26/07/2025
နောင်တူးရဲ့ အိပ်ယာဝင် ခေါပုပ်
ရှမ်းပြည်နယ်ရဲ့ လယ်ကွင်းပြင်အနီးက ရွာလေးတရွာမှာ နောင်တူး ဆိုတဲ့ ကောင်လေးတယောက်ရှိတယ်။ သူက ခေါပုပ်ကို အင်မတန် ကြိုက်ပြီး တနေ့လုံး ခေါပုပ်ပဲစားနေလို့ အိမ်ကလူတွေကတောင် "ခေါပုပ်တူး" လို့ နာမည်ပြောင်ပေးထားကြတယ်။
တညတော့ အမေက နောင်တူးကို အိပ်ယာဝင်ပုံပြင် ပြောပြနေရင်း မေးတယ်။
"နောင်တူးရေ၊ သားလေး အိပ်မက်မက်တဲ့အခါ ဘာတွေ မမြင်မက်ချင်လဲ။"
နောင်တူးက မျက်လုံးလေး ပိတ်ပြီး ခဏစဉ်းစားပြီးမှ ပြောတယ်...
"အမေရေ၊ သား အိပ်မက်ထဲမှာ အိမ်ရှေ့မျက်နှာစာကနေ တောင်တန်းကြီးတတန်းလုံးကို ခေါပုပ်တွေနဲ့ လုပ်ထားတာ မြင်ချင်တယ်။"
အမေက ရယ်ပြီး
"အယ်... ဘာလို့လဲ သားလေးရယ်။"
နောင်တူးက မျက်လုံးလေး ပွင့်လာပြီး လေးနက်တဲ့ မျက်နှာနဲ့ ပြောတယ်။
"အမေရယ်၊ မနက်ကျရင် သား အိပ်ယာကနိုးတာနဲ့ ဗိုက်ဆာလျှင်၊ ခြံထဲအထိ ဆင်းပြီး ခေါပုပ်သွားယူရမှာ ပျင်းလို့။
အဲ့ဒီလိုသာဆိုရင် အိပ်ယာထဲကနေ လက်လှမ်းလိုက်တာနဲ့ ခေါပုပ်တောင်တန်းကြီးကနေ ခေါပုပ်ကြွပ်ကြွပ်လေးတွေ ဆွဲချိုးပြီး စားလို့ရမှာပေါ့ အမေရဲ့။"
အမေဖြစ်သူလည်း သားလေးရဲ့ အဖြူစင်ဆုံး ခေါပုပ်ဆန္ဒကို ကြားပြီး အသံထွက် ရယ်မောလိုက်ပါတော့သတဲ့။
နောင်တူးလေးကတော့ သူ့ရဲ့ အိပ်ယာဝင်ခေါပုပ်တောင်တန်းကြီးကို စိတ်ကူးနဲ့ ပုံဖော်ရင်း အိပ်ပျော်သွားရှာပါတယ်။
#ကလော