20/04/2026
ရန်ကုန်လေဆိပ်တွင် ဘရိတ်ချို့ယွင်းမှုကြောင့် MNA လေယာဉ်နှင့် MAI လေယာဉ်တို့ ငြိစွန်းမှုဖြစ်ပွား၊ လူအထိအခိုက်မရှိ
2026 ဧပြီ ၂၀
ဒီကနေ့၊ ဧပြီလ၊ ၂၀ ရက်နေ့ မနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) မှ ATR-72 လေယာဉ်တစ်စင်းဟာ လေယာဉ်ပြေးလမ်းကို ရွေ့လျား (Taxi) ထွက်ခွာစဉ် ဘရိတ်စနစ် (Break System) ချို့ယွင်းမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
ဖြစ်စဉ်အသေးစိတ်အရ အဆိုပါ ဘရိတ်ချို့ယွင်းမှုကြောင့် MNA ရဲ့ ATR-72 လေယာဉ်ဟာ အရှိန်မထိန်းနိုင်ဘဲ အနီးမှာ ရပ်နားထားတဲ့ အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း (MAI) မှ Airbus A319 လေယာဉ်ရဲ့ အမြီးပိုင်းကို ဝင်ရောက်ထိမိခဲ့ပ့တယ်။
အဲ့ဒီလို ထိမိပြီးနောက် လေယာဉ်မှာ ချာလည်ထွက်သွားခဲ့ပြီး လေဆိပ်အတွင်း ခရီးသည်သုံးပစ္စည်းများ အတင်အချပြုလုပ်ရာမှာ အသုံးပြုတဲ့ ကုန်တင်လှည်းကို ထပ်မံတိုက်မိပြီးမှသာ ရပ်တန့်သွားခဲ့ပါတယ်။
ဒီဖြစ်စဉ်အတွင်း လေယာဉ်နှစ်စင်း ငြိစွန်းမှုနဲ့ ပစ္စည်းတင်လှည်းကို တိုက်မိမှုများ ဖြစ်ပေါ်ခဲ့ပေမဲ့လည်း ကြီးမားတဲ့ ထိခိုက်ပျက်စီးမှုများ မရှိခဲ့ကြောင်းနဲ့ ခရီးသည်များ၊ လေဆိပ်ဝန်ထမ်းများ ထိခိုက်ဒဏ်ရာရရှိမှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း ကနဦးသတင်းများအရ သိရပါတယ်။