17/11/2025
-ကျွန်တော့်လက်ဖြင့်ကြဲပက်ထားသော ပုံတိုပတ်စလေးများ-
နိုင်းဆက် (မင်းမြို့ရိုး)
( ၁ )
ရွှံ့တုံးတစ်တုံးအား ဝလုံးတစ်လုံး လုံးကြည့်ဖူးသည် ။ ထပ်ခါထပ်ခါပိန်ပိန်သွား၏ ။
စိတ်မရှည်တော့၍လွင့်ပစ်လိုက်သည် ။
လုံးလုံးလုံးလုံးဖြင့်လိမ့်သွားသည် ။
( ၂ )
အရှေ့ကိုလျှောက်ရမည်လော ။
အနောက်ကိုလျှောက်ရမည်လော ။
ဘယ်ကိုမှမရောက်ပဲ တွေးတောရင်းနှင့်သေသွားကြသည် ။
( ၃ )
အစွယ်ကိုထုတ်ပြမှ အဆိပ်ကိုမြင်ရမည်လား ။
နဂါးကြီးနှင့်ကျွန်တော် စကားများကြသည် ။
( ၄ )
အချစ်ကိုကျွန်တော်ချစ်ပါသည် ။
အချစ်ကားကျွန်တော့်ကိုမချစ် ။
ကျွန်တော့်ကိုချန်ထား၍ အသစ်ရှာရန်ထွက်သွားသည် ။
( ၅ )
ဘာသားနှင့်ထုဆစ်ထားကြသနည်း ။ ထိုသူတို့၏ကမ်းတစ်ဖက်တွင်
ငရဲပန်းနီပင်များ ထစ်ချုန်းဆူပွက်ပွင့်လျှက်ရှိသည် ။
( ၆ )
နွေကိုကျော်ပြီး မိုးကိုမျှော်ကြည့်မှ ပိုပူလာသလိုခံစားရသည် ။
( ၇ )
ငယ်ငယ်က မိုးရေထဲတွင်ရပ်ပြီး တိမ်ဆိုင်ညိုမဲတွေကိုမော့ကြည့်ကာ
ခေါင်းပေါ်ဘယ်တော့ပြိုကျလာလေမလဲ.. ကြောက်ခဲ့ရသည် ။
( ၈ )
ရူးနေသူနှင့်မူးနေသူတို့အကြား ညီမျှခြင်းတစ်ခုခြားသည် ။
( ၉ )
ခြေဆောင့်ထွက်သွားသောချစ်သူကို ကျွန်တော်မတားဖြစ် ။
ဖိနပ်ကလေးကိုတော့ သနားမိသည် ။
( ၁၀ )
လသာသောညများတွင် ကလေးငယ်များဆော့ကစားနေကြ၏ ။
မိုက်မှောင်သောညများတွင်ကား......
လမ်းမီးတိုင်ကြီးက အိပ်ချင်ယောင်ဆောင်ပြသည် ။
( ၁၁ )
အားလုံးကို ကောင်းသောမျက်စိအစုံဖြင့်ကြည့်နေပါသည် ။
ကျွန်တော့်ထံသို့လည်း ဖုန်ညိုညစ်ထေးအမှိုက်ဆွေးတို့နှင့် မပစ်ကြရန်မှာချင်ပါသည် ။
( ၁၂ )
ကျွန်တော်တို့တွင် များစွာသောပန်းပွင့်ငယ်တို့အား ခူးခြွေနိုင်သောလက်များရှိကြ၏ ။
များစွာသောပန်းပင်ငယ်တို့အား စိုက်ပျိုးနိုင်သောလက်များလည်း ရှိကြသည် ။
( ၁၃ )
အချစ်.. အမုန်း.. သူ့ကိုကျွန်တော်ရှုံးပါသည် ။
( ၁၄ )
အိပ်မက်ဦး၌ သူမနှင့်ပျော်ဖူးခဲ့သောပန်းညများစွာကို
ကျွန်တော့်ဒိုင်ယာရီတွင် ရွှေရောင်မျဉ်းတား၍မှတ်သားထားလိုက်သည် ။
( ၁၅ )
ကျွန်တော့်တွင် စီးနေကျခုံဖိနပ်အဟောင်းတစ်ရံရှိသည် ။
ကြာလာသောအခါ လမ်းလျှောက်တိုင်းတစ်ဂွပ်ဂွပ်မြည်ပေးနေရရှာသောသူ့ကို သနားမိသည် ။
သနားမိသဖြင့် လှပသစ်လွင်သောဖိနပ်စင်မြင့်ပေါ်တွင် တင်ထားပေးလိုက်သည် ။
ထိုအခါမှစ၍ " သနားကြပါ " ဟူသောအသံအား
ခုံဖိနပ်လေးထံမှ ပုံမှန်ကြားရပါသည် ။
( ၁၆ )
လူတစ်စု၏အလယ်၌ စားပွဲတစ်ခုရှိသည် ။
ဘာတွေရေးခြစ်ကြဦးမည်နည်း ။
နှစ်အတန်အကြာ ရူးပစ်လိုက်ချင်ပါသည် ။
( ၁၇ )
တစ်ခါတစ်လေတော့လည်း
လောကဓံကိုမြေနိမ့်နိမ့်မှာချပြီး လှံနဲ့စိုက်ရကောင်းမလားဟု..
ကျွန်တော်
လူသားဆန်စွာတွေးကြည့်ဖူးပါသည် ။
( ၁၈ )
သူကျွန်တော့်ကိုမသိပါ ။
ကျွန်တော်သူနှင့် မိတ်ဆွေဖြစ်ချင်ပါသည် ။
ကျွန်တော့်ဘက်ကစ,မိတ်ဆက်ရန် သူ့ထံအကြံတောင်းရင်ကောင်းမလား ။
စဉ်းစားရပါမည် ။
( ၁၉ )
ပွင့်လင်းရိုးသားစွာဝန်ခံရရင် သူ့ကိုကျွန်တော် ပိုင်ချင်ပါသည် ။
( ၂၀ )
ကျွန်တော့်ကို လူကောင်းဟုပြောသောလူတစ်ချို့နှင့်
လူရှုပ်ဟုပြောသောလူတစ်ချို့လည်းရှိနေကြောင်း..
သူငယ်ချင်းမှတစ်ဆင့် ပြန်သိရလေသည် ။
ရှင်းပြရသည့်အလုပ်က တော်တော်ရှုပ်သည် ။
ရယ်ကျဲကျဲသာ လုပ်နေလိုက်ပါသည် ။
( ၂၁ )
ချစ်သူ့နာမည်ကိုအခါခါအော်ခေါ်ရေရွတ်မိသည် ။
ဟိုသီချင်းထဲကလိုပါပဲ ။ ရွှေပြည်တော်ကလည်းမျှော်တိုင်းဝေးလို့နေသည် ။
( ၂၂ )
ဘာနဲ့မှလက်တုံ့မပြန်လို ။ ပေ၍သာခံချင်ပါတော့သည် ။
လောကတွင် အနှောင့်လား.. အသွားလား..
ခွဲခြားရခက်သော လူသားများစွာရှိလေသည် ။
( ၂၃ )
အစစအရာရာဂရုစိုက်ပါဟု ချစ်သူကပြောသည် ။ ထိုစကားတစ်ခွန်းတည်းနှင့်ပင်
ကျွန်တော့်ဆီမှ အစစအရာရာအား သူမ ယူသွားသည် ။
( ၂၄ )
ကျွန်တော့်တွင် ဝယ်လာပြီးမှမရေးဖြစ်သောဒိုင်ယာရီစာအုပ်များစွာရှိသည် ။
လူငယ်တစ်ယောက်၏မဖြောင့်တန်းသောလမ်းများမှာ လေးလံကြမ်းတမ်းလှသည် ။
ဘာမှမရေးဖြစ်တာ ကောင်းပါသည်။
ဗလာရောင်သိပ်သည်းမှုဖြင့် သူတို့.. ပေါ့ပါးလွတ်လပ်ကြသည် ။
( ၂၅ )
ပုခက်ထဲဝင်ပြီးလှဲအိပ်ချင်မိသည် ။ မေမေရေ.........။
( ၂၆ )
ခရီးသွားလူတစ်စုကိုမကြာခဏတွေ့ရဖူးပါသည် ။
ဝန်စည်စလှယ်များလွယ်ထားကြ၏ ။
ကျွန်တော်တို့သည်လည်း သံသရာခရီးသွားများဖြစ်ကြသည် ။
ဘာတွေသယ်သွားကြမည်နည်း ။
ပြန်ငုံ့ကြည့်လိုက်ရုံဖြင့်ပင် ဆိုက်ရောက်ရမည့်နေရာအား
တွက်ဆသိမြင်နိုင်ပါသည် ။
( ၂၇ )
သေချာပေါက်ရောက်နိုင်သောအားနှင့် ကောင်းကင်သို့ပစ်တင်လိုက်သည် ။
ထိုအားထက်ပိုသောအားတစ်ခုဖြင့် ကျွန်တော်ထံပြန်ကျလာသည် ။
မနက်ဖြန်တွင် သူမကိုချစ်မိနေကြောင်းဖွင့်ပြောတော့မည် ။
( ၂၈ )
တစ်ချို့လူများက ခြေထောက်ဖြင့်လျှောက်ကြသည် ။
တစ်ချို့လူများက ဦးနှောက်ဖြင့်လျှောက်ကြသည် ။
ပန်းတိုင်ကတော့ပိုဝေးမသွား ။ ခြေထောက်သမားများ
နောက်ကျကျန်ခဲ့သည် ။
( ၂၉ )
လေးလံလွန်းလှပါပြီ ။ ဘာကိုမှချန်မထား ။ အားလုံးကို ပေးလိုက်တော့မည် ။
( ၃၀ )
ဤစာကို ကျွန်တော်ရေးပါသည် ။ ဘာတစ်ခုမျှကန့်သတ်မထားပါ ။
သင်တွေးတတ်သလို.. တွေးချင်သလိုတွေးနိုင်ပါသည် ။
ကျွန်တော်လည်း
ရေးတတ်သလို.. ရေးချင်သလို ရေးထားသောကြောင့်ဖြစ်သည်။
( ၃၁ )
ပျော်လိမ့်မည်အထင်နှင့်
တစ်သျှူးဖြင့်ချိုးဆစ်ထားသောငါးရုပ်ကလေးအား ရေ၌လွှတ်ပေးလိုက်၏ ။
အရည်ပါပျော်သွားသည် ။
( ၃၂ )
ကောင်းကင်နှင့်မြေကြီးကြား လှုပ်ရှားသွားလာနေသော ပုံစံခွက်ထူထူများကို
" လူ " ဟုခေါ်သည် ။
( ၃၃ )
ဂျာမန်စစ်ပါရဂူကလော့(ဇ်)ဝိတ်က
နိုင်မှန်းသိမှတိုက်တာကို သူရဲကောင်းလို့မသတ်မှတ်ဟုဆိုသည် ။
ရှုံးမှန်းသိလျှက်နှင့်တိုက်သူကိုရော..... ။
ကျွန်တော့်ကိုသူမက လူမိုက်ဟုခေါ်သည် ။
( ၃၄ )
တစ်ခါတည်းသာချန်ထားခံရသော်လည်း အခါခါလွမ်း၍ကျန်ခဲ့သည် ။
( ၃၅ )
တံခါးပေါက်တစ်ခုမှတစ်ဆင့် ကျောက်ခေတ်သို့ရောက်သွား၏။
ဟိုဟိုသည်သည်လျှောက်ကြည့်ဖြစ်သည်။ လူသားတစ်ချို့၏ ဝတ်စားဆင်ယဉ်ပုံမှလွဲ၍
ကျန်သည့်အရာများ ယနေ့ခေတ်နှင့်ကွဲပြားသည်။
( ၃၆ )
ကျွန်တော့်မှာ လင်းထိန်သာယာသောအိမ်ကလေးတစ်လုံး ရှိခဲ့ဖူးပါသည် ။
( ၃၇ )
" ပုထုဇနော ဥမ္မတကော " ဟု ဘုရားရှင်ဟောကြားခဲ့သည့်တိုင်
ရူးချင်သည်ဟုညည်းတွားလေ့ရှိသောသူများနှင့် မကြာခဏဆုံဖူးသည်။
နှစ်ခါပြန်ရူးနေကြသူများဟု မှတ်ထားလိုက်ပါသည် ။
( ၃၈ )
နိဗ္ဗာန်ဘုံတွေ့အောင်ရှာမည်ဆိုသောထိုလူသားများ
ဓားကိုကိုင်၍ထွက်သွားကြပြီ။
( ၃၉ )
ပါးပြင်းထောင်နေသောမြွေဟောက်ကြီးက မင်းကိုငါပေါက်ချင်သည်ဟုပြောသည် ။
တုတ်ကောက်လိုက်ဦးမည်ဟု သူ့ကိုပြန်ပြောလိုက်သည် ။
( ၄၀ )
ငိုက်မြည်းနေသောသစ်ပင်ကြီးအား အိပ်ချင်ပြေလမ်းလျှောက်ပါလားဟု ပြောကြည့်သည်။
ကျွန်တော့်ကိုသစ်ရွက်ခြောက်များဖြင့်လှမ်းပေါက်၏ ။
အား.. ဟုအော်ပေးလိုက်ပါသည်။
( ၄၁ )
တမင်အပျင်းကြီးပေးလိုက်ရသော ပုံပြင်ထဲကယုန်မိုက်ကလေးကို
ကျွန်တော်ချစ်ပါသည် ။
( ၄၂ )
လူဆိုတာ.. ငရဲညများစွာရဲ့ ဓားသွားမီးပွက်တို့အလယ်မှာတောင်
ကိုယ့်အိပ်မက်ကိုကိုင်ဆွဲ ခိုင်မတ်ရပ်တည်ရဲရမည် ။
( ၄၃ )
အထီးကျန်သည်ဟုမည်သူဆိုသနည်း ။
ကျွန်တော့်ကောင်းကင်ပြာတွင် ကြယ်ပွင့်ကြယ်မှုန်များ
သင်းထုံလဲ့ဖြာနေသည် ။
( ၄၄ )
သွပ်ကိုင်းပုံးအလွတ်တစ်လုံးကိုတီးကြည့်သည့်အခါ တအုန်းအုန်းနှင့်မြည်၏ ။
လောက၏နေရာအနှံ့အပြားတွင် သွပ်ကိုင်းပုံးလွတ်များ သွားလာလှုပ်ရှားနေကြသည် ။
( ၄၅ )
လမ်းခွဲကြမည်ဟု ချစ်သူကပြောသည် ။
တစ်လမ်းတည်းသွားလာနေကြခြင်းမဟုတ်သောကြောင့်
သူမအဆိုကို ငြင်းလိုက်သည် ။
( ၄၆ )
လူဟာမျောက်မှဆင်းသက်လာသည်ဟုဆိုသည် ။
မျောက်ကရော ဘာကဆင်းသက်လာသနည်း ။ထိုပညာရှင်ကြီးကို မေးကြည့်ချင်ပါသည် ။
( ၄၇ )
ခြေဖျားထောက် လက်မြှောက်ပြီးကလေးတစ်ယောက်လိုအော်ခေါ်ပစ်လိုက်သည် ။
မေမေရေ......... ။
( ၄၈ )
ငါ့ကိုဆွဲခေါ်ပါဟုအော်နေသူများ လှေကားကိုယ်စီကိုင်ထားကြသည် ။
( ၄၉ )
ချစ်သူတစ်ယောက်ကျပျောက်ဖူးပါသည် ။ ကောက်ရသည့်အရာဆိုတန်ဖိုးမထားတတ် ။ ကျွန်တော်ထံသို့ပြန်လည်အပ်နှံနိုင်ပါသည် ။
( ၅၀ )
နို့တစ်စက်ဖိုးတောင်မကျေနိုင်သေးသော ကျွန်တော့်ကို မေမေက
သားလိမ္မာဟုဆိုလေသည် ။ ဒီလူမိုက်ကြီးမျက်ရည်ကျရပြီ ။
( ၅၁ )
လွတ်လပ်ချင်ပါပြီ ။ ဤသို့ဖြင့် မွန်းကြပ်သွားသည် ။
( ၅၂ )
ဖြစ်နိုင်မည်ဆိုလျှင် လောက၏အမိုက်အမှောင်များစွာကို
ချစ်သူ့လက်ဖြင့်ဖယ်ရှားပစ်ချင်ပါသည် ။
( ၅၃ )
သူတော်စင်ကြီးနှင့်တွေ့သည် ။ ဘာဆုလိုချင်လဲဟု သူ့ကိုမေးလိုက်၏ ။
ဘာကြောင့်မှန်းမသိ ။
ကျွန်တော့်ကို ဘုကြည့်,ကြည့်သွားသည် ။
( ၅၄ )
အဖြူစစ်စစ်ဖြင့် သစ်လွင်တောက်ပချင်ပါသည် ။
ကျွန်တော့်ကိုအရောင်မဆိုးကြပါနှင့် ။
( ၅၅ )
နိဗ္ဗာန်တံခါးကိုဘာနှင့်ခေါက်ကြမည်နည်း ။
နတ်ကတော်ကတော့ ကိုယ်တော်ကြီးနှင့်ကိုင်,ကိုင်ပေါက်သည် ။
( ၅၆ )
ကိုယ့်လက်ချောင်းများကိုပြန်ကြည့်စေချင်ပါသည် ။
အတိုအရှည်ညီကြရဲ့လား ။
( ၅၇ )
အပတ်တကုတ်လုပ်ယူလို့မရသည့်အထဲမှာ
အချစ်လည်းပါသည် ။
( ၅၈ )
ရှင်ဘုရင်နဲ့ပေါင်းမှ ရွှေထီးဆောင်းရမှာလား ။
ဖက်ခမောက်ဆောင်း၍ ယာထဲထွက်လိုက်သည် ။
ကျောမလုံသော်ငြား လိပ်ပြာလုံပါသည် ။
( ၅၉ )
စာလုံးပေါင်းသတ်ပုံမှားဖို့လောက်အတွက်ဆို
လက်ရေးလက်သားကောင်းနေစရာမလို ။
( ၆၀ )
တစ်ဦးတစ်ယောက်၏ထမ်းပိုးမှုဖြင့် အလင်းပွင့်များစွာကိုကျွန်တော်မြင်ဖူးပါသည် ။
ထိုတစ်ဦးတစ်ယောက်သည်
ဖေဖေဖြစ်ကြောင်းကြိုသိနှင့်ပြီးဖြစ်ပါလိမ့်မည် ။
( ၆၁ )
မည်သူထွင်းသည့်ခံတွင်းနည်း ။ အသားများဖြင့်ယစ်ပူဇော်ကြသည် ။
( ၆၂ )
ကဗျာဆရာ မဖြစ်ချင်ပါ ။ ခင်ဗျားတို့ကြည်ဖြူမည်ဆိုလျှင် ကဗျာရေးသူဖြစ်ချင်ပါသည် ။
( ၆၃ )
မည်သူထွင်းသည့် လူ့ခံတွင်းနည်း။
အသားများဖြင့် ယစ်ပူဇော်ကြသည်။
( ၆၄ )
လက်ချင်းချိတ်၍တိတ်ဆိတ်နေကြသည်။
စကားတစ်ခွန်းစာ ဝေးသွားကြ၏။
ထိုအကွာအဝေးသည် ကမ္ဘာတစ်ဆုံးနှင့်တူညီသည်။
( ၆၅ )
ကျွန်တော့်လက်ဖြင့်မခူးဖြစ်ခဲ့သော ပန်းပွင့်များစွာရှိပါသည်။
( ၆၆ )
ကျွန်တော် မှော်ပညာမတတ်ချင်ပါ။
ရင်ဘတ်ကိုလက်နှင့်ကပ်လိုက်ရုံဖြင့် သူ့အရိပ်ကိုမြင်ရသည်။
သူ့အသံကိုကြားရသည်။
ပြည့်စုံပါပြီ။
( ၆၇ )
လူကိုဖျက်တာအရက်ဟု ဆိုကြသည်။
လူကဖျက်လျှင်ရော..
အရက်မှလွဲ၍ ဘာမဆိုပျက်သွားနိုင်သည်။
( ၆၈ )
ချစ်သူမရှိပဲ မွေးရာပါအသဲကွဲသူများနှင့်လည်းဆုံဖူးပါသည်။
( ၆၉ )
ငါမငိုတတ်ဟု ကြာပွတ်ကြီးကပြောသည် ။
သူ့ကိုရပ်ကြည့်ပြီး ကျွန်တော်ရယ်ချင်လာသည် ။
( ၇၀ )
ခေါင်းမော့ကြည့်ပြီး ကောင်းကင်ဘယ်မှာလဲဟု ချစ်သူကိုမေးကြည့်ဖူးသည်။
နဖူးကိုဒေါက်ခနဲအခေါက်ခံရ၏။ ကြယ်နှင့်လကိုပါ မြင်သွားသည်။
( ၇၁ )
ကိုယ့်ကိုယ်ကိုလူမိုက်ဟုဆိုသူနှစ်ဦးနှင့် ဆုံဖူးပါသည်။
ခေါင်ချင်းဆိုင်၍ တိုက်ခိုင်းလိုက်သည်။
( ၇၂ )
တိတ်ဆိတ်နေသောလူတစ်ယောက်ထံတွင်
ထစ်ချုန်းဆူညံသော အတွေးစများစွာရှိနေနိုင်ပါသည်။
( ၇၃ )
တရားရှာရန်ထွက်သွားကြသူများ လက်ဗလာဖြင့်ပြန်လာကြသည်။
ရင်ဘတ်ကတော့ ဗလာမဟုတ်။ အမှိုက်များဖြင့်ရှုပ်နေသည်။
( ၇၄ )
လောကဓံကိုကျွန်တော်မသိ။
ရင်ဘတ်နှင့်နောက်ကျောမှာတော့
လောက,ကကပ်ပေးသော ဒါဏ်ရာများစွာရှိပါသည်။
( ၇၅ )
ခင်ဗျားကိုဘာကြောင့်ဗံဒါပင်လို့ခေါ်ကြတာလဲဟု
ဗာဒံပင်ကြီးကိုမေးကြည့်ဖူးသည်။
ကျွန်တော့်ကိုဇောက်ထိုးကြီး ရီပြ၏။
( ၇၆ )
တံခါးစောင့်ကြီးဟု ခေါ်လိုက်၏။
အိမ်စောင့်ကြီးက " ဟေ " ဟုထူးသည်။
( ၇၇ )
နတ်သမီးပုံပြင်တွေကို ကျွန်တော်ချစ်ပါသည်။
ကျွန်တော့်လက်ဖဝါးပေါ်သို့ နတ်သမီးတစ်ပါးကြွေကျဖူးသည်။
( ၇၈ )
တုတ်ကောက်နှင့်လမ်းလျှောက်သူတချို့ကိုတွေ့ဖူးသည် ။
ခြေလှမ်းများတည့်မတ်ဖြောင့်တန်းနိုင်ရန် သုံးရခြင်းဖြစ်မည် ။
မဖြစ်မနေကွေ့ကောက်ရမည်ဆိုလျှင် တုတ်ကောက်ကလေးသာဖြစ်ချင်ပါသည် ။
( ၇၉ )
သူသာပန်မည်ဆိုလျှင်
ရင်ဘတ်ကိုလှလှပပဆွဲဖွင့်ပြီး ပန်းဖြူတစ်ပွင့် ပွင့်ပြချင်ပါသည်။
( ၈၀ )
လက်ဖဝါးလိုလို လက်ခုံလိုလိုလူများစွာနှင့်ဆုံဖူးပါသည် ။
ရေမှုတ်တစ်ဖက် မီးစတစ်ဖက်ကိုင်ထားကြ၏ ။
( ၈၁ )
ဖြစ်နိုင်လျှင် ပုံပြင်ထဲကဝံပုလွေဖြစ်ချင်သည် ။
သိုးအုပ်ရေမခြုံပဲ မုဆိုးကိုဝင်ဆွဲမည် ။
( ၈၂ )
ကုလားထိုင်ကို ထိုင်ပါဦးဟုပြောလိုက်သည် ။
ကုန်းကုန်းကွကွနှင့်ကျွန်တော့်ကိုမဲ့ပြသည် ။
( ၈၃ )
အချစ်ဦးမို့ရူးခဲ့ဖူးပါသည်။ အရူးကိုရွံသည် " ထွီ " တဲ့.. ။
( ၈၄ )
ဝလုံးလိုလူပါ။ တုံးပြီးသားမို့ လာလာမလုံးကြပါနှင့် ။
( ၈၅ )
တစ်ယောက်တကွဲညများစွာကို ကျော်လွန်ကူးဖြတ်ခဲ့ပြီးပါပြီ ။
နှစ်ယောက်တစ်တွဲညများစွာကိုရော..
သူသာပေးလျှင် လိုချင်ပါသေးသည် ။
( ၈၆ )
အိပ်မက်ဆိုးမှနိုးလာသောအခါ ထိတ်ထိတ်ပျာပျာဖြင့်အော်ခေါ်မိပါသည်။
မေမေရေ...။
( ၈၇ )
ခင်ဗျားရဲ့အဆိပ်က ကျောကုန်းမှာလား ဗိုက်မှာလားဟု
အစွယ်ချိုးခံထားရသောမြွေဆိုးကြီးကို မေးကြည့်လိုက်သည်။
ကျွန်တော့်ကို အမြှီးနှင့်လှမ်းရိုက်၏။
သူ့ကို လျှာထုတ်ပြလိုက်သည်။
( ၈၈ )
ပြတင်းပေါက်မှတစ်ဆင့် ဆောင်းနံနက်ခင်းကိုဖွင့်ကြည့်သည်။
မြူပွင့်မြူမှုန်များမှအပ သူ့ကိုကျွန်တော်မမြင်ရ။
ဝေးခဲ့တာလည်း ကြာပါပြီ။
( ၈၉ )
အရွယ်ကောင်းတုန်း တံမြက်စည်းတစ်ချောင်းဖြစ်ချင်သည် ။
( ၉၀ )
လက်အုပ်ချီပြီးဒူးထောက်ထိုင်ရုံနဲ့
ဆုတောင်းစကားတွေပြည့်စုံစေသတဲ့လား ။
ဘယ်ဘုရားကမှ မမြွက်ကြားခဲ့ ။
( ၉၁ )
နှင်းဆီပင်စိုက်ထားလျှင် နှင်းဆီပန်းပွင့်တာကိုပဲမြင်ရမည် ။
ဤကား တွန်းဖြိုဖယ်ရှား၍မရသော သစ္စာတရားပင်ဖြစ်သည် ။
ရိုးရှင်းပါသည် ။
( ၉၂ )
ဘာဆုမှမတောင်းပဲနဲ့ ငှက်ကလေးတွေလွှတ်ခဲ့ဖူးပါသလား ။
( ၉၃ )
နတ်သမီးလို့ပြောသံကြားရင် သူ့ကိုပဲမြင်သည် ။
( ၉၄ )
မျက်နှာပြောင်တိုက်ပြီး ပြောရဦးမည် ။
ဝလုံးပေါင်းများစွာ ရေးခဲ့ဖူးပါသည် ။ " ဝိုင်းရဲ့လားဟု မမေးရ "
( ၉၅ )
မီးကိုဘယ်လိုတွေ့ရှိခဲ့ကြောင်း နဂါးကြီးကိုမေးကြည့်သည် ။
ဖြေရခက်နေပုံရ၏ ။ လေပူကြီးမှုတ်မထုတ်တာကိုပင် ကျေးဇူးတင်ရမည် ။
( ၉၆ )
အကွယ်အကာ အမှီအထောက်
ကျွန်တော်ဟာ အဖေ့လောက် အဖေမပီသခဲ့ ။
( ၉၇ )
ခွေးမြှီးကောက်ကျည်တောက်စွပ်ဟူသော စကားပုံကိုကြားလျှင် ရယ်ချင်သည် ။
ကျည်တောက်ကြီးတကားကားနှင့် ကိုယ်ကျင့်တရားများကိုတွေ့လျှင်
ပို၍ရယ်ချင်သည် ။
( ၉၈ )
တစ်ခါတစ်လေတော့လည်း လောကဓံဆိုတာကြီးကို
အော်ဟစ်ဆဲရေးပြီး ပြေးကန်လိုက်ချင်သည် ။
( ၉၉ )
ကျွန်တော်ကတော့
ဖြူစင်ရိုးသားသော ကလေးဘဝကိုပြန်မသွားလိုပါ ။
တွေ့ဖူးပါသလား ။
ကြီးကောင်ကြီးမား ကိုးယို့ကားယား ကြီးပေါကြီးများ ။
( ၁၀၀ )
ဘာတွေကိုကျေနပ်သွားဖြဲပြနေရဦးမှာလဲ ။
ဓားဖြစ်လျှက်နဲ့ နံရံမှာချိတ်ဆွဲခံရတာ နာတယ် ။
( ၁၀၁ )
သူ့ကိုကျွန်တော်ချစ်သည် ။
အပြစ်ရှိသလိုခံစားရ၏ ။ သူချေပေးလျှင် ကျေပါသည် ။
( ၁၀၂ )
ပေါ့ပါးလွတ်လပ်စွာ ရယ်(ရီ)ပစ်လိုက်ချင်ပါသည် ။
လောကဓံရဲ့ဤလူသား ဒဏ်ရာများစွာလွယ်ထား၏။
( ၁၀၃ )
ကံကြမ္မာအကောင်းအဆိုးများ မျှတပြေပြစ်စေရန်
ဗေဒင်ဆရာက တရားထိုင်ခိုင်းသည် ။
ငြင်းချင်ပါသော်လည်း
မတရားထိုင်ခိုင်းမှာကြောက်ရသည် ။
( ၁၀၄ )
ရိပ်သိမ်းပြီးသွားသော ကောက်နှံပင်ကလေးအား
ပက်ကြားအထပ်ထပ်တက်နေခဲ့သော လယ်ကွက်ဝိုင်းလေးကဲ့သို့
သူ့ကို ဆွေးဆွေးညိုညိုလွမ်းပါသည် ။
( ၁၀၅ )
ပြေးတွေ့လို့ရမည်ဆိုလျှင်
မေမေ့ကို ထွေးပွေ့လို့ထားလိုက်ချင်ပါသည် ။
( ၁၀၆ )
လူပျိုပေါက်စအရွယ် စက္ကူကြယ်တွေခေါက်ချိုး
တိတ်တခိုးဆိုတာ ကျောင်းတော်မှာ လူပြောများတဲ့
လက်သုံးစကားပဲဖြစ်သည် ။
( ၁၀၇ )
ခွက်စောင်းခုတ်သောလောကကြီးတွင်
ငါးတစ်ကောင်ကြောင့်မှမဟုတ်ပဲ တစ်လှေလုံးပုပ်တတ်ပါသည် ။
( ၁၀၈ )
မျှော်လင့်ချက်ဖြင့်အသက်ဆက်ရခြင်းသည်
ကျန်းမာရေးကို ထူးခြားစွာကောင်းမွန်စေပါသည် ။
( ၁၀၉ )
စိန်ကဲ ရွှေကဲ လူကဲ
မည်သည့်အကဲကိုမှ မတတ်လိုပါ ။
ဖြစ်နိုင်လျှင် အားလုံးကိုရှောင်သွားပစ်လိုက်ချင်သည် ။
( ၁၁၀ )
တစ်ချို့က ငေးနေကြ၏။
တစ်ချို့က တွေးနေကြ၏။
မည်သူမှ မလျှောက် ။
ဘယ်ကိုမှ မရောက် ။
ခြေထောက်များကို ဖျောက်ထားကြသည် ။
( ၁၁၁ )
ပန်းသီးကိုကျွန်တော်မကြိုက် ။
ဓာတ်လိုက်သလိုခံစားရသည် ။
( ၁၁၂ )
လောကီလူသားဖြစ်ပါသည် ။
အမှန် ၊ အမှား
စိတ်တံခါးကို လွယ်ထား၏ ။
#နိုင်းဆက် (မင်းမြို့ရိုး)