29/08/2021
ဇွဲကပင်မြေ မှ ကရင် မောင်နှမ နှစ်ဦး၏ သမိုင်းပုံပြင်🍁
==================
==================
ကရင်ပြည်နယ် ဘားအံမြို့ရှိ အလွန်ပင်ထင်ရှားသော ဇွဲကပင်တောင် သည် ထူးဆန်းသော ပုံပြင်လေး တစ်ပုံရှိခဲ့ပါတယ်…
ထိုပုံပြင်လေးကတော့ ဇွဲကပင်တောင်ရဲ့ နံရံအထက်မှာ သဘာဝအတိုင်းဖြစ်ပေါ်နေသော ဝမ်းနည်းဖွယ်ရာ ကရင်မောင်နှမဦးရဲ့ အကြောင်းပဲဖြစ်ပါတယ်။
ထိုကရင် မောင်နှမ နှစ်ယောက်၏ လွန်စွာသနားစရာကောင်းပြီး စိတ်၀င်စားစရာကောင်းသော သမိုင်းပုံပြင်လေးတစ်ပုဒ်အကြောင်းကို ပြောပြချင်ပါတယ်။
🌳🌳ပုံပြင်းအကြောင်းအရ ပြောရမည်ဆိုလျှင်……..👉👉
ကရင်အမျိုးသားကြီးစဝ်ဖါ့သန့်(သိုင့်) နှင့် ဇနီးဖြစ်သူ နော်ဖေါ့ယာ့် တို့တွင့် စံစေ့ဖိုးနှင့် နော်မူးဖါန် ဟုခေါ်သော သားသမီး (၂)ဦး ရှိခဲ့လေ၏ အနှစ်နှစ်အလလက ခြိုးခြံချွေတာပြီး ရိုးရိုးသားသား ကြိုးစားစုဆောင်းခဲ့သမျှ သားကလေး ရှင်သာမဏေလောင်းဖြစ်ဖိ့ု အလှူကြီးလုပ်ရန် တောင်ယာ ထဲ့တွင် အလုပ်ကြိုးစားနေရင်း ကံတရား၏ ဆိုးရွားမူကြောင့် ဖခင်ဖြစ်သူ စဝ်ဖါ့သန့်(သိုင့်) မှာ ကျားကိုက်ရင်း တောင်ယာ ထဲ့တွင် သေဆုံးသွားလေ၏
ဖခင်ကြီး ဆုံးပါး သွားသည့်နောက်ပိုင်းတွင် ကရင်အမျိုးသမီး နော်ဖေါ့ယာ် သည် မုဆိုးမဘ၀အဖြစ်နှင့် သားသမီးနှစ်ယောက် ကျန်ခဲ့လေ၏ မုဆိုးမ နော်ဖေါ့ယာ့တို့သားအမိကို
ဘ၀ဆိုးမှ လွတ်မြောက်စေလိုပါသည်ဆိုသော ရွာသူရွာသားတို့၏ တိုက်တွန်းချက်၊ မိမိဘ၀ကို သနားကရုဏာသက်လှပါတယ်။ ကလေးတွေကိုလည်း ရင်သွေးအရင်အချာများနှယ်
စာနာညှာတာစွာဖြင့် ချစ်ခင်ပါသည်ဆိုသော တစ်ရွာတည်း မုဆိုးဖိုဖြစ်သူစောဖါ့ပျုဂ်နှင့် နောက်တစ်ပင်ထူထောင်လိုက်ပါတယ်။
ထိုအခါ အပြစ်မဲ့သော စံစေ့ဖိုးနှင့် နော်မူးဖါန်တို့ လူမမယ် မောင်နှမနှစ်ယောက်၏ ဖြူစင်သောနှလုံးသားလေးတွေမှာ စိုးရိမ်ထိတ်လန့်ခြင်း၊ ပူပင်သောကဝေဒနာအရောင်တို့ လွှမ်းမိုးညစ်ကျူလာပါတယ်။ ငြိမ်သက်ခဲ့သောအိမ်ကလေးမှာ ဆဲဆိုသံ၊ ငေါက်ငန်း မာန်မဲသံဖြင့် ဆူညံလာပါတယ်။
အဖေမုန်းတီးခဲ့သော အရက်သေစာတို့ အိမ်ပေါ်က မဆင်းတော့ ပထွေး၏ ဒေါသနှင့်ယုတ်မာသောရင့်သီးသော ဆဲဆိုကြိမ်းမောင်းသံများအောက်မှာ မောင်နှမနှစ်ယောက် မျက်ရည်ပေါက်ပေါက် ကျခဲ့ရပါတယ်။
နောက်ဆုံးတွင် နော်ဖေါ့ယာ့သည် ဥမမယ်အရွယ်မရောက်သားသမီးနှစ်ယောက်ကို တော့အုံချောက်ကြားနွားကျောင်းတဖုံ စပါးထောင်းတစ်လှည့် မခိုင်းရက် ခိုင်းရက်ဖြင့် ခိုင်းခဲ့ရပါတယ်။
တစ်နေ့တွင် ပထွေး ဖြစ်သူမှ မောင်နှမ နှစ်ဦးအား ယာခင်း သို့ခေါ်ကာ ယာခင်းသို့ သွားရာလမ်းတွင် မြင့်မားမတ်စောက်သော တောင်ကမ်းပါးကြီး ပေါ်မှ တွန်းချကာ တစ်ဦးတည်း အိမ်ပြန်လာခဲ့၏
မောင်နှမ နှစ်ဦးမှာ တောင်ပေါ်မှ အကျတွင် ဇွဲကပင်ဘုရားကို အာရုံပြုကာ ကယ်တင်ဖို့ဆုတောင်းကြပြီး သေဆုံးမူ မဖြစ်ပဲ ကမ်းပါးအောက် ဝါးရုံပေါ်တင်နေလို့ အသက်ချမ်းသာရာရခဲ့ပါတယ်။
ညဥ့်နက်သည်အထိ ဘုရား ကို ကြည်ညိုရင်း အရုဏ်ကျင်းလုကာမှ မိခင်ထံပြန်လာကာ အကျိုးအကြောင်း ပြောပြပြီး မိခင်ဖြစ်သူ သည် ကလေးနှစ်ယောက်ကို ကျစ်နေအောင် ဖက်ထားရင်း နော်ဖေါ့ယာ့ မချိတင်ကဲ ခံစားရတော့တယ်။
သို့သော် ကလေးနှစ်ယောက်ကို အိမ် မှာ ပြန်လည်၍ ခေါ်ထားဖို့ကတော့ လုံး၀မဖြစ်နိုင်သောအခါ ရင်သွေးနှစ်ယောက် အသက်မသေလုံခြုံအောင် မိမိနှင့်လည်း အလှမ်းမဝေးရအောင် ဇွဲကပင်တောင်ပေါ်က တောအုပ်အငူ လိုဏ်ဂူထဲတွင် ဝှက်ထာပြီး ထားခဲ့ပါတယ်။
အမေထားခဲ့သော တောအုပ်အငူ လိုဏ်ဂူ ထဲကလည်း ဝေးဝေးလံလံကို မသွားဝံ့။
ကြည့်လေရာရာ တောအုပ်ကြီး က ပိန်းပိတ်ညိုမှောင်နေသည်။ တစ်ခါမှ မရောက်ဖူးသည့်နေရာ လူသူကင်းဝေး၍သားရဲတိရစ္ဆာန်တို့အသံများကိုသာ ကြားရသည့်နေရာ သည်နေရာမှာ မိခင်က လာပို့ထားပါတယ်။
ပထွေးရန်ကိုကြောက်လွန်းလို့သာ နေခဲ့ရပေမယ့် အမေ့ကို မခွဲချင်ကြ၊ လွမ်းပေမယ့်လည်း လမ်းကမသိ၊တောတိရစ္ဆာန်တို့ရန်က ရှိသေးတယ် အနီးအပါးက ရသမျှ တောသီနှံကလေးများကို ခူးဆွတ်စားသောက်ရင်း ဥတုရသီနှင့်တောဒဏ်ကို ကြံ့ကြံ့ခံနေကြရရှာ၏
နှမငယ်ကလေးက ဘာမျှမသိရှာသေးတော့ အစ်ကိုဖြစ်သူမှာ ဂရုစိုက်နေရပါတယ်။ မျက်စိအောက်ကအပျောက်မခံရဲ၊အဖေကိုတမ်းတ၊အမေ့ကိုလွမ်းရသောဝေဒနာတို့ကိုကြိတ်မှတ်ခံစားရင်း ဒုက္ခမုန်တိုင်းဒဏ်ကို အလူးအလဲ အံတူနေကြရှာ၏
ငယ်ရွယ်သူ နှမလေး ကို ငဲ့ညှာရလွန်းတော့ အစ်ကိုလုပ်သူမှာ ၀လင်သည်ဟုပင် မရှိခဲ့ပါ။
တစ်နေ့သော နံနက်တွင် ချမ်းအေးလှသော ရာသီဥတု ကို မီးပုံဖိုပြီး မောင်နှမနှစ်ယောက် အံတုရင်ဆိုင်နေကြစဉ် ခံ့ညားသော ရသေ့အိုကြီး တစ်ပါး သူ့ထံ ရောက်လာပြီး
ရသေကြီးမှ ငယ်ရွယ်လှသော သနားဖွယ် မောင်နှမ နှစ်ဦးအား ရွှေရောင်၀င်းနေသည့် ဆေးလုံးသုံးလုံးပေးကာ မီးဖို့အတွင်းသို့ဆင်းခိုင်းရာမှ ငယ်ရွယ်နုပျိုသောလုလင်ပျိုနှင့် လုံမပျိုလေးနှစ်ဦးအဖြစ်သို့ ပြောင်းလဲသွားပါတယ်။
မောင်နှမ နှစ်ဦးမှ ရသေးကြီးပေးခဲ့သော သုံးမကုန်နိုင်တဲ့ အစွမ်းတွေ၊ ဣဒ္ဓိပါဒ်တန်းခိုးတွေ ရကြပြီ၊
ရသေကြီးအားပေးခဲ့သောကတိစကားအတိုင်း ”သာသနာတော် အတွက်လုံ့လဝီရိယစိုက်ကြပေတော့၊ သာသနာတော်ကို ကြည်ညိုသူတွေရယ်၊ဟောဒီ ဇွဲကပင်တောင် ကို ဘုရားဖူး လာကြသူတွေ မှန်သမျှရယ်၊ စီးပွားရေး လာဘ်လာဘ တိုးအောင် ကျန်းမာရွှင်လန်းအောင်မင်းတို့မောင်နှမ စောင့်ရှောက်ရစ်ကြပေတော့” ဟူသော အမှာ စကားအတိုင်း သစ္စာပြုကာ ဇွဲကပင် တောင်တော်နှင့် ဆံတော်ရှင် မြတ်အား စောင့်ရှောက် နေခဲ့ပါတယ်။
ထိုကြောင့် ဇွဲကပင် တောင်ခြေမှ လွမ်းဆွတ်ကြေကွဲဖွယ်ရာ ၊ဂရုဏာ သက်ဖွယ် ဓါတ်နန်းရှင်မောင်နှမ ဓာတ်နန်းရှင်စခန်းမှာ လွန်ခဲ့သော နှစ်ပေါင်း(၅၀)ခန့်က နောင်းအိမ်ဆိုင် ဆရာတော်ဦးကေတု ဦးဆောင်တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ ဇွဲကပင် ဆရာတော် ဦးကဝိဓဇကဘုရားဖူးများ အပန်းအဖြစခန်းလည်းဖြစ်၊ သတိရ အောက်မေ့ရာလည်းဖြစ်အောင် လွန်ပင်လှပကြည်ညိုဖွယ်ကောင်းသော လုမ္ဗ္ဗနီဥယျာဉ်ကိုလဲ ထပ်မံပြီး မွမ်းမံခဲ့ခြင်းဖြစ်ပါတယ်။
ခရီးသွားမိတ်ဆွေများ အားလုံး ယခုလိုစိတ်၀င်စားစရာကောင်းပြီး သာယာလှပနေသော ကရင်ပြည်နယ်၏ အလှတရားကို ကျွန်ုပ် တို့တစ်ခေါက်တစ်ခါလောက် သွားရောက်လေ့လာပြီး အပန်းဖြေစေချင်ပါတယ်……
💗💗 အားလုံးကို ကျေးဇူးတင်လျှက်💗💗
မူရင်းရေးသားသူကိုလေးစားစွာcredictပေးပါတယ်။