက်တဲ့အထိ အဆင့်ဆင့် မှဲ့တစ်ပေါက်မစွန်းဘဲ၊သူတို့အငြိုအငြင်မရှိ (ခေါ်ယူခြင်းမပ) ပို့ပေးရမှာဗျ...လမ်းခရီးအရ ကျနော်တို့ရဲ့ စုရပ်မှာ တစ်ညတာ အိပ်ဖို့ အတွက် တစ်ချို့ရဲဘော်ဟာ အဆောင်ဟောင်းမှာ အိပ်စရာ နေရာ မရှိတော့လို့ စောင်တစ်ထည်နှင့် ခြုံတိုး အိပ်ရတာပဲ...စစ်ဒေသမှာ သူတို့ကို အထူးဧည့်သယ်တွေအဖြစ် ထားပြီး စစ်ဒေသတစ်ခုလုံးနှင့် သင်တန်းကွင်းမှာ သူတို့နှင့်လူမျိုးတူ ထောင်ချီတဲ့ရဲဘော်တွေ၊စစ်မေတွေ၊အဆင့်အတန်းအမျိုးမျိုးတွေ၊ပညာတတ်တွေ၊ အသစ်/အသစ် ထပ်ရောက် လာတဲ့ သင်တန်းသားတွေ ရခိုင်ပြည်အတွက် ဘယ်လို ရုန်းကန်နေကြတယ်ဆိုတာကို ပြသပြီး စည်းရုံးရေးလုပ်တယ်ဆိုတာကို သူတို့ ရိပ်မိမယ်ထင်ပါတယ်...အဲ့ဒီတုန်းက သတင်းတွေမှာတော့ ဖမ်းတယ်၊စီးတယ် ပလူကို ပျံလို့...သူတို့ ပြန်ရောက်လာတော့ သတင်းတွေမှာ တွေ့ကြမှာပဲ... ဘာကြောင့်ဖမ်းတယ်...အထွေအထူး စစ်ဆေးတာလည်း ဘာမှ မရှိဘူးတဲ့...ဘာ စစ်ဆေးစရာ ရှိမလဲ... ရခိုင်သူ/ရခိုင်သားတွေ ဘာ လုပ်နေကြတယ်လို့ ပြထားပြီးပြီလေ...သူတို့ခံယူတဲ့အပေါ်မှာပဲ မူတည်တော့မှာပေါ့...
ကျနော်က ရွာမှာနေတဲ့ အမာခံ မဟုတ်ဘဲ ကျောင်းသားသစ်ဘဝနှင့် နယ်မြေတာဝန်ခံစခန်းမှာ နေတော့ အဲ့ဒီကAသုံးလုံး/ULAတပ်ဖွဲ့ဝင်တွေနည်းတူ အုပ်ချုပ်ရေးထဲ ပါလို့ပါမှန်းမသိပါနေတော့တယ်...(စာရင်းဝင်မဟုတ်ပေမယ့် ရဲဘော်တွေနှင့်တန်းတူလှုပ်ခြားနေပြီလို့ ပြောချင်တာ)...
အဲ့ဒီအချိန်က ရခိုင်မှာလည်း သူလျှို၊ဒလန် ပေါတုန်း(လက်ရှိ ပြည်မမှာလိုပေါ့)၊သတင်းမပြတ်တဲ့ သူတွေဆိုရင်တော့ ကျည်တစ်တောင့်နှင့်စာတစ်စောင် အကြောင်းကို သတင်းတွေမှာ ကြားဖူးကြမယ်ထင်ပါတယ်...သူလျှို၊ဒလန်တွေကို အဲ့တာတွေ အရင်ပို့ပေးတယ်...သူတို့ ခြင်ဆင်နိုင်မယ့် အချိန်ရအောင် ၃ကြိမ်၊၃ခါ ပို့ပေးတယ်...တစ်ချို့က တစ်ကြိမ်ပို့ခံရရုံနှင့် ဒလန်မလုပ်တော့ဘဲ ဘက်ပြောင်းလာတဲ့ သူတွေ ရှိသလို၊၃ကြိမ်နှင့် မရပ်တဲ့ သူတွေရှိတယ်၊ အဲ့လိုလူတွေကို(လုံးဝဖမ်းဆီးဖို့အခွင့်အရေးမသာ၊သူလျှိုအကြီးစား စစ်တပ်နားကမခွါ(လက်ရှိ ပြည်မမှာဆိုရင် ပျူခေါင်းဆောင်)မှ အပ ပစ်ခတ်ရှင်းလင်းတာ မလုပ်ရဘူး...
ရအောင်ဖမ်းဖို့ စစ်ဒေသမှူးက ညွှန်ကြားတယ်...ဒလန် တစ်ယောက်ကို ရှင်းလင်းဖို့ ဆိုင်ကယ်တစ်စီး၊ပစ်စတို(သို့)ဓါးတစ်လက်၊ရဲဘော် နှစ်ယောက်ဘဲ လိုတယ်ဆိုပေမယ့်...ဖမ်းဆီးဖို့ကျတော့ ရဲဘော်၄/၅ယောက်၊အဲ့ဒီ ဒလန် ရပ်ကွက်နီး၊ရွာနီးက အမာခံ၄/၅ယောက် အသက်ကို ရင်းထားရတယ်...ဒလန်က စစ်တပ်နှင့် ကွဲနေတဲ့ အချိန် အရက်သောက်နေတဲ့ အချိန်၊ဖဲဝိုင်း/ကြက်ဝိုင်းရောက်နေတဲ့အချိန် အခွင့်ကောင်းကို စောင့်ပြီး ဖမ်းရတယ်...စစ်ဒေသကို ပို့လိုက်တယ်...တစ်ချို့ဆိုရင်(၆လ)/(၁နှစ်)လောက်နှင့် အိမ်ပြန်ရောက်လာကြတယ်၊ကျနော်တို့ရဲဘော်တွေ အသက်ရင်းပြီး ဖမ်းဆီးထားတာ...အဲ့ဒီတုန်းက ကျနော်အပါအဝင် ကျနော်တို့ရဲဘော်တွေ စစ်ဒေသကို စိတ်ဆိုးတာပေါ့...ဒါပေမဲ့ အဲဒီဒလန်တွေက ဦးမင်းအောင်၊ဒေါ်ချစ်ချစ်ချော၊ဒေါ်နီနီမေမြင့်တို့လို စစ်သည်ထောင်နှင့်ချီရှိတဲ့ စစ်ဒေသမှာ ကျနော်တို့ရဲဘော်တွေ ဘာလစာ၊ဘာခံစားခွင့်မှမရှိဘဲ နေ့မနား၊ညမအား၊ကျားကုတ်၊ကျားခဲ ရခိုင်ပြည်အတွက် ကြိုးစားနေကြတာတွေကို မြင်ခဲ့ကြတော့... စစ်ဒေသပြန် ဒလန်တွေက တော်လှန်းရေးမှ တော်လှန်းရေး...တတ်နိုင်သမျှထောက်ပံ့တယ်၊နောက်က တစ်ကောက်ကောက်လိုက်ပြီးပံ့ပို့တော့တာပဲ...
"ရန်သူ့လက်နက် ကိုယ့်လက်နက်"ရန်သူ့လူက လိုလိုလားလား ကိုယ့်မိတ်ဆွေ ဖြစ်ခဲ့ရင် တစ်တပ်လုံးကိုသိရပြီလေ ..အဲ့ဒီလန်ကိုသာရှင်းလိုက်ရင် သူ့မိသားစု အသိုင်းအဝိုင်းတစ်ခုလုံးက AAကိုမုန်းတီးသွားမယ့် အစား မရှင်းလင်းတော့ အသိုင်းအဝိုင်း တစ်ခုလုံး ကိုယ့်ဖက်ကို ပါပြီ...
ရှင်းလင်းခံရတဲ့သူ မရှိဘူးလို့ ပြောတာတော့ မဟုတ်ဘူး...အထက်ခေါင်းဆောင်တွေရဲ့ မူဝါဒကို ပြောပြတာပါ...သံသယဒလန်တွေကို ဖမ်းစီးတုန်း ပြန်ခုခံလို့ စစ်ဒေသအမိန့်မပါဘဲ လက်လွန်သွားတာတွေလည်းရှိပါတယ်...အဲ့ဒီလက်လွန်မှု့တွေအတွက် အမှု့တွဲမှာ ပါဝင်သူအားလုံး စုံခုံဖွဲ့ခံရပြီး နယ်မြေမှူး အများစုလည်း လက်ရှိထိ AAရဲ့ ထောင်ထဲမှာရှိပါတယ်...AAက စစ်စည်းကမ်းပိုင်းဆိုင်ရာမှာ တပြားသားမှ မလျော့ပါဘူး...စစ်စည်းကမ်းဖောက်တဲ့ ရဲဘော်တွေ၊လဒ်စားမှု့တွေ၊အခြားအမှု့ငယ်တွေကိုတောင် သံခြေချင်းခတ်ပြီး သံကြိုးကသံချေးတက်သွားအောင်အထိ အချုပ်ချထားတာ၊နောင်ကျင်သွားလောက်ပြီးဆိုမှ ပြန်ဖြုတ်ပြီး ရဲဘော် ဂုဏ်သိက္ခာနှင့် အညီပြန်ဆက်ဆံတယ်...ခွဲခြားတာ လုံဝ မရှိ...
Speakerသမား/လော်ဘီ ပေါ်လစီ...။ ။
မြင်သာတဲ့ တစ်ယောက်ကို ပြောရမယ်ဆိုရင် ရခိုင်ပြည်နယ်မြို့တော်စစ်တွေက Mg Aye Tun အကောင့်နှင့် အေးထွန်းကို တစ်ချို့တွေ သိကြမယ် ထင်ပါတယ်...လက်ရှိ ပြည်မမှာ ကျော်စိုးဦး၊ကျော်မျိုးမင်း၊မပုတု၊ဇော်ဘုန်းဟိန်းတို့လိုပဲ စစ်တပ်ဘက်က လော်ဘီလုပ်ရင်း Viewers များလာတဲ့ သူပေါ့...၂၀၁၈/၂၀၁၉ လောက်တုန်းက AAဆိုတာ ဓါတ်ခဲတွေ၊မကြာခင် အားကုန်၊ဆားပေါက်တော့မယ်၊ရခိုင်ပြည်ကို ဖျက်နေကြတာ မျိုးစုံလော်တာပါပဲ...ကွန်မန့်မှာ ဝိုင်းဆဲတဲ့သူတွေနှင့် ပလူကိုပျံလို့...ရဲဘော်တွေက မိသားစုတွေနှင့်တကွဲတပြား ဘာလစာမှမရှိဘဲ သေမလောက်အောင် လုပ်နေကြတာ...အေးထွန်းကို ဆိုရင် အရေခွံ ဆုတ်ပစ်ချင်တဲ့ သူတွေချည်း...
စစ်ဒေသက မှဲ့တပေါက်မစွန်းဘဲ ခေါ်ခိုင်းတယ်ဗျ...စစ်ဒေသမှာ ဒေါ်ချစ်ချစ်ချောတို့ နည်းအတိုင်းထားပြီး...ပြန်ရောက်တော့...AAဖက်ကပဲ တောက်လျောက် ယနေ့အထိ လော်နေတုန်းပါပဲ...ပြည်မတော်လှန်ရေး သမားတွေလည်း သတိထားရမှာ သေချာတယ်ဗျ... Speaker သမားကို ဖမ်းမိတာနှင့် သတင်းတွေဆီရောက်ဖို့ သေချာပြီးသားပါ...
စည်းရုံးရေး မူဝါဒ...။ ။
ပြည်ပကနေ ပြည်သူတွေ အရမ်းစည်းလုံးကြောင်း အော်သံတွေ ခဏ ခဏကြားရတယ်...ဆရာဇော်ဝေစိုးတို့ဆိုရင် ရခိုင်ပြည်သူတွေ အရမ်းစည်းရုံးတယ်တဲ့...ကိုယ့်ပြည်မနေ ပြည်သူတွေ ဘယ်နှစ်ရာခိုင်းနှုန်းစည်းလုံးလဲ တွက်ချက်တာ၊စာရင်း/ဇယားပြုစုတာ ဘယ်သူမှ မတွေရဘူး...ရခိုင်ပြည်သူတွေ ဘယ်လိုစည်းလုံးလာလဲ ဘယ်သူမှ အဖြေမထုတ်ကြဘူး...AAမှာ စည်းလုံးကြောင်း အော်တဲ့သူ မရှိသလို စည်းလုံးအောင် ဘယ်လိုလုပ်မလဲ ဆိုတဲ့သူတွေ များလိုက်တာများ ကျနော် မြင်ဖူးတဲ့ ဟောပြောပွဲတိုင်းကို အခုအချိန်ထိ မျက်လုံးထဲက မထွက်....
ရွာတိုင်းမှာရှိတဲ့ စကစ အုပ်ချုပ်ရေးမှူးတိုင်းကို ကိုယ့် အုပ်ချုပ်ရေးမှူး ဖြစ်အောင်လုပ်တယ်...စကစနှင့် AAအကြား အုပ်ချုပ်ရေးမှူးတွေ နေထိုင်လို့ရအောင် AAဖက် ဟပ်ပေးတာ ဖြည့်စွတ်ပေးတာ အများကြီးတွေ့ရတယ်...အနိမ့်ဆုံးအဆင့် အုပ်ချုပ်ရေးမှူး လုပ်တဲ့သူတွေဆိုတာ ပညာအရည်အချင်း အသင့်အတင့်နှင့် ဆွေမျိုးအသိုင်းအဝိုင်းကြီးတဲ့ သူတွေပဲလေ...သူတို့ကို ဒလန်ဇာတ်သွင်းမယ်ဆိုရင် နောက်ဆက်တွဲက ကောင်းနိုင်စရာ အကြောင်းမရှိပါဘူး...ကိုယ့်ဘက်ကို မပါ ပါအောင်လုပ်ဖို့ တစ်နည်းပဲရှိတယ်...ပထမတော့ ကိုယ့်ဘက်က သူတို့ကို နားလည်ကြောင်းနှင့် နာလည်မှု့ သဘောတရားနှင့် အချိုသတ်၊အောက်ကဝင်ရတာပါပဲ...အာဏာပါဝါ သုံးလို့ ရပါရဲ့နှင့် အောက်ကဝင်ရင် ပပဝတီနှင့်တောင် မေတ္တာ မျှနိုင်ပါတယ်...အထက်က အဲ့လိုလုပ်ဖို့ ညွှန်ကြားတာကို အခုတော့ အုပ်ချုပ်ရေးမှူးတွေက စကစဆီက လစာယူပြီး ရွာကို ကိုယ်ဘက်က အုပ်ချုပ်ပေးတယ်... ရခိုင်မှာ CDM တော့ မရှိဘူး...ဒါပေမယ့် အုပ်ချုပ်ရေးမှူးတွေကို စကစဘက်က ဟိုလူကို ဖမ်းပေး/ဒီလူကို ဖမ်းပေး အကြပ်ကိုင်လာတဲ့ အခါ အုပ်ချုပ်ရေးမှူးတွေ တန်းစီပြီး နှုတ်ထွက်ခဲ့ကြတာကို ခင်ဗျားတို့ သတင်းမှာ ကြားလိုက်ကြမှာပါ...ပြည်မမှာဆိုရင် အုပ်ချုပ်ရေးမှူးတွေက CDMပါပဲ...
ဘာ ပလဖ/ပအဖ တွေမှဖောင်းပွ နေစရာမလိုပါဘူး...ရွာမှာ လူရိုသေ၊ရှင်ရိုသေ ဖြစ်တဲ့သူတွေ ၁၀ယောက်(အမာခံ)နှင့်အုပ်ချုပ်ရေးမှူးပဲ ရှိတယ်...သူတို့ လက်ထဲမှာ လုပ်ပိုင်ခွင့် မထားဘူး သူတို့အိမ်မှာ သူတို့နေပြီး၊သူတို့အလုပ်ကို သူတို့ လုပ်ရင်း နယ်မြေတာဝန်ခံစခန်း(စုရပ်)က ညွန်ကြားမှ သူတို့ရွာကို သူတို့ ထိန်းကြရတာ...ရွာမှာ တစ်ခုခုဖြစ်ရင် အုပ်ချုပ်ရေးမှူးက စုရပ်ကို သတင်းပို့သလို ရွာမှာ ယုံကြည်ရတဲ့ စပိုင်တွေကလည်း သတင်းပို့တယ်..(ရွာတွေကို ညီညွတ်မှု့ ရှိအောင် အရင်လုပ်ထားတာကို)အိမ်ခြေ၁၀၀နှင့်အထက် ရှိတဲ့ ရွာတွေ မှန်သမျှကို စည်းရုံးဟောပြောရေး မဆင်း မနေရ အထက်မူဝါဒရ လုပ်ထားရတာကို..."ဩဇာနှင့်အုပ်ချုပ်/ညီညွတ်မှု့နှင့်အုပ်ချုပ်"တဲ့...ပစ်မှု့ ကျူးလွန်တဲ့သူတွေကို အသိုင်း/အဝိုင်းက လက်မခံ၊ဘယ်ရွာကမှ လက်မခံ၊အဲ့ဒီ တရားခံက ဘယ်မှသွားစရာ တောင်မရှိတော့ဘူး၊ရွာက ဝိုင်းဖမ်းပေးတယ်၊အုပ်ချုပ်ရေးမှူးအိမ်မှာ ၆ပေါက်ထည့်ထားတယ်...မသတ်၊မပုတ်ရအောင် စုရပ်က ညွှန်ကြားထားတယ်...စုရပ်က သွားခေါ်တယ်...ပစ်မှု့နည်းနည်းကြီးရင် စစ်ဒေသပို့လိုက်တယ်...အသေးစား ပစ်မှု့တွေဆိုရင် စုရပ်မှာ စိုက်ပျိုးရေးလုပ်၊တောင်ပေါ်ပို့မယ့် ရိက္ခာသယ်၊ထင်းခွေ၊ထမင်းချက်...အချုပ်ထဲအိပ်...အလုပ်ကိုဖြစ်လို့...အဲ့ဒီအချိန်တုန်းက ကျနော်တို့ ရခိုင်တောင်ပိုင်းမှာ AAရဲ့တရားရုံး ဥပဒေရုံးမရှိသေးတော့ AAဩဇာက အထွက် အထိပ်မှာပဲ...ပစ်မှု့တွေလည်း အရမ်းနည်းပါးတယ်...စကစ အုပ်ချုပ်တုန်းက ရွာတွေရဲ့ လှေဆိပ်မှာ လှေတစ်စီးကို ခဏလေး ချည်းထားဖို့အတွက် ပျောက်မှာစိုးလို့ ၅ရာ၊၁ထောင်ပေးပြီး အစောင့်ထားရတယ်၊AA ဩဇာထွားလာပြီးမှ ဘာအစောင့်မှ မလိုတော့ဘူး...
အုပ်ချုပ်ရေး မူဝါဒ...။ ။
ကျနော်က စကစ တပ်မှာ အကြပ်ငယ်၊အကြပ်လောင်း၊အကြပ်ကြီး၊တပ်စုတိုက်စစ်အဆင့်အထိ ပြီးထားပြီဆိုပေမယ့် AAရဲ့ စစ်ဒေသမှာ စစ်အခြေခံသင်တန်းကနေ ပြန်စတက်ရတာဗျ...
ကျနော်သင်တန်းဆင်းတော့...အာဏာ သိမ်းပြီးပြီ...၂၀၂၁ခုနှစ်၅လပိုင်းတောင်ရောက်နေပြီ...စိုးမိုးနယ်မြေကနေ ထိန်းချုပ် နယ်မြေတွေ ဖြစ်နေပြီ ကျနော်တို့ ရွာလို အခြေအနေမျိုးဆိုရင် စကစက စစ်ကြောင်းထိုးလို့တောင် မရတော့တဲ့ အခြေအနေ... ကျနော်က အုပ်ချုပ်ရေးပိုင်းကို တာဝန်ကျပြီး နယ်မြေမှူး စခန်းကိုရောက်တယ်...နယ်မြေတာဝန်ခံ စခန်းကို နယ်မြေမှူး စခန်းလို့ ပြောင်းခေါ်နေပြီ...အဲ့ဒီနယ်မြေမှူး ဆိုတဲ့သူက စကစအုပ်ချုပ်ရေးနှင့်ဆိုရင်ဆိုရင် တစ်မြို့နယ်လုံး အုပ်ချုပ်ရတဲ့ မြို့နယ်မှူး အဆင့်ပါပဲ ဒါပေမယ့် သူ့ကို ဘာရာထူး၊ဘာအဆင့်မှ ပေးမထားဘူး (တပ်သားအဆင့်/ရဲဘော်ပါပဲ)...နယ်မြေမှူး(နယ်မြေတာဝန်ခံ)ဆိုတဲ့ တာဝန်ပဲကို ပေးထားတယ်...သူနှင့်အပတ်စဉ်တူတွေက...တိုက်ခိုက်ရေး စစ်ကြောင်းတွေမှာ ဆာဂျင်၊ဒုဗိုလ်တွေ ဖြစ်နေပြီ...သင်တန်းမှာ အဆင့်ကောင်းတဲ့ သူမှ တာဝန်ပေးခံရတဲ့ နယ်မြေမှူးဆိုတဲ့ သူက အုပ်ချုပ်ရေးမှာ လဒ်စားတာ၊ပစ်မှု့ကျူးလွန်တာ တစ်ခုခု ဖြစ်ရင် ရဲဘော်ကြီးဘဝနှင့် သံခြေချင်းဝတ်ပြီး စစ်ဒေသ အချုပ်ထဲမှာ နေရမှာလေ...သူလုပ်လာခဲ့သမျှနှင့် သူ့အရိပ်အရာတွေ ဘာမှမကျန်တော့အောင်ပဲ ထိန်းချုပ်ထားတာ...စစ်ဒေသရဲ့ စပိုင်တွေကလည်း မြို့နယ်တိုင်းမှာ ရှိတယ်...ဒါပေမယ့် နယ်မြေမှူးကို စစ်ဒေသမှူးက တိုက်ရိုက် အမိန့်ပေးညွှန်ကြားကွပ်ကဲတယ်...ကြားထဲက ဘယ်အဆင့်ဖြစ်ဖြစ်၊စစ်ကြောင်းတွေက ဗိုလ်မှူး၊ဗိုလ်ကြီး မကလို့ ဖြစ်ဖြစ်ချင်ရာဖြစ် နယ်မြေစစ်ဆင်ရေးလိုအပ်ချက်က လွဲလို့ အုပ်ချုပ်ရေးမှာ ဘာမှ ဝင်စွက်ခွင့်မရှိ သူ့တာဝန်ကို အကုန်သူလေးစားရတာပဲ(တော်လှန်ရေးမှာ အုပ်ချုပ်ရေးနှင့်ပြည်သူ့ဝန်ဆောင်မှု၊ပြည်သူ့ ဆက်ဆံရေး အရေးကြီးပုံကို ဒီမှာ မြင်နိုင်ပါတယ်)...နယ်မြေမှူးတွေ ယားလို့ ကုတ်ချိန်တောင်မရဘူး...မြို့နယ်အလိုက် နယ်မြေမှူးဆိုတဲ့ သူတွေက ရွာစဉ်လိုက် လစဉ်ထည့်ကြတဲ့ အမျိုးသား ရံပုံငွေ၊ဆန်၊ဆီ၊ဆား၊ငပိ၊ကြက်သွန်၊ရိပ်က္ခာလုံးစီမံ၊ကိုင်တွယ်ပြီး စစ်ဒေသသို့ အဆင့်ဆင့်ပို့ပေးတယ်...မြို့နယ်အတွင်း ထွေအုပ်ဆိုင်ရာ အချက်အလက်၊ပြစ်မှု့တွေနှင့်ပတ်သက်တာ၊စစ်ခွေး အဝင်/အထွက်(ရန်သူ့သတင်းအချက်အလက်အားလုံး)ကိုင်တွယ်ရတယ်...နယ်မြေမှူးအောက်မှာ ULA,Aသုံးလုံး အဖွဲ့ဝင်တွေနှင့် တိုက်နယ်မှူးတွေ ဖွဲ့စည်းထားတယ်...တိုက်နယ်မှူးတွေက ကိုယ့်တိုက်နယ်အတွင်းရှိ ရွာတွေက အုပ်ချုပ်ရေးမှူး အမာခံတွေကို ဦးဆောင်ပြီး ရံပုံငွေ၊ရိက္ခာ၊ပစ်မှု့၊ထွေအုပ်အချက်အလက်၊စစ်ခွေးသတင်း၊စပိုင်မွေး...ယားလို့ ကုတ်ချိန်တောင်မရကြဘူး...အုပ်ချုပ်ရေးအဖွဲ့ဝင်နည်းနည်းနှင့် ပြည်သူကို ပြည်သူနှင့် ပြန်အုပ်ချုပ်တဲ့ စနစ်(ဘယ်သူ့ကိုမှလည်း ထောက်ပံ့ကြေး၊လစာပေးစရာမလိုတဲ့ စနစ်)ကျနော်လည်း အဲ့ဒီကျမှ တွေ့ဖူးတယ်...
ကျနော်လည်း နယ်မြေမှူး စခန်းရောက်တာ အချိန်ကိုက်လို့ပဲ ပြောရမလား မသိတော့ပါဘူး...အာဏာသိမ်းလိုက်တော့ ရခိုင်က ဝါရင့် နိုင်ငံရေး သမားတွေ အားလုံးနီးပါး AAဘက် ကူးပြောင်းလာကြတယ်၊အကြံပေးတွေ လုပ်ကြတယ်၊ဒေါက်တာအေးမောင်က လွဲလို့ပေါ့၊(ဒေါက်တာအေးမောင်က လက်ရှိ NUGလို တပ်အပေါ်မှာ ဖင်ခုထိုင်ချင်တဲ့သဘော)တရားရုံးဝန်ထမ်းတွေ၊တရားသူကြီးတွေ၊ဥပဒေအရာရှိတွေ၊ရှေ့နေတွေ ကူးပြောင်းလာကြတယ်...တောင်ပိုင်းမှာ AAရဲ့ ထိန်ချုပ်နယ်မြေတွေကလည်း အရမ်းကျယ်လာပြီ...တရားရုံး၊ဥပဒေရုံး မလုပ်ရင် မဖြစ်တော့တဲ့ အခြေ အနေ...တောင်ပိုင်းမှာ ရဲသင်တန်းဆင်း၊ရဲလုပ်ငန်းကျွမ်းကျင်တွေ မလောက်/င သေးပေမယ့် တရားရုံး၊ဥပဒေရုံး ဆောက်ရပြီ...တရားရုံး ဥပဒေရုံး ရှိလာမှတော့ တရားခံတွေကို ဥပဒေနှင့်အညီ တရားသူကြီးဆီ ချုပ်ရီမန်တောင်းရတာ၊ရီမန် မပြည့်ခင် အမှု့တည်ဆောက်ပြီး ဥပဒေအကြံတောင်းပြီး တရားရုံးကို စွဲတင်ရတာ၊အာမခံပေးရမယ့် ပုဒ်မတွေကို 24နာရီထက် ပိုမချုပ်ရဘဲ အာမခံလုပ်ပေးရတာနှင့် ရှုပ်ယှက်ခပ်လာတော့...ကျနော်က နယ်မြေမှူး စာရေးလုပ်နေရာမှ ချက်ချင်း ရဲလုပ်ငန်း/အမှု့စစ်/တရားရုံးဆီ အမှု့စွဲတင်ရတဲ့ CRO အစ အဆုံးထိ လုပ်ဖို့ဖြစ်လာတော့တယ်...ကျနော်က စကစ တပ်မှာ ရုံးလုပ်ငန်းပတ်သက်တာတွေ ဝင်စာ/ထွက်စာတွေ အကြောင်းကို နားလည်ခဲ့ပေမယ့်...ဥပဒေနှင့်ပတ်သက်လို့ ဘယ်ပုဒ်မမှ မသိသေးဘူး...နယ်မြေမှူးမှာ ရာဇသတ်ကြီးစာအုပ်၊ရာဇဝတ်ကျင့်ထုံး၊ရဲလက်စွဲ ဥပဒေနှင့် ပတ်သက်တဲ့ ရှိသမျှ စာအုပ်တွေကို ကျနော့်နေရာ လာပုံတော့တာပဲ...ရဲအမှူ့စစ် အငြိမ်းစားတွေဆီက အမှု့စစ်လက်စွဲ စာအုပ်တွေကိုတောင် ဖုန်းကနေတဆင့် ပို့ခိုင်းပြီး မိတ္တူ ထုတ်ပေးသေးတယ်...မသိတာရှိရင် ကျနော်တို့စစ်ဒေသကဥပဒေရာရှိတိုင်းကိုမေး၊ တရားသူကြီးကို မေးတဲ့...
ကျနော်လည်း ယားလို့ ကုတ်ဖို့ မေ့နေတဲ့ အချိန်ကို ရောက်လာပြီ...နေ့မနား၊ညမအားပါပဲ...ညဘက်တွေဆို မီးစက်နိုးရတာ ဆီကုန်လို့ ကျနော့်အတွက် ဖယောင်းတိုင် ဝယ်ပေးရတယ်...ကျနော်လည်း ရှိသမျှ ဥပဒေအရာရှိတွေဆီ ပတ်မေး၊သိသမျှ ရဲလုပ်ငန်း ကျွမ်ကျင်တွေဆီ ပတ်မေး...AAသင်တန်းသွားဖို့ စောင့်နေကြတဲ့ 10တန်းအောင်,first year, Second year,Aသုံးလုံး တပ်ဖွဲဝင်(AAA-ကိုယ်ပိုင်နံပါတ်နှင့်နယ်မြေမှူးစခန်းမှာ လုပ်ကိုင်ရတဲ့ သူတွေ)ထဲက ပညာအရည်အချင်း နည်းနည်းရှိတဲ့သူတွေကို နယ်မြေမှူးဆီ ခွင့်တောင်းပြီး တစ်မြို့နယ်လုံးအဆင့် ရဲလုပ်ငန်းလည်ပဖို့ စတင်ရတော့တာပဲ...အဲ့ဒီမှာ ဥပဒေ ဘက်တော်သားဘဝနှင့် ပြည့်သူ့အစေခံဘဝ ကို ကောင်းကောင်းကြီး တွေ့ရပြီ...တရားလို အသိုင်းအဝိုင်း တစ်ခုလုံးလည်း AAရဲ့ ပြည်သူဖြစ်သလို တရားခံအသိုင်းအဝိုင်း တစ်ခုလုံးလည်း AAရဲ့ ပြည်သူပါပဲ...ကိုယ်ကဥပဒေ ဘက်တော်သားလုပ်ပြီး ဥပဒေနှင့်စာတစ်လုံးစာသွယ်ဖယ်ပြီး နားလည်မှု့နှင့် လုပ်ရင်တောင် သူ့ကို တစ်မျိုး ငါ့ကိုတစ်မျိုးနှင့် ပြည်သူ့ထောက်ခံမှု့က ဖရိုးဖရာဖြစ်ပြီး တော်လှန်ရေးကို ရိုက်ခတ်ပြီ...ထိခိုက်ပြီ...(အလုံးစုံအစိုးရမဖြစ်သေးတဲ့ အစိုးရအလုပ်က ပိုဂရုစိုက်ဖို့ လိုတာကိုပြောချင်တာ)
ဥပဒေက တကယ်မကျူးလွန်တဲ့ သူတွေရှိခဲ့ရင်ဆိုပြီး အခွင့်အရေးအများကြီးပေးထားတော့ တကယ်ကျူးလွန်တဲ့သူလည်း သက်သေမခိုင်လုံဘဲ လွတ်သွားတာတွေ ရှိတာပဲ...အဲ့ဒီအခွင့်အရေးတွေကို မပေးပြန်ရင်လည်း တကယ်မကျူးလွန်တဲ့သူတွေ ထောင်ထဲကို အများအပြားရောက်နိုင်တယ်...ဥပဒေရဲ့ အားနည်းချက်ကို ပြည်သူတိုင်း မသိဘူးလေ...ရဲအသိုင်းအဝိုင်း၊တရားရုံးအသိုင်းအဝိုင်းဆိုတာ လွတ်လပ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတောင် လူမုန်းများတာပါပဲ...ကျနော် ပြည်သူ့အစေခံလို့ သုံးနှုန်းလိုက်တာက(ပြည်မက ပလဖ အဖွဲ့ဝင်တွေ ကိုယ့်ကိုယ်ကို ပြည်သူ့ဝန်ထမ်းလို့ တွေးလိုက်တာနှင့် တော်လှန်ရေး ဂုဏ်မောက်လိုက်တာနှင့် အဲ့ဒီအလုပ်နှင့် လုံဝမဖြစ်ကြောင်းကို ပြောချင်တာပါ)တော်လှန် စစ်သားဆိုတာ ပေးဆပ်ခြင်း သက်သက်ပါပဲ...အခွင့်ထူးခံတွေကို မလိုချင်လို့တော်လှန်ကြတာလေ...ကိုယ်တိုင် အခွင့်အရေးရဖို့ကို မျော်လင့်လို့ကိုမရတာ...လွတ်လပ်ရေးရလာရင်တောင် နိုင်ငံရေးတတ်သိနားလည်တဲ့ လူထုထောက်ခံမှု့ရှိတဲ့သူတွေပဲ ဆက်အုပ်ချုပ်ကြမှာလေ...
ရဲလုပ်ငန်းက လုပ်ငန်းရှင်တွေ၊ခရိုနီအသေးစားတွေ တော်လှန်ရေးကို ဘယ်လောက်လှူထားတယ် ဆိုတဲ့ သူတွေရဲ့ ဆွေမျိုးတွေနှင့်လည်း တွေ့ရမှာ မုချပါပဲ...ဥပဒေ မျက်နှာတစ်ခုတည်းကို နှလုံးသွင်းနိုင်ဖို့ အရေးအကြီးဆုံးပါ...အဲ့တာကပဲ တော်လှန်ရေးကို မယိုင်လဲမှာ...ဆွေမျိုးအချင်းချင်း၊ညီကို အချင်းချင်း ဖြစ်တဲ့ ပြစ်မှု့တွေကိုလည်း သွေးပူတုန်း တိုင်တန်းလာ တဲ့ အခါ အမှု့ဖွင့်၊အမှု့တစ်ခုလုံးကို သက်သေနှင့်တကွ အစအဆုံးတည်ဆောက်၊တရားရုံးကို တရားစွဲတင်ပြီးမှ သွေးအေးသွားတဲ့ အခါ အမှု့ရုတ်သိမ်းလွှာတင်ပြီး ကြေအေးသွားကြတာတွေ ကြုံရမှာပဲ...ကိုယ့်မှာတော့ အလုပ်လိုက်မမှီတဲ့ ကြားက အချိန်ကုန်၊အပင်ပန်းခံ၊မရမက သက်သေတိုင်းကို လိုက်စစ်ပြီး အမှု့တည်ဆောက်ထားရတယ်၊အမှု့သွားရောက်စစ်ဆေးခြင်းတွေအတွက် တော်လှန်ရံပုံငွေတွေကုန်ကျခဲ့တယ်ဆိုပေမယ့်...ဒီလိုပြည်သူ့ဝန်ဆောင်မှု့အတွက် တော်လှန်ရေးလုပ်နေတာကို သိထားဖို့လိုပါတယ်...တချို့သက်သေတွေကို တရားရုံးက ဆင့်ခေါ်တဲ့အခါ ရပ်ရွာအေးချမ်းသာရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးဖို့ထက် ပြည့်စုံနေတဲ့ အစိုးရတစ်ရပ်လို အမိန့်၊အာဏာတွေနှင့် မဆင့်ခေါ်မိဖို့လည်းလိုအပ်ပါတယ်...စည်းရုံးရေးအတွက်ဆိုရင် ပါးစပ်က မမြှုတ်ထွက်သွားအထိ သည်းခံရတာပါပဲ...
ပြည်မ တော်လှန်သူတွေထံ အကြံပြုချက် ။ ။
ကျနော် ဒီအကြောင်းအရာတွေ ပြောရခြင်း ရည်ရွယ်ချက်က တော်လှန်တပ်တည်ဆောက်မယ်ဆိုရင် ပြတ်သားတဲ့ မူဝါဒက အရမ်းအရေးကြီးတယ်လို့ ပြောချင်တာပါ...ပြည်သူ့အသက်တွေ စတေးရတဲ့ "ပွဲမှာ" အထက် အောက် ပြတ်သားတဲ့ အမိန့်စီးဆင်းမှု့လိုတယ်၊ဩဇာကြီးလာအောင် တစ်ယောက်ယောက်ကို ပံ့ပို့ဖို့လိုတယ်၊သက်ဆိုင်ရာ ရည်ရွယ်ထားတဲ့ အောင်ပွဲခံ နယ်မြေလိုတယ်...စုပေါင်း ခေါင်းဆောင်မှာတို့၊ဝါးစည်းပြို သလို ပြိုနေတာတို့၊မလိုအပ်တဲ့ နေရာ ဖောင်းပွနေတာတို့၊ကိုယ့်အတွက် ကိုယ်မလုပ်ဘဲ အများနှင့် လိုက်ယောင်တာတို့ ဒီအချိန်မှာ ထားခဲ့ သင့်ပြီ...အမေရိကန်ပြည်သူတွေတောင် ကမ္ဘာကြီးအတွက်လုပ်နေတဲ့ ဒီမိုကရစ်တက်ကို ထားခဲ့ပြီး ကိုယ့်အတွက်လုပ်မယ့် ထရမ့်ကို ရွေးချယ်သွားတဲ့ ကမ္ဘာကြီးမှာ...အရှေ့အလယ်ပိုင်း အရေးနှင့်တောင် ဒစ်လည်နေတဲ့ အနောက်မျှော် ဝါဒကိုထားခဲ့ပြီး မြန်မာရပ်ကွက်ကို အပိုင်စားရနေတဲ့ အာရှဓါးမြနှင့် ဘယ်လိုပေါင်းမလဲ ကြည့်သင့်တာ ပထမဟိုက်ဂင်၊ဒုတိယဟိုက်ဂင် ကတည်းကပါ...အခုတော့ ပြည်ပနေ ပြည်သူတွေရဲ့ မြေပြင်နားမလည်မှု့ကို အခွင့်အရေးယူပြီး ဒေါ်လာစားဘဝနှင့် အနောက်မျှော် ဝါဒကြောင့် တရုတ်တောင် ဘက်ပြောင်းနေပြီ...
ကျနော်ကတော့ မြန်မာဆိုတာ တိုင်းရင်းသားတွေ အကုန်ပေါင်းလိုက်မှ မြန်မာလို့ ထင်တယ်...ငါတို့က မြန်မာတွေ... မင်းတို့က တိုင်းရင်းသားတွေလို့ ပြောသံတွေ ခဏ ခဏကြားဖူးတယ်...မြန်မာနှင့်ဗမာကို မကွဲသေးတဲ့ သူတွေကို ဗမာခေါင်းဆောင်တွေ ပြင်ပေးဖို့ သင့်နေပါပြီ...မြန်မာထဲကမှ ဗမာဆိုတာ တိုင်းရင်းသားတစ်ခု၊ERO တစ်ခုလို့ မစဉ်းစားနိုင်ကြတာကို ကျနော် အံ့ဩပါတယ်...(ရွှေကိုစား ကြတဲ့သူတွေ ဆိုရင်တော့ ကျနော်ပြောတာ ဝန်နာမိပါ)
ဗမာတိုင်းရင်းသားမှာ ဘိုးဘွားပိုင်မြေ မရှိတာလည်း မဟုတ်၊သီချင်းတွေ ကဗျာတွေ ရေးဖွဲ့ရတဲ့အထိ ကြီးကျယ်တဲ့ ဧရာဝတီမြစ်ကိုလည်း ဘယ်နားသွားထားကြတယ်မသိ၊ကမ္ဘာလှည့် ခရီးသွားတွေအတွက် ဆွဲဆောင်ရာ တကယ့်ကို ကြီးမြတ်တဲ့ ပုဂံ၊ဦးပိန်၊ပိဿနိုး၊အင်းဝ၊သရေခေတ်တရာကိုလည်း ဘယ်နားသွားထား မသိ၊အသင့်/အတင့်သော ပြည်မက စက်ရုံ၊အလုပ်ရုံ၊ခေတ်မှီစက်တွေနှင့်ဆေးရုံ၊နိုင်လွန်ကတ္တရာလမ်းတွေနှင့်တံတားတွေကိုလည်း ဘယ်နားသွားထားတယ်မသိ...အပြိုင်၊အဆိုင် လိုက်မယ်ဆိုရင် တိုင်းရင်းသားတွေကဖင်မှာ ဂျက်တပ်ပြီး လိုက်ရင်တောင် မှီဖို့ မလွယ်တဲ့ ပညာတတ်လူငယ်၊လူရွယ်တွေကို ပိုင်ဆိုင်ထားတဲ့ ခေါင်းဆောင်တွေက ဓမ္မ၊ဓမ္မလို့ အော်ပြီး မရ၊မက တိုင်းရင်းသားတွေကိုလိုက်ဆွဲနေတဲ့ မူဝါဒနှင့် ကိုယ့်အတွက် ကိုယ်လုပ်ဖို့ မေ့နေတယ်...အဆင်ပြေရင် သူ့ဟာသူ လာပေါင်းကြပါလိမ့်မယ် ဆိုတဲ့ ဘာမှခွဲခြားခြင်းမရှိ၊ပြတ်သားတဲ့ လူငယ်ကဗျာဆရာခေါင်းဆောင် တစ်ယောက်တော့ တွေ့မိတယ်...ကျနော့်အမြင်တော့ ပထဝီ အနေအထားအရ အဆင်ပြေရင် မပေါင်းချင်တဲ့ သူလည်း မရှိဘူးထင်တယ်...ဒါပေမဲ့ ကိုယ့်ကို အပေါ်စီးက အမြဲဆက်ဆံတတ်တဲ့ သူငယ်ချင်းနှင့်တော့ အားဓမ္မနှင့်မဟုတ်ရင် ဘယ်သူမှ မပေါင်းချင်ကြဘူး ထင်ပါတယ်...
နိုင်ငံရေးမှာ မအလကိုသာ အနားမယူကြဘူး ပြောကြတယ်...ကိုယ်တိုင်လည်း နိုင်ငံရေးအကြံပေးနေရာမှာ နေရမယ့်သူတွေက၊နိုင်ငံရေးပရဟိတသမားနေရာမှာ နေရာမယ့်သူတွေက၊နိုင်ငံရေးပွဲစား(စေ့စပ်ညှိနှိုင်းသူ)နေရာမှာ နေရမယ့်သူတွေက အတွေးအခေါ်ဟောင်းတွေနှင့် လူငယ်တွေကို ဦးဆောင်ခွင့်မပေး၊ဆုံးဖြတ်ခွင့်မပေးဘဲ ကိုယ်တိုင်တက်ပြီး ခေါင်းဆောင်ယောင်ယောင်၊ NGO ယောင်ယောင်နှင့် ဘာဩဇာမှ မရှိပြန်ဘူး...ကိုယ်ထူ၊ကိုယ်ထ တပ်တွေကို မူဝါဒ အလွဲနှင့် အပေါ်က တက်ထိုင်တော့ တချိန်မှာ မှန်တဲ့ မူဝါဒရှိတဲ့ တပ်တွေဆီ သွားပေါင်းမယ့် တပ်တွေကလည်း ထုံသလို၊နုံသလို ဖြစ်ကုန်ရော...မူဝါဒမှန်တဲ့ တပ်တွေကလည်း လမ်းတွေ ပိတ်တော့ မထူနိုင်၊မထနိုင် ဖြစ်ပါလေရော...
မူဝါဒ လွှဲမှားမှု့ရဲ့ ကြောက်မက်ဖွယ်ရာ ဖြစ်ရပ်က တိုင်းပြည်ကို ဘဝနှင့် ရင်ပြီး ချစ်တဲ့ ဩဇာကြီး ပုဂ္ဂိုလ်ကိုတောင် စင်္ကာပူကို ကျော်နိုင်မယ့် နိုင်ငံရေး ကတိ၊ကဝတ်တွေကို ဖြည့်ဆည်းခွင့်မရခဲ့ဘဲ ဖေဖေ တည်ထောင်ခဲ့တဲ့တပ်မတော်ကြီးအတွက် ICJကို ပြေးကာရတာနှင့်ဟိုအဖွဲ့ကို အကြမ်းဖက် ကြေငြာရတာနှင့် နောက်ဆုံးတော့ ဘဝရဲ့ အချိန်အများစုကို ထောင်ထဲမှာ ကုန်ဆုံးရတဲ့ ဖြစ်ရပ်ပါပဲ...
လက်ရှိ အချိန်မှာတော့ ပြည်သူ အများစုက AAကို အားကျ နေကြတာကို တွေ့ရတယ်...မူဝါဒမှန်တဲ့ ပြတ်သားတဲ့ လူငယ်ခေါင်းဆောင်ဦးဖို့ ပံ့ပိုးပေးကြတာကို....ဗိုလ်မှူးကြီးကျော်ဟန်တို့၊ဦးခိုင်သူ့ခတို့ဆိုတာ ဗိုလ်ချုပ်ထက် တော်လှန်ရေး ဿဘာအများကြီးရင့်ပေမယ့် လူငယ်ဖြစ်တဲ့ ဗိုလ်ချုပ်ကို ဆုံးဖြတ်ခွင့်ပေးတယ်၊ဦးဆောင်ခွင့်ပေးတယ်၊ဦးဦးလှစောတို့လို ဝါရင့်နိုင်ငံရေးသမားတွေက အကြံပေးဘဲ လုပ်တယ်...နိုင်ငံရေး ပရဟိတသမားလုပ်ရမယ့်သူတွေက နိုင်ငံရေး ပဟိတ သမားပဲ လုပ်ကြတယ်၊ပွဲစားလုပ်ရမယ့်သူတွေက ပွဲစားလုပ်ကြတယ်...သူ့နေရာနှင့်သူ အင်ဝင်ဂွင်ကျဖြစ်လာဖို့ ပြည်သူတွေက တွင်းအားပေးတယ်...လက်ရှိ ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟန်အောင် ထောင်ထဲက အတူတူထွက်လာတဲ့ သူတွေကိုပဲ ကြည့်လို့ရပါတယ် နိုင်ငံရေး ပရဟိတသမား ဖြစ်ရမယ့်သူက သူ့လမ်းသူ ဖြောင့်ဖြောင့် သွားတယ်...ပြည့်သူ့ အချစ်တော်ဖြစ်တယ်...အကြံပေးနေရာကို သွားရမယ့်သူက ဦးဆောင်ဖို့ပဲ အာရုံစိုက်တော့ ပြည်သူ့ ချဉ်ဖတ်ဖြစ်တယ်...
အဲ့ဒီတော့ ပြည်မမှာ မကြာခင် ဖြစ်လာတော့မယ့် ချဉ်ဖတ်လောင်းတွေ...မြန်မာပြည်ဖွဲ့စည်းရေးကို ခဏ ချန်ထားပြီး...ဗမာပြည်ဖွဲ့စည်းရေးကို လုပ်ပါ....မြေနေရာသတ်မှတ်ပါ အမျိူသားရေးက အလိုလို ညီညွတ်လာပါလိမ့်မယ်... Never Non National United Government အလုပ်မဖြစ်ဘူးဆိုတာ ခင်ဗျားတို့ မျက်ဝါးထင်ထင် မြင်နေရပြီလေ...
ခင်ဗျားတို့ အားပေးထောက်ခံမှု့နှင့် အများကြီးသက်ဆိုင်တာကို သိထားပါ...