11/08/2026
📢 "ကျနော်ပြောတဲ့ narrative ကို အဓိပ္ပါယ်ဖွင့်ခြင်း"
📰 ဒီမနက် လိုင်းဖွင့်လိုက်တာနဲ့ "ထိုင်းလူမျိုးတွေရဲ့အလုပ်ကိုင်တွေကိုခိုးယူခြင်း" ဆိုတဲ့ခေါင်းစဉ်ဆာဆာကြီးကိုဖတ်လိုက်တော့ အရမ်းကိုလန့်သွားတာပဲ။
သတင်းကတော့ ချင်းမိုင်ကစျေးတစ်ခုထဲမှာ မြန်မာတစ်ယောက် လုပ်ခွင့်မရှိတဲ့ စျေးရောင်းတာကို ထိုင်းဥပဒေအရဖမ်းဆီးတာပါ။
နောက်တစ်ခုရှိသေးတယ်။ ချင်းမိုင်မှာ မြန်မာဒရိုင်ဘာမောင်းပြီး ကိုရီးယားတစ်ယောက်စီးနင်းတဲ့ ကားမီးလောင်တာ သတင်းတစ်ခုတွေ့တယ်။ သာမန်ကား အက်ဆီးဒင့် ဖြစ်တဲ့ကိစ္စက ဘယ်လိုဖြစ်လို့ မြန်မာတစ်ယောက်ဆိုတဲ့ဟာက အသားပေးဖော်ပြနေတာလဲ။
👍 ဒါပေမယ့် အဲ့လိုသတင်းတွေက ထိုင်းတွေအတွက် ဆွဲဆောင်မှုရှိတဲ့သတင်းဖြစ်နေဆဲပါပဲ။ အရမ်းကို အလုပ်ဖြစ်ပါတယ်။ လူ့သဘာဝအရကို ခွေးနှစ်ကောင်ကိုက်ရင် ကိုယ့်ခွေးအနိုင်ရစေချင်တယ်။ ဟိုဘက်ရပ်ကွက်ကခွေးနဲ့ ဒီဘက်ရပ်ကွက်ကခွေးကိုက်ရင်တောင် ကိုယ့်ရပ်ကွက်ကခွေး အနိုင်ရစေချင်တယ်။ ကိုယ့်နိုင်ငံနဲ့သူများနိုင်ငံ ဘောလုံးကန်ရင် ကိုယ့်နိုင်ငံပဲ အနိုင်ရစေချင်တယ်။ ကန်တဲ့သူတွေကိုတစ်ယောက်မှမသိဘူး၊ ဘယ်သူပဲကန်ကန်။
အဲဒီလို ကိုယ့်အတ္တနဲ့မျိုးချစ်စိတ်ပေါ် အခြေခံပြီးတော့ဖြစ်လာတဲ့ ဘက်လိုက်မှုတွေက လူတိုင်းမှာ နိုင်ငံတိုင်းမှာရှိပါတယ်။ အဲဒါလူ့သဘာဝလေ။
👉 စနေနေ့က ကျနော် မဲ့ကပေါင်သွားခဲ့တယ်။ မြန်မာတွေချည်းပဲ။ ကော်ဖီဆိုင်မှာမြန်မာတွေချည်းပဲ။ ၇၀ရာခိုင်နှုန်းလောက်ရှိတယ်။ ကိုရီးယားနဲ့ တရုတ်မိသားစုတစ်စု ထိုင်းမိသားစုတစ်စု၊ ဒါပဲ။ ကျန်တာမြန်မာတွေချည်းပဲ။ အဖြူတွေကတော့ မယ့်ကပေါင်ကို သိပ်မလာတတ်ကြဘူး။ အဲဒီမှာ ကျွန်တော်စဉ်းစားမိတာကတော့ ကျနော် Mon Jam သွားလည်း မြန်မာတွေချည်းပဲ။ Doi Inthanon သွားလည်းမြန်မာတွေချည်းပဲ။ Doi Suthep ဘုရားသွားလဲမြန်မာတွေချည်းပဲ။ ဒီလိုခရီးသွားနည်းပါးတဲ့ရာသီမှာ မြန်မာတွေအများကြီးဖြစ်နေတာက ထိုင်းရဲ့ခရီးသွားလုပ်ငန်းမှာဘယ်လောက်ထိ ဝင်ငွေရစေသလဲ။ ဟိုတယ်တွေ၊ ကော်ဖီဆိုင်တွေ၊ ဘုရားဝင်ကြေးတွေ။ တွက်ကြည့်ရင် အများကြီးပဲ။
⁉️ "မဲ့ကပေါင် စားသောက်ဆိုင်တွေမှာ ဝယ်ယူစားသောက်နေကြတဲ့ခရီးသွားတွေထဲမှာ မြန်မာခရီးသွား ၇၀ရာခိုင်နှုန်းလောက်ရှိနေ" လို့ ဘယ်သတင်းမီဒီယာမှ မဖော်ပြဘူး။
⁉️ထိုင်းအိမ်ရှင်တွေ Deposit money ပြန်မပေးချင်လို့ စာရင်းတွေလိမ်ပြတာတွေ၊ လုံးဝပြန်မပေးလဲ အမှုစွဲလို့မရတာတွေ ဘယ်သတင်းမီဒီယာမှ မဖော်ပြဘူး။
ဟိုတလောက ထိုင်းတက္ကသိုလ်တစ်ခုရဲ့ သုတေသနစာတမ်းအရ ထိုင်းရဲ့စီးပွားရေးမှာ "မြန်မာတွေထိုင်းမှာ ၂ဘီလီယံလောက် လှည့်ပတ်သုံးစွဲနေတယ်" လို့ဖော်ပြထားခဲ့တယ်။ အဲဒါလေးတစ်ခုပဲတွေ့ဖူးတယ်။
👉 ဟိုတရက်က ကျွန်တော်တို့ နောင်ဝိုင်ထဲက ထိုင်းဆိုင်တခုမှာ နေ့လည်စာ သွားစားခဲ့ကြတယ်။ ထိုင်းအများကြီးပဲ၊ အုန်းအုန်းကျက်ကျက်နဲ့။ မြန်မာတွေလည်း လာစားကြတယ်။ အဲဒီလိုမျိုး အလားတူ ထိုင်းတွေအများကြီး အုန်းအုန်းကျက်ကျက်နဲ့ ထမင်းလာစားတဲ့ မြန်မာစားသောက်ဆိုင်တော့ ကျွန်တော်မတွေ့ဖူးသေးဘူး။
📝 အခုမြန်မာတွေကြောင့် စီးပွားဖြစ်ခဲ့၊ နေသော ထိုင်းစီးပွားရေးလုပ်ငန်းများကို ကျနော်ချရေးပြပါမယ်။
လက်ရှိ ထိုင်းတစ်နိုင်ငံလုံးမှာ မြန်မာ ၄သန်းလောက်ရှိတယ်။ ကျနော်၂၀၂၂ မှာ စရောက်တော့ အရင်ဆုံး Apartment နေတယ်။ အဲဒီအချိန်က ဗီယက်နမ်ကျောင်းသားတချို့လောက်ပဲရှိတယ်။ နောက်တော့ condo ပြောင်းတယ်။ အခုလုံချင်းအိမ်ငှားနေတယ်။
အဲဒီကစပြီးပြောရရင် တစ်လကို
✅ ၂၅၀၀-၃၅၀၀ ဝန်းကျင်ဝန်းကျင်ပေးရတဲ့ Apartment တွေ , hostel တွေ
✅ ၅ထောင်ကနေ တစ်သောင်းဝန်းကျင်ပေးနေရတဲ့ condo တွေ
✅ ၈ ထောင်ဝန်းကျင်ကနေ တစ်သောင်းခွဲ လောက်ထိပေးရတဲ့လုံခြင်းအိမ်တွေ
✅ တသောင်းခွဲအထက်ဗီလာတွေမှာ ငှားနေကြတဲ့ မြန်မာတွေကြောင့် အဲဒီစီးပွားရေးလုပ်ငန်းတွေက သန်းနဲ့ချီပြီးဝင်ငွေရနေတာ၊ ရနေဆဲပါ။
Before coup တုန်းက immigrants အဲဒီလိုမျိုးမသုံးပါဘူး။ မသုံးနိုင်ပါဘူး။ After coup မှရောက်လာကြတဲ့ new immigrants တွေက အဲဒါတွေကို သုံးစွဲကြတာပါ။
ဒါပေမဲ့အဲဒီ အချက်လက်တွေကိုဘယ်သူမှ အတိကျမဖော်ထုတ်ကြဘူး။ ဘယ်သူမှအဲဒါကို သတင်းလုပ်ပြီး မတင်ဘူး။ ဘာလို့လဲဆိုတော့ ကျနော်ပြောခဲ့သလိုပဲ လူသဘာဝအရ သူတို့အသာစီးရတဲ့ဟာတွေက ဟော့ဖြစ်တဲ့သတင်းတွေမဟုတ်ဘူးလေ။
♥️ ဒါပေမဲ့ ကျနော်တို့နဲ့တိုက်ရိုက်ဆက်ဆံနေကြတဲ့ ထိုင်းတွေကတော့ ကျနော်တို့ကြောင့် သူတို့စီးပွားရေးဖြစ်တဲ့အခါအရမ်းပျော်ရွှင်နေကြတယ်၊ ဖော်ရွေကြတယ်၊ ပြုံးနေကြတယ်။ ကျနော်တို့ကြောင့်သူတို့မှာ အခန်းတွေပြည့်တယ်။စျေးတွေရောင်းရတယ်။ ဝင်ငွေတွေရနေကြတယ်ဆိုတာကို သူတို့ကိုကြည့်တာနဲ့ သိသာပါတယ်။ ကျနော်တို့ကိုလည်း လိုလိုလားလားနဲ့ ကြိုဆိုဆက်ဆံကြတယ်။
ကျနော်ကတော့ ဒီ Positive narrative ကို ပြန်ပြီးတော့ အခုဒီစာကိုဖတ်နေတဲ့ ထိုင်းတွေကိုရော၊ မြန်မာတွေကိုရော ပြချင်တာပါ။ ဘာလို့လဲဆိုတော့ ဟိုတနေ့ကပို့စ်ကို ထိုင်းတစ်ယောက်လာ မန့်ပြီး သူတို့ရဲ့ ခံစားမှုကိုရိုးသားစွာဖော်ပြတဲ့အတွက် ကျွန်တော်လည်း ရိုးသားစွာရှင်းပြခွင့်ရှိတယ်လို့ယုံကြည်ပြီး ရှင်းပြတာပါ ။
ထိုင်းနဲ့မြန်မာချစ်ခြင်းခိုင်မြဲပါစေ။
🇲🇲♥️🇹🇭
💖💖💖
အိုင်ဗန်
Ivan's J-ni
#ချင်းမိုင်