14/03/2026
ဆယ်အိမ်တန်း ကမ်းခြေ 🌊ကရေတွေက ဘာလို့နောက်နေတာလဲ…!???
🏖️ဒီကမ်းခြေကို ပထမဆုံးရောက်ဖူးရင်
တချို့လူတွေ အံ့သြကြပါတယ်။
ဘာလို့လဲဆိုတော့
ဒီမှာ ပင်လယ်ရေက အပြာမဟုတ်ပဲ ရွှံ့ရောင် ဖြစ်နေပါတယ်။
ဒါပေမယ့် ဒီရေအရောင်ရဲ့နောက်ကွယ်မှာ
အရမ်းစိတ်ဝင်စားစရာကောင်းတဲ့
သဘာဝပထဝီလျှို့ဝှက်ချက်တစ်ခု ရှိနေပါတယ်။(နောက်ဆုံးမှာရှင်းပြထား)🗺️
📍တည်နေရာ
#ရန်ကုန်တိုင်းဒေသကြီး၊ #ကွမ်းခြံကုန်းမြို့နယ် #ဆယ်အိမ်တန်းရွာအနီးမှာတည်ရှိပါတယ်။
🌉 #ဒလ တံတားသစ်ကြီးပြီးသွားတော့ ရန်ကုန်ကနေ ဒလ ဘက်ကိုကူးလိုက်တာနဲ့ နောက်ထပ်
တနာရီလောက်မောင်းရင်ရောက်ပါပြီ
လမ်းကောင်းတဲ့အပိုင်းကများပါတယ်။
ရောက်ခါနီးမှာတော့ ကား၂စီးရှောင်ဖို့ မလွယ်လောက်အောင် လမ်းကျဉ်းတယ်။
⌚️ #ဆယ်အိမ်တန်းကို လာမယ်ဆိုရင် #ဒီရေတက်ချိန်ကို ကြိုမေးပြီး လာတာကောင်းပါတယ်။
(ဒီရေအတက်အကျ က တရက်နဲ့တရက်အချိန်မတူပါဘူး)
ဒီရေကျချိန်မှာ ရောက်သွားရင်
ရေမမြင်ရပဲ ပင်လယ်စပ်နဲ့အဝေးကြီး
ရွံ့မြေအကျယ်ကြီးကိုပဲ မြင်ရပါလိမ့်မယ်။
ကျမတို့သွားတဲ့ရက်က နေ့လည် ၂:၃၀ ရေစတက်မှာ မို့ ရေမတက်ခင်ရောက်သွားပြီး #ကမ်းစပ်ဆည်းဆာ စားသောက်ဆိုင်မှာ လတ်ဆတ်တဲ့ပင်လယ်စာတွေအရင်စားကြပါတယ်။
ဆယ်အိမ်တန်းရဲ့ နာမည်အကြီးဆုံး ဟင်းလျာကတော့
🐟 #ငါးသလောက်အိုးမှောက် ပါ။
အရိုးပါနူးအိနေအောင် လုပ်ထားတဲ့ ငါးသလောက်သားနူးနူးညံ့ည့ံလေးကို အချဉ်နဲ့တို့စား အရသာကရှယ်ပါပဲ။
ငါးသလောက်ဥတွေပါ ထည့်ပေးပါတယ် ။
လူနည်းတော့ ၃၀ သားတကောင်ပဲမှာပါတယ်။၃၀၀၀၀ ကျပ်ပါ။
🦀🐟🐙🦞🦪🍤🐚ကိုတံငါးဟင်း၊ပင်လယ်စာဗန်းတို့အပါအဝင် ဂုံး၊ခရု၊ပုဇွန်၊ကင်းမွန်၊ပြည်ကြီးငါး ပင်လယ်စာ လတ်လတ်ဆတ်ဆတ် အစုံရပါတယ်။
🛶ဗိုက်ဖြည့်ပြီးချိန် နဲ့ရေတက်ချိန်ကွက်တိပဲ။ရေတက်လာတော့ ရေကြည်တဲ့ ရေလယ်သောင်ဆီကို စက်လှေစီးကြပါတယ်။စက်လှေခက တယောက်၃၀၀၀ ကျပ်ပါ။
အညာသူ ဒေါ်နွေးနွေးတို့က အများစုသွားတဲ့ ရေလယ်သောင်ကိုမသွားပဲ 🌴လမုတောတွေဘက်ကို စက်လှေမောင်းခိုင်းပြီး စပ်စုပါတယ်။
#လမုတော ဆိုတာက
• မြစ်ဝကျွန်းပေါ်ဒေသ
• ပင်လယ်ကမ်းခြေရွှံ့မြေ
• ရေတက်ရေကျရှိတဲ့နေရာ
တွေမှာ ပေါက်တဲ့ သဘာဝကမ်းခြေကာကွယ်ရေးတော ဖြစ်ပါတယ်။
🌊🌊မုန်တိုင်း၊ လှိုင်းကြီးတွေ လာတဲ့အခါ
လမုတောတွေက သဘာဝတံတိုင်းလို ကာကွယ်ပေးပါတယ်။
လမုပင်အမြစ်တွေက ရွှံ့မြေတွေကြားအောက်စီဂျင်မရတဲ့အတွက် မြေပေါ်ကိုထိုးထွက်နေကြပါတယ်။
လမုမြစ်တွေကြားမှာ ငါး၊ပုဇွန်၊ဂဏန်းတွေရှင်သန်ပေါက်ဖွားကြလို့ ဒေသခံငါးဖမ်းလုပ်ငန်းတွေကိုလည်းအထောက်အကူပြုနေတာပါ။
စက်လှေနဲ့ လိုက်ကြည့်ရင်း
#လမုပင်တွေကြား သမဲ့ပင်နဲ့ ကန့်မလာပင်တွေပါ ရောယှက်ပေါက်နေပါတယ်။
🐊မိချောင်းရှိလားလို့မေးကြည့်တော့မရှိဘူးတဲ့ ။
ကမ်းစပ်ကိုပြန်ရောက်တော့ ကျမတို့ထိုင်တဲ့ခုံတွေအောက်ထိ ဒီရေရောက်နေပြီ။
ဆယ်အိမ်တန်းကနေ 🏝️ #တိုးကမ်းခြေ ကိုလည်း သွားလို့ရပါတယ်တဲ့။အချိန်မရတော့လို့မသွားခဲ့ပါဘူး။
အပြန်လမ်းတွေမှားလို့ #ဒလတံတားသစ်ကြီးကနေ မပြန်နိုင်တော့ပဲ #ကော့မှူး၊ #တွံတေးဘက်ကလမ်းကိုရောက်သွားလို့
#တွံတေးတူးမြောင်းကြီးကို မျက်ဝါးထင်ထင်ကြည့်ခဲ့ပါသေးတယ်။
မရောက်ဖူးတဲ့နေရာတွေရောက်ခဲ့တာမို့ ဒေါ်နွေးနွေးအတွက် Adventure တွေချည်းပါပဲ။
ရန်ကုန်နဲ့ နေ့ချင်းပြန်သွားလို့ရလို့ အချိန်ကုန်ငွေကုန်
သက်သာပြီး မြို့ပြရဲ့မွမ်းကြပ်မှုတွေကနေ စိတ်ထွက်
ပေါက်ရစေခဲ့တဲ့ခရီးတိုလေးတခုပါ။
🏖️🤎🤎🤎
ကဲ…ဆယ်အိမ်တန်းကမ်းခြေဟာ ပင်လယ်ကမ်းခြေဖြစ်ပြီး ရေဘာလို့နောက်နေတာလဲ???????
🗺️ဒီနေရာဟာဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွေထဲက တစိတ်တပိုင်း ဖြစ်ပြီး မြစ်ဝနဲ့ မုတ္တမပင်လယ်ကွေ့ဆုံတဲ့နေရာပါ။
🗺️📍မြေပုံကိုကြည့်ရင် မြစ်ကြီးတွေ၊ မြစ်ခွဲတွေ
ပင်လယ်ထဲကို တိုက်ရိုက် ဝင်နေတဲ့ ဒေသဖြစ်တာကို မြင်နိုင်ပါတယ်။
🏞️ဧရာဝတီမြစ်ကြီးက #မေခ #မလိခ ကိုမြစ်ဖျားခံပြီး
တောင်တန်းတွေကြားကနေ စီးဆင်းလာတဲ့အချိန် မှာ ရေစီးအလွန်သန်ပြီး ရေက ကြည်လင်ပါတယ်။
#ဧရာဝတီမြစ်ဟာ ကီလိုမီတာ ၂,၀၀၀ ကျော် ခရီးနှင်လာတဲ့အခါ လမ်းမှာရှိတဲ့ ရွှံ့၊သဲနဲ့ နုန်းတွေကို တိုက်စားသယ်ဆောင်လာပါတယ်။
သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ တစ်နှစ်ကို နုန်းတန်ချိန် ၂၁၆ သန်း ကျော်ပါတယ်။
ဒါဟာ ကမ္ဘာပေါ်မှာ #ပဉ္စမမြောက် နုန်းအများဆုံး သယ်တဲ့ မြစ်လည်း ဖြစ်ပါတယ်။
အဲ့လိုအနည်ပို့ချနေတဲ့အတွက် ဧရာဝတီမြစ်ဝကျွန်းပေါ်ဟာ တနှစ်လျှင်ပေ၂၀၀ နှုန်းနဲ့ ပင်လယ်ဘက်ကို ထိုးထွက်နေပါတယ်။
#ဧရာဝတီမြစ်ဟာ ပင်လယ်ဝမှာ ပန်ကာပုံ မြစ်ခွဲ ၉ ခုအဖြစ် ဖြာထွက်သွားပြီး မြစ်ရေဟာ #ကပ္ပလီပင်လယ်ထဲကို အရှိန်ပြင်းပြင်းနဲ့ ဝင်တာမဟုတ်ပါဘူး။
#ပင်လယ်ဝရောက်ရင် ရေစီးနှေးသွားပြီး ဆားငံရည်ဟာ အနည်တွေကိုစုရူံးစေခြင်းကြောင့် သူသယ်လာတဲ့ နုန်းတွေကို ပင်လယ်အောက်ခြေမှာ စုချလိုက်ပါတယ်။
ဒါကြောင့်ပင်လယ်ရေထဲမှာ
နှုန်းမြေတွေက လှိုင်း နဲ့ #ဒီရေအတက်အကျရှိတိုင်းလှုပ်ရှားနေပြီး နှုန်းတွေကို လှုံ့ဆော်သလိုဖြစ်ကာ
ရေက အပြာမဟုတ်ဘဲ ရွှံ့ရောင် ဖြစ်နေပါတယ်။
ဒါဟာ
ညစ်ပတ်လို့ မဟုတ်ပါဘူး။
ဒါဟာမြစ်ဝကျွန်းပေါ်ဒေသ က #ကမ်းခြေရဲ့ သဘာဝပုံမှန်အခြေအနေတစ်ခုပါ။
ဒီဒေသဟာ နုန်းမြေအသစ်တွေ အမြဲရနေလို့ #စိုက်ပျိုးရေးအတွက် အကောင်းဆုံး #မြေဆီလွှာတွေကို သဘာဝရဲ့လက်ဆောင်အဖြစ်ပိုင်ဆိုင်ထားပါတယ်။
ဆယ်အိမ်တန်းကမ်းခြေမှာ ရေပြာပြာတွေ မတွေ့နိုင်ပေမယ့် မြစ်ဝကျွန်းပေါ်ဒေသရဲ့
သဘာဝ၊ ယဉ်ကျေးမှု၊ နဲ့ လူနေမှုဘဝကို
နီးနီးကပ်ကပ် မြင်နိုင်တဲ့နေရာတစ်ခုပါ။
#ဆယ်အိမ်တန်းကမ်းခြေ
#ကွမ်းခြံကုန်းမြို့နယ်
#ဆယ်အိမ်တန်းရွာ