23/10/2024
ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများသို့ အသိပေးခြင်း
(၂၃-၁၀-၂၀၂၄)
၁။ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာလုပ်သားများအား ထိုင်းနိုင်ငံအစိုးရအဖွဲ့၏ ၂၄-၉-၂၀၂၄ ရက်နေ့၌ ထုတ်ပြန်ခဲ့သော အတည်ပြုဆုံးဖြတ်ချက်အရ-
(က) ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားအလုပ်သမားဖြစ်စေ၊ တရားဝင်ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့်ရရှိပြီးမှ သက်တမ်းကုန်သွားသူများဖြစ်စေ၊ တရားဝင် ဝင်ရောက်လာခဲ့သော်လည်း ခွင့်ပြုချက်မရဘဲ တရားမဝင် အလုပ်လုပ်ကိုင် နေသူဖြစ်စေ ထိုင်းနိုင်ငံတွင်း ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့် လျှောက်ထားနိုင်သည်၊ ခွင့်ပြုချက် ရရှိပြီးပါက ထိုင်းနိုင်ငံတွင်း၌ (၁) နှစ် နေထိုင်အလုပ်လုပ်ကိုင်နိုင်မည်။
(ခ) MoU လုပ်သားများကဲ့သို့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့အထိ အလုပ်လုပ်ကိုင် ခွင့်ပြုထားသည့် နိုင်ငံကူးလက်မှတ် (သို့မဟုတ်) မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် ကိုင်ဆောင်ထားသော အလုပ်လုပ်ကိုင်ခွင့်ပါမစ် သက်တမ်းတိုးမည့် နိုင်ငံခြားသား အလုပ်သမားများအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့အထိ အလုပ်လုပ်ကိုင် ခွင့်ပြုထားသည့် စီမံချက်ဖြစ်ရာ ဆက်လက်၍ (၂) နှစ်သက်တမ်းရှိသော ထိုင်းနိုင်ငံတွင်း ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့် လျှောက်ထားနိုင်သည်၊ ဆက်လက်၍ (၂) နှစ် သက်တမ်းတိုးခွင့်ရှိပြီး စုစုပေါင်း (၄) နှစ် ခွင့်ပြုမည်။
(ဂ) နိုင်ငံခြားသားအလုပ်သမားများအတွက် အဆင်ပြေချောမွေ့စေရန် ထပ်မံဖြည့်စွက်သော စီမံချက်အနေဖြင့် အလုပ်ဟောင်းမှထွက်ပြီး အလုပ်ရှင်သစ် ရှာဖွေနိုင်သည့် အချိန် ကာလကို ယခင်က ရက် (၃၀) သတ်မှတ်ထားရာမှ ရက်ပေါင်း (၆၀) တိုးမြှင့်သတ်မှတ် ပေးခြင်းတို့အပြင် အလုပ်ရှင်အသစ် ထပ်တိုးခြင်း သို့မဟုတ် အလုပ်ရှင်အသစ်ပြောင်း ခြင်းကိုသာ ဖြည့်စွက်ရန် ဖြစ်ပြီး အလုပ်ခန့်ထားမှုဆိုင်ရာ အချက်အလက်များကို မှတ်ပုံတင်အရာရှိထံသို့ တင်ပြခြင်းကို လည်း ကင်းလွတ်ခွင့်ပြုလိုက်သည်။
၂။ သို့ဖြစ်၍ MoU သက်တမ်းကုန်နေသော မြန်မာလုပ်သားများအနေဖြင့် မိမိ၏ နိုင်ငံကူး လက်မှတ်တွင် သက်တမ်းအနည်းဆုံး ၂ နှစ်ခန့် ကျန်ရှိရေး၊ CI စာအုပ် ကိုင်ဆောင်ထားသူများအနေဖြင့် လည်း သက်တမ်း ၂ နှစ်ခန့် ကျန်ရှိစေရေး ပြုလုပ်ထားရန် လိုအပ်ပါသည်။
၃။ နိုင်ငံကူးလက်မှတ်အသစ်များ လဲလှယ်ခြင်းကို မြန်မာသံရုံး (ဗန်ကောက်) နှင့် ကောင်စစ်ဝန် ချုပ်ရုံး (ချင်းမိုင်)တို့၌ ဆောင်ရွက်ပေးလျက်ရှိပါသည်။ သက်တမ်းကုန်/ သက်တမ်းမပြည့်မီ သော CI စာအုပ်အဟောင်းများအား CI စာအုပ်အသစ် လဲလှယ်နိုင်ရေး စခန်းဖွင့်လှစ် ဆောင်ရွက်နိုင်ရန် နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်လျက်ရှိသောကြောင့် လဲလှယ်ရမည့်နေရာအား ထပ်မံအသိပေးသွားမည်ဖြစ်ပါသည်။
(ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ)