29/12/2020
ကိုဗစ်ဗဟိုကော်မတီထံမှ တိကျသောညွှန်ကြားချက်ရရှိမှသာ အဝေးပြေးယာဉ်လိုင်းများကို ပြေးဆွဲနိုင်မည်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မြန်မာနိုင်ငံအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များကို ချိတ်ဆက်ပြေးဆွဲနေသည့် အဝေးပြေးယာဉ်လိုင်းများကို ကိုဗစ်ဗဟိုကော်မတီထံမှ တိကျသော ညွှန်ကြားချက်များရရှိမှသာ ပြန်လည်ပြေးဆွဲသွားရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်က မြန်မာ့ပလက်ဖောင်းကိုပြောပါတယ်။
“အပြင်မှာတော့ ဇန်နဝါရီလအတွင်း အဝေးပြေးယာဉ်လိုင်းတွေပြေးဆွဲမယ်လို့ ပြောနေကြတာပေါ့၊ တကယ်တမ်းတော့ ပြည်ထောင်စုတစ်ခုလုံးနဲ့ပတ်သက်တာဆိုတော့ ကိုဗစ်ကော်မတီက ညွှန်ကြားစာတွေမထွက်သေးသမျှ ဘာမှပြောလို့မရသေးဘူး၊ ပြည်တွင်းလေကြောင်းတွေ ပြေးဆွဲခွင့်ပြုလိုက်သလို ထုတ်ပြန်ချက်ထုတ်ပေးမှ ပြေးဆွဲခွင့်ရမှာပါ၊ အဲ့ဒါကိုစောင့်နေကြတာပေါ့၊ ပြည်တွင်းလေကြောင်းတွေ ပြေးဆွဲခွင့်ပြုလိုက်သလိုပဲ ကိုဗစ်ရှိ၊ မရှိစစ်ပြီး သွားခွင့်ပြုမယ်ဆိုတာမျိုးတော့ မျှော်လင့်နေကြတာပေါ့၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကျတော့ အရမ်းအရေးကြီးသလို Risk ကများတယ်၊ အထူးသဖြင့် အဝေးပြေးယာဉ်လိုင်းတွေက ပြင်ဆင်ထားတာရှိပါတယ်၊ Social Distancing အရရော အစိုးရက ပြန်ခွင့်ပြုတာနဲ့ ပြေးဆွဲလို့ရအောင် ပြင်ဆင်ထားတာပေါ့”လို့ YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောပါတယ်။
လက်ရှိတွင် အဝေးပြေးယာဉ်လိုင်းတချို့အနေဖြင့် ကုန်စည်ပို့ဆောင်ရေးအတွက်သာ အဓိကထားပြေးဆွဲပေးနေပြီး မဖြစ်မနေခရီးသွားလာရန် လိုအပ်သူ အနည်းငယ်အတွက်သာ ပြေးဆွဲပေးလျက်ရှိကြောင်း သိရပါတယ်။
“ကားတွေက ကိုဗစ်ကာကွယ်ရေးအတွက် အဆင့်သင့်ပြင်ဆင်ထားပြီးသား ညွှန်ကြားချက်ကျတာနဲ့ ပြေးဆွဲနိုင်မယ်၊ အဝေးပြေးယာဉ်လိုင်းတွေက ပြေးဆွဲဖို့ရင် တိကျတဲ့ ညွှန်ကြားချက်ကျလာမှ မဟုတ်ရင် ရန်ကုန်ကလာတဲ့သူဆိုရင် ကြောက်နေကြတာနဲ့ ပြေးဆွဲဖို့ အဆင်မပြေလောက်သေးဘူး” လို့ ရွှေမန္တလာ အဝေးပြေးယာဉ်လိုင်း တာဝန်ခံ ဦးအောင်မြင့်ဆွေက ပြောပါတယ်။
ကိုဗစ်မတိုင်မီကာလများက ရန်ကုန်တိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ အောင်မင်္ဂလာအဝေးပြေးဝင်းနှင့် ဒဂုံဧရာအဝေးပြေးဝင်းတို့မှတစ်ဆင့် ယာဉ်လိုင်းပေါင်း ၃၈၀ကျော်ဖြင့် ခရီးသည်များကို သယ်ယူပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။
Credit : MyanmaPlatform
Photo : Shwe Mandalar Express