Poetry, Literature & Gallery

Poetry, Literature & Gallery poetry, literature & gallery

20/08/2026

မီးပွိုင့်နီလို့ ရပ်သွားတဲ့ကားတွေကို
ကိုယ်လမ်းဖြတ်ကူးလို့
ရပ်ပေးတယ်လို့
ထင်ယောင်ထင်မှားမိခြင်းဟာ
ဘယ်လောက်တောင်အရှက်မရှိ
မိုက်မဲတဲ့ ဘဝင်မြင့်မှုမျိုးလဲနော်။

ဥပမာ ဒီလောက်ဆို
ဒီနှစ်အတွင်း
ကျွန်တော် ဘာကိုရှက်နေလဲဆိုတာ
ခင်ဗျားနားလည်မှာပါ။

#ချောနကျယ်

13/08/2026

ကမ္ဘာကြီးထဲ
မိုးရာသီတွေပဲ ထည့်ထားရင်တောင်
ရေစက်မရှိရင် မဆုံနိုင်ဘူး။

#အောင်ခိုင်မြတ်

13/08/2026

ဘာပဲဖြစ်ဖြစ်
အချစ်
သစ္စာတရား
ရိုးသားမှု
တစ်ခုခုသာ မရှိပါလျှင်
အသက်ရှင်ခြင်းကို မမြတ်နိုးပါ။

#ပိုင်စိုးဝေ

07/06/2026

-အနာဂတ်သို့ဆုတ်ခွာခြင်း-
ပိုင်စိုးဝေ

သွေးရူးသွေးတန်းတွေ
ငါ့ဆီက မမျှော်လင့်ပါနဲ့တော့
မင်းနှလုံးသားဆီအရောက်လာဖို့အတွက်
အခက်ခဲဆုံးလမ်းကို ရွေးချယ်ခဲ့သမို့
ငါဟာ
စစ်သူကြီးဟန်နီဘောလည်းဟုတ်ရဲ့။
မစိုက်ပျိုးရသေးတဲ့
မျိုးစေ့တွေကိုစောင့်ရှောက်သလိုမျိုး
ဘဝရဲ့တန်ဖိုးတွေကို သယ်ဆောင်ပြီး
ငါဂောာက်လာခဲ့ရ။
အမှန်တရား‌ရဲ့နောက်
ဒုတိယမြောက်ကျဆုံးသူဟာ ငါပါ။
ဒိုင်နိုဆောတွေ
ဘာကြောင့်မျိုးတုံးခဲ့ရတယ်ဆိုတာကို
လူတွေ အငြင်းပွားနေသလို‌မျိုးပေါ့လေ
ကမ္ဘာမြေပေါ်က
မသိမှုအားလုံးကိုတင်စားဖို့
ငါ့ကို မွေးဖွားခဲ့သတဲ့။
တကယ့်ကို
ပါးပါးလွှာလွှာလေးလွဲချော်ခဲ့တာပါ
ဒါနဲ့ပဲ တို့တဘဝလုံးဝေးခဲ့ကြရ။
အနာဂတ်ဟာ
ဘယ်တော့မှ ငါ့ဆီကိုရောက်မလာနိုင်တော့ဘူး
ငါ့အချစ်ဟာ
လူ့သမိုင်းရဲ့ ဘယ်လိုခေတ်မျိုးမှာမှ
အစားထိုးမရတဲ့ ကောင်းကင်ဆန်မှုနဲ့ပါ။
စက်ဝိုင်းလိုပျံသန်းနေတဲ့
အချိန်တွေရဲ့လောင်ကျွမ်းမှုထဲ
မရေရာတဲ့ဘဝတွေကိုပေးဆပ်ရင်း
မင်းနဲ့ငါ ဝေးကြရပြီလား။
မခိုင်မာတဲ့ထိပ်ဖျားပေါ်မှာ ပြောင်းပြန်လှန်ပြီးစိုက်ထားတဲ့
ပိရမစ်ကြီးတခုလို
တဘိုင်းဘိုင်းလဲကျ
သုညကို စက်ဝိုင်းနဲ့လွဲမှားခဲ့သူပါ။
ဇာတ်သိမ်းခန်းမှာ‌တော့
ပင်လယ်ကမ်းခြေအတုတခုမှာ
ရမ်ပုလင်းအစစ်တလုံးကို
မော့သောက်ပစ်လိုက်ရဲ့။ ။

#ပိုင်စိုးဝေ

06/06/2026

-သတိရခြင်း အစိမ်း-
ကေမျိုးငြိမ်း

ဆေးလိပ်မီးခိုး တစ်လွင့်မှာ
ကျွန်တော်က ခိုးခိုးပွင့်ရတဲ့ သက်ပြင်းလား ။

နံရံက ဂစ်တာ
လတစ်ခြမ်း သစ်ရိပ်တစ်ခြမ်း
ဘဝတစ်ခြမ်း ။

ရင်မှာ တစ်ယောက် တစ်မြို့စီ
တစ်မြို့ တစ်လမ်းစီ
တစ်လမ်းဆိုတာက တစ်ကမ္ဘာ ။

ဝေးတယ်
စာချင်း ဆက်သွယ်၍ မရ
ဖုန်းချင်းနီးစပ်၍ မရ
ဘယ်မှာလဲ
ဘယ်လိုလဲ ။

လေထဲမှာလည်း မင့်သတင်းက မပါပြန်ဘူး ။ ။

#ကေမျိုးငြိမ်း

05/06/2026

-အချစ် ကျင်လည်ရာ အထက်တန်းလွှာ-
ထွန်းဝေမြင့်

အချစ် ... မင်း မြင်တဲ့အတိုင်းပဲ
ဘာမှ မဟုတ်တာတွေ အပြိုင်းအရိုင်း
အတ္တ တောထသော်လည်း ယဉ်ကျေးသိမ်မွေ့သယောင်။
ဟန်ဆောင် အတန်းအစား အလွှာထဲမှာ
မင်း ဘယ်ပုံ သိပ်သည်းကာ
မင်း ဘယ်ပုံ ပေါ့ပါးမလဲ စဉ်းစားစရာ။

အမှန်အတိုင်း နေထိုင်ဖို့ နည်းနည်းမှ စိတ်မကူးမိတဲ့ အနံ့
ဒီအညှီနံ့ထက် ငါးညှီနံ့ကမှ အာဟာရ ပြည့်ဝသေး
ဟောဒီ မတရားသဖြင့်၊ ငွေစက္ကူတွေ ထည့်ထားတဲ့
ဦးခေါင်းထဲက ညှီတာ။

အသက်မပါဘဲ ဂုဏ်ယူဝင့်ကြွားပြီး
အပေါ်စီးက ညံ့ချင်တိုင်း ညံ့နေတဲ့ အကောင်းစား
(နွားနို့၊ သကြား၊ ကြက်ဥနဲ့ သစ်သီး)
အားလုံး ပေါင်းစပ် ပါဝင်တဲ့ အိုက်စကရင်
ခုလို ပွဲတကာ ရက်စွဲ အချိန်ပြည့်
အချစ် တွေ့တဲ့အတိုင်းပဲလေ
နေ့ခုနစ်နေ့မှာ နေပြီး နေ့ခုနစ်နေ့နဲ့
အမှန်မတွေ့တဲ့ ငနဲတွေပါ။

အချစ် ...
အနှောင့်၊ အယှက်၊ အမှောင့်၊ ပယောဂတွေ
များလှတဲ့ အရပ်ဒေသမှာ
မင်းနဲ့ ကိုယ် နီးကိုနီးရမှ ဖြစ်မှာ။ ။

#ထွန်းဝေမြင့်

04/01/2026

ဆံပင်တွေကို သပ်တင်လိုက်တဲ့အခါ
တစ်ယောက်တည်းဆိုတာ ပိုသေချာလာတယ်
လိမ်နေတဲ့ နားကြပ်ကြိုးလေးတွေ ထိုင်ဖြေနေရင်းလည်း
တစ်ယောက်တည်းဆိုတာ ပိုသေချာလာတယ်
စားပွဲထောင့်စွန်းက ကြယ်ဖန်ပုလင်းကို တိုက်ချလိုက်ပြီးတဲ့အခါမှာတော့
အေမီတစ်ယောက်တည်းဆိုတာ ပိုပြီးသေချာလာပါတော့တယ်။ ။

-ပျော်ရွှင်စန္ဒရား-
#ပြည့်စုံဝင်း


ที่อยู่

Ko Samui

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Poetry, Literature & Galleryผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์