Hello Mrauk-U

Hello Mrauk-U မြောက်ဦးမှာရှိတဲ့ လည်ပတ်စရာနေရာတွေ အစားအသောက်ကောင်းတွေ ဘုရားသမိုင်းတွေကိုဖော်ပြပေးမှာပါ

Bye Bye 🥀Hello Mrauk-U page ကနေ နှုတ်ဆက်ခဲ့ပါတယ် ချစ်တို့ရေ။ မင်မင်တို့ ဒီ page ကိုဆက်မလုပ်တော့ပါဘူးနော်။ ထပ်ပြီးတော့လည်...
04/09/2021

Bye Bye 🥀
Hello Mrauk-U page ကနေ နှုတ်ဆက်ခဲ့ပါတယ် ချစ်တို့ရေ။ မင်မင်တို့ ဒီ page ကိုဆက်မလုပ်တော့ပါဘူးနော်။ ထပ်ပြီးတော့လည်း မတိုက်ခိုက်ကြပါနဲ့တော့။နစ်နာသွားတဲ့သူတွေအားလုံးကိုလည်း ထပ်တစ်ကြိမ်တောင်းပန်ပါတယ်။
သမိုင်းအစဉ်အလာကြီးမားတဲ့ မြောက်ဦးလိုနေရာမျိုးကို page နာမည်ပေးပြီး စာတွေရေးမိတဲ့အတွက်လည်း မင်မင်တို့မှားမှန်းသိပါပြီ။
မင်မင်တို့ကတော့ ခရီးသွားရာသီရောက်ရင် ကိုယ်ချစ်တဲ့မြို့လေးဆီကို ခရီးသည်ပိုရဖို့ စနစ်တကျအစီစဉ်ဆွဲပြီးလုပ်ခဲ့ကြတာပါ။ မြောက်ဦးမြို့ရဲ့ အိမ်ထောင်စုတော်တော်များများဟာ ခရီးသွားလုပ်ငန်းကိုမှီခိုနေရတမို့ ရိုးသားစွာနဲ့ promote လုပ်ခဲ့ကြတာပါ။ အရင်ကဆို သျှစ်သောင်းဘုရားပွဲမှာ ကြပ်တိုက်မုန့်ရောင်းတဲ့စျေးသည်ရဲ့ဝင်ငွေဟာ သူ့မိသားစုအတွက် တစ်မိုးတွင်းလုံးထိုင်စားလို့ရပါတယ်။ ခရီးသည်မဝင်တော့ ကြုံရာအလုပ်တွေလုပ် ဖားရှာငါးရှာစားကြတဲ့ဘဝကိုရောက်ကြရတာ ကိုယ့်အမြင်မို့ ဒီ page လေးကနေ promote လုပ်ကြည့်မိခဲ့ကြတာပါ။
မြောက်ဦးကို ကိုယ်ကျိုးအတွက်အသုံးချတယ်ဆိုတဲ့ msg တွေပို့ပြီး စော်ကားတဲ့အထိဖြစ်လာတော့ မင်မင်တို့ ရပ်တန့်လိုက်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ တကယ်တော့ နောက်နှစ်ပတ်စာထိ တင်မယ့် post တွေရေးထားကြပြီးသားပါ။
ဆက်လုပ်ဖို့ ခွန်အားတွေမရှိတော့သလို ရေးလည်းမရေးရဲတော့တာမို့ ရပ်တန့်ပစ်ဖို့ဆုံးဖြတ်ခဲ့ကြတာပါ။
မသင့်လျော်ခြင်းဆိုတာက တစ်ယောက်အမြင်နဲ့တစ်ယောက်မတူနိုင်ကြတာမို့ ဒီ page လေးဆက် run နေရင်လည်း အဆဲခံသံသရာလည်နေအုံးမှာမို့ပါ။
မန့်တွေထဲကရော cb ထဲကပါ အားပေးခဲ့ကြသူတွေကိုလည်းကျေးဇူးတင်ပါတယ်။
ဒီပြသနာကနေ မင်မင်တို့အများကြီးသင်ယူလိုက်ရပါတယ်။

နှုတ်ဆက်ခဲ့ပါတယ် 💔

Admin Team

Photo credit

အားလုံးပဲသာလီစွပါ 🙏🙏🙏ဒီတစ်ခေါက် မင်မင်တောင်းပန်ဖို့အတွက်ရောက်လာတာပါ။ မင်မင်မနေ့ကတင်လိုက်တဲ့ ညီမလေး ဖြိုးမြတ်ပန်ရဲ့ ပုံတွ...
04/09/2021

အားလုံးပဲသာလီစွပါ 🙏🙏🙏

ဒီတစ်ခေါက် မင်မင်တောင်းပန်ဖို့အတွက်ရောက်လာတာပါ။ မင်မင်မနေ့ကတင်လိုက်တဲ့ ညီမလေး ဖြိုးမြတ်ပန်ရဲ့ ပုံတွေထဲမှာ ဘုရားမှာရိုက်ဖို့မသင့်တော်တဲ့ pose နဲ့ဓာတ်ပုံတစ်ပုံပါသွားပြီး စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတာမို့ ညီလေးဖြိုးမြတ်ပန်ကိုရော စိတ်မကျေမချမ်းဖြစ်ခဲ့ရတဲ့သူတွေရော ရခိုင်လူထုကိုပါ မင်မင်အနူးအညွတ်တောင်းပန်လိုက်ပါတယ်
အပေါ်မှာ mention လုပ်ထားတဲ့သူတွေအားလုံးဟာ စဉ်းစားဆင်ခြင်မှုနည်းပါးတဲ့ မင်မင်ရဲ့လုပ်ရပ်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်စေခဲ့တာမို့ ထပ်တစ်ကြိမ်အနုးအညွတ်တောင်းပန်လိုက်ပါတယ်
မင်မင်ကိုယ်တိုင်လည်း မြောက်ဦးကိုချစ်တဲ့စိတ်နဲ့ ဒီ page လေးကိုစလုပ်ခဲ့တာပါ ပြီးတော့အရင်ကလည်း ပြည်တွင်းပြည်ပကခရီးသွားတွေရဲ့ မသင့်တော်တဲ့ပုံတွေကိုဖျက်ဖို့သွားပြောခဲ့ဖူးပါတယ်။ 2016 တုန်းက နိုင်ငံခြားသူတစ်ယောက် ပေစိဘုရားကိုပခုံးပေါ်တက်ခွပြီးရိုက်ထားတဲ့ပုံကို IG တွေ့တာမို့ မင်မင်သွားပြောလို့သူဖျက်ပေးခဲ့ပါတယ်။
ဒီတစ်ကြိမ်မှာတော့ မသင့်တော်တဲ့ ပုံတစ်ခုကို ကိုယ်တိုင်တင်မိတာမို့ ညီမလေးဖြိုးမြတ်ပန်အပါအဝင် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသူအားလုံးကို တတိယကြိမ်မြောက်တောင်းပန်လိုက်ပါတယ်။ ရှေ့လျှောက်လည်းဆင်ခြင်သွားပါ့မယ်

မင်မင်တို့ကိုရော ညီမလေးဖြိုးမြတ်ပန်ကိုရော ခွင့်လွှတ်ပေးကြပါ သူ့ပုံလေးကိုလည်း ဖျက်ပေးကြပါ။ အဓိကတရားခံက မင်မင်ပဲမို့ မကျေနပ်သေးရင် direct msg ပို့ပြီးတော့ လာပြောနိုင်ပါသေးတယ်။ ဖြစ်သမျှက မင်မင့်အမှားတွေမို့ အကျိုးဆက်အားလုံးကို မင်မင်ခံယူပါတယ်။

ခွင့်လွှတ်ပေးပါ 🙏

Admin Team

ရခိုင့်ညွန့်ဖူး မွန်ကြယ်မြူးအပိုင်း (၅)ထီးနန်း နဲ့ အာဏာအတွက် အဖေကို ပြန်သတ်တဲ့ သားတွေကို မြင်ခဲ့ ၊ ကြားခဲ့ဖူးပါတယ် ။ သား...
03/09/2021

ရခိုင့်ညွန့်ဖူး မွန်ကြယ်မြူး
အပိုင်း (၅)

ထီးနန်း နဲ့ အာဏာအတွက် အဖေကို ပြန်သတ်တဲ့ သားတွေကို မြင်ခဲ့ ၊ ကြားခဲ့ဖူးပါတယ် ။ သားသမီးအရင်းကို ပြန်သတ်တဲ့ သူမျိုးကော မြင်ဖူး ၊ ကြားဖူးကြပါသလား ။

"နဂါးအနွယ် ၊ တကယ် ကိုးဆက်မြောက်လိမ့်မည် ၊ အဆုံးနဂါးတိုင်လေငြား ၊ နဂါးအနွယ် ပြတ်လိမ့်မည် ။"

ရှေးတုန်းက ရခိုင်ပြည်ကြီးမှာ တဘောင်ပေါ်ခဲ့ဖူးပါတယ် ။ တဘောင်အရပြောရရင် #သီရိသုဓမ္မမင်းဟာ နန်းသိမ်းဘိသိက်ခံယူပြီး ၁၂ အကြာမှာ နတ်ရွာစံရလိမ့်မည်လို့ အဓိပ်ပါယျထှကျနပေါတယျ ။ ငယ်ငယ်က သင်ခဲ့ရတဲ့ ခက်ဆစ်အဖွင့်လေးကို မှတ်မိနေပါတယ် ။ #တဘောင်ဆိုတာ ကလေးတွေ ၊ သဘင်သည် နဲ့ အရူးတွေ ပြောဆိုကြတဲ့ နိမိတ်စကားတွေပါ ။ နောက်တမျိုးပြောရရင်
တဘောင်ဆိုတာ ရှေ့အနာဂါတ်မှာ ဘာဖြစ်မယ်ဆိုတာကို အရပ်ထဲမှာပြတဲ့ နိမိတ်တွေပေါ့ ။

သာမန်လူတန်းစားတွေအတွက်တော့ ဒီလို နိမိတ်စကားတွေကို ယုံကြတာ အဆန်းမဟုတ်ပေမယ့်လဲ တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေသူကိုယ်တိုင်က ဒါမျိုးတွေကို ယုံကြည်ခဲ့ကြတာတွေကတော့ တကယ်ထူးဆန်းလှပါတယ် ။ တကယ်ပဲ မရေရာမသေချာတဲ့ အနာဂါတ်ကို ကြောက်လှန့်ပြီး သီရိသုဓမ္မမင်းကြီးဟာ နန်းတက်ခဲ့တာ ၁၂ နှစ်ကျော်လာတဲ့တိုင်အောင် ရာဇဘိသိက်မခံယူခဲ့ပါဘူး ။

"ကြွက်ကားသုံးမည့် ၊ ရှေ့ဖျားတည် ၊ ဖြစ်သည့်ကောင်းခြင်း ၊ သံတွဲမင်း ။ ဖြစ်လာမည်လည်း ၊ တော်သလင်း ။" ဟူသော တဘောင်စကားအတိုင်း သံတွဲမြို့စား ဘစောသီရိဟာ
ခရစ်နှစ် ၁၅၃၀ မှာ မိဖုရား ဖွားစောမင်းကို ရွှေလက်တွဲပြီး မြောက်ဦးရွှေနန်းကို စိုးစံကာ ဒုတိယမြောက်ဦးခေတ်ကို စခဲ့ပါတယ် ။ လမုခြီမင်းပြင်ကို အပိုင်စားရတဲ့အတွက် မင်းပြင် (သို့) #မင်းဘာလို့လည်း အမည်တွင်ပါတယ် ။

မြောက်ဦးခေတ်ကို ပြောကြတဲ့အခါ ခေတ် ၃ ခေတ်ခွဲခြားပြီး ပြောကြပါတယ် ။ ပထမမြောက်ဦးခေတ်ကို #မင်းစောမွန်က ခရစ်နှစ် ၁၄၃၀ မှာ စခဲ့ပြီး မင်းခေါင်ရာဇာအထိ မင်းဆက် ၁၂ ဆက်ရှိခဲ့ပါတယ် ။ ဒါကို "စောမွန်တည်ကေ မင်းဘာပြုပြင် မြို့မြောက်ဦး "လို့ ဆိုရိုးရှိပါတယ် ။

မြန်မာ့သမိုင်းမှာ အရှည်ကြာဆုံးစစ်ပွဲ ဖြစ်ခဲ့တဲ့ အင်းဝ-ဟံသာဝတီ နှစ် ၄၀ စစ်ပွဲ အတွင်းမှာ လေးမြို့ခေတ်ရဲ့နောက်ဆုံးမြို့တော်ဖြစ်တဲ့ လောင်းကြက်မြို့တော်ဟာလည်း ဗမာ နဲ့ မွန်တို့ရဲ့ စစ်မြေတလင်း ဖြစ်ခဲ့ရပါတယ် ။ သက္ကရာဇ် ၇၆၈ ခုနှစ်မှာ အင်းဝဘုရင်မင်းရဲကျော်စွာဟာ လောင်းကြက်မြို့တော်ကို တိုက်ခိုက်ခဲ့တဲ့အတွက် ရခိုင်ဘုရင် မင်းစောမွန်ဟာ ဘင်္ဂလားဒေသကို ရှောင်တိမ်းခဲ့ရပါတယ် ။ လောင်းကြက်မြို့တော်ဟာ အင်းဝမင်းတို့ရဲ့လက်အောက်မှာ ၂၄ နှစ်တိုင်အောင် ရှိနေခဲ့ပါတယ် ။

မင်းစောမွန်ဟာ ဘင်္ဂလားမင်း သူရတန်ရဲ့ အကူအညီနဲ့ လောင်းကြက်ထီးနန်းကို ပြန်လည်ရရှိခဲ့တဲ့အခါမှာတော့ မြို့တော်ကို လောင်းကြက်ကနေ မြောက်ဦးမြို့ကို ရွေ့ပြောင်းခဲ့ပြီး ပထမမြောက်ဦးခေတ်ကို စတင်ခဲ့ပါတယ် ။ ထီးနန်းကို ပြန်လည်ရရှိစေဖို့အတွက် စစ်ရေးအကူအညီစရိတ်အဖြစ်နဲ့ ဘင်္ဂါ ၁၂ မြို့ကို သူရတန်မင်းဆီကို ပေးခဲ့ရပါတယ် ။

ဒုတိယမြောက်ဦးခေတ်ကိုတော့ မင်းဘာကြီးက စတင်ခဲ့ပြီး "ကြွက်ကားစဥ်လျှက် ၊ အဆက်နဂါး ၊ နောက်ထားရေသူ ၊ ကိုးဆက်ဟူ၏။ မြောက်ဦးအပါး ၊ အိမ်ရှေ့နား၌ ၊ နဂါးသုံးခွေ ၊ ခွေလတ်မည် ။" ဆိုတဲ့ တဘောင်အတိုင်း မင်းဆက် ၉ ဆက်ရှိခဲ့ပါတယ် ။ မင်းဘာကြီးထူထောင်ခဲ့တဲ့ ဒုတိယမြောက်ဦးခေတ်ဟာ ရခိုင်သမိုင်းမှာ အထွတ်အထိတ်ကို ရောက်ခဲ့တဲ့ကာလပါပဲ ။

မင်းဘာကြီး ဘုရင်ဖြစ်လာပြီးတဲ့နောက်မှာ သျှင်မြဝါရဲ့ အကြံပေးချက်နဲ့အတိုင်း အမတ်ကြီး မဟပညာကျော်ကို စစ်သူကြီးခန့်အပ်ပြီး မင်းစောမွန်လက်ထက်က ဆုံးရှုံးခဲ့ရတဲ့ ဘင်္ဂါ ၁၂ မြို့ကို ပြန်လည် တိုက်ခိုက်သိမ်းပိုက်စေခဲ့ပါတယ် ။ ရခိုင့်မြေကို ကျူးကျော်ရန်စလာခဲ့တဲ့ ပေါ်တူဂီနယ်ချဲ့တွေကိုလည်း အပြီးတိုင်ပဲ မောင်းထုတ်နိုင်ခဲ့ပါတယ် ။ ဒါတွင်မကသေးပါဘူး ။ အရှေ့ဘက်ကနေ ချီတက်လာတဲ့ တပင်ရွှေထီး နဲ့ ဘုရင့်နောင်မင်းတရားကြီးတို့ရဲ့ တပ်တွေကိုလည်း အောင်အောင်မြင်မြင်ပဲ တွန်းလှန်နိုင်ခဲ့ပါတယ် ။

မင်းဘာကြီးရဲ့ မြေးတော်ဖြစ်တဲ့ #မင်းရာဇာကြီးလက်ထက်ဟာဆိုရင် မြောက်ဦးခေတ်ရဲ့ အထွတ်အထိပ်ရွှေခေတ်လို့တောင် ဆိုနိုင်ပါတယ် ။ မင်းရာဇာကြီးဟာ နတ်ရှင်နောင်ရဲ့ တောင်ငူတပ်တွေနဲ့
ပူးပေါင်းပြီး #နန္ဒဘုရင်ကို တိုက်ခိုက်ခဲ့တဲ့အတွက် ပဲခူးဟံသာဝတီမြို့တော် ကျဆုံးခဲ့ရပါတယ် ။ ဒီကာလဟာ ဘုရင့်နောင်မင်းတရားကြီး ထူထောင်ခဲ့တဲ့ ဒုတိယမြန်မာနိုင်ငံတော်ကြီး ကျဆုံးခြင်းနဲ့အတူ ရခိုင့်ရွှေခေတ် တစ်ခေတ်ကို ရောက်ရှိခဲ့တဲ့ကာလပါပဲ ။

ဟံသာဝတီနေပြည်တော်ကြီး ကျဆုံးခဲ့တဲ့နောက်မှာ ဆင်ဖြူတော်နဲ့အတူ ဘုရင့်နောင်လက်ထက် ယိုးဒယားက သိမ်းပိုက်ရရှိခဲ့တဲ့ ရွှေ ငွေ ကြေး ရုပ်ထုတွေ ၊ မရေမတွက်နိုင်တဲ့ ရတနာတွေနဲ့အတူ လူအရွယ်ပမာဏရှိပီး လက်နှစ်လုံးခန့်ထူတဲ့ ရွှေသားစစ်စစ် တပင်ရွှေထီးမင်းကြီးရဲ့ ရုပ်တုကိုလည်း မြောက်ဦးကို ယူဆောင်လာခဲ့ပါတယ် ။ မင်းရာဇာကြီးဟာ နန္ဒဘုရင်ရဲ့ သမီးတော်ဖြစ်တဲ့ ရှင်ထွေးနှောင်း (သို့) ရှင်မနှောင်းကို 'တန်ဆောင်မိဖုရား' အဖြစ် မိဘုရားခေါင်ကြီး တင်မြှောက်ခဲ့ပီး နန္ဒဘုရင်ရဲ့ မြောက်နန်းဖွားသားတော်
ဖြစ်တဲ့ 'မောက်ခက်ပန်' ကိုတော့ ဘင်္ဂါ ၁၂ မြို့ရဲ့ ဘုရင်ခံအဖြစ် ခန့်ခဲ့ပါတယ် ။ ဒီအဆက်အနွယ်တွေက ဒီနေ့ထက်ထိကို အနောက်ဘင်္ဂလားနယ်မှာ အုပ်ချုပ်နေတုန်းပါပဲ ။

ထုံအိအောင်မွှေးတဲ့ တရုတ်စကားပန်းရနံ့တွေ လေသင့်ရာလွင့်နေတဲ့ နန်းတော်ကုန်းပတ်လည်က မြက်ခင်းစိမ်းစိမ်းပေါ်မှာ စကားပွင့်ချပ်လွာတွေက အဖြူရောင်ပန်းကမ္ဗလာချပ်တွေကို ချခင်းထားသလို စိတ်နှလုံးကို ဆွဲဆောင်နေပါတယ် ။ ပင်ယံထက်မှာ ဖြူဖြူလွှလွှပွင့်ချပ် ၅ ချပ်နဲ့ စကားပန်းတွေကို ဝေနေအောင်ပွင့်ပေးနေတဲ့ တရုတ်စကားပင်ကြီးတွေရဲ့ခြေရင်းမှာ မြောက်ဦးရှေးဟောင်းသုသေသနပြတိုက် ရှိနေပါတယ် ။ ပြတိုက်ရှိနေတဲ့ နေရာဟာ ဟိုးတုန်းကတော့ ရွှေအိမ်လို့ခေါ်တဲ့ #ရွှေရေးဆောင်ရှိခဲ့တဲ့နေရာပါ ။

သည်အခန်းကို ကိုယ်တိုင်ကိုယ်ကြ ရောက်ခဲ့ဖူးတဲ့ ခရစ်ယန်ဘုန်းတော်ကြီး မန်ရစ်ရဲ့မှတ်တမ်းအရ အခန်းနံရံတွေကို ရွှေပြားအစစ်တွေနဲ့ ကာရံထားသလို မျက်နှာကြက်ကိုလည်း ရွှေသားအစစ် ရွှေဘူးပင် ၊
ရွှေဖရုံပင်တွေမှာ ရွှေဖရဲသီး ၊ ရွှေဘူးသီး ၊ ရွှေဖရုံသီးများ သီးနေတဲ့ပုံစံ အလှဆင်ထားတယ်လို့ သိရပါတယ် ။ ဒီအခန်းထဲမှာပဲ လူတစ်ရပ်ရှိတဲ့ ရွှေသားစစ်စစ် #တပင်ရွှေထီးရုပ်ထု နဲ့ တခြားဗမာပြည်က သိမ်းယူခဲ့တဲ့ မရေမတွက်နိုင်တဲ့ ရတနာတွေနဲ့ ရွှေရုပ်ထုတွေလဲ ရှိနေတာပါ ။ ဒါ့အပြင် အရှေ့တိုင်းမှာရှိတဲ့ အဖိုးထိုက် အဖိုးတန်ဆိုတဲ့ ရတနာတွေထက်ကိုပိုပြီး တန်ဖိုးရှိတဲ့ ရွှေကြုပ်ကြီးတစ်ခုလည်း ရှိတယ်လို့ ဆိုပါတယ် ။

ဒီ ရှေးဟောင်းသုသေသနပြတိုက်ထဲကို ဝင်ခွင့်ရဖို့ ကျနော် အတော့်ကို စိတ်သားထက်သန်နေခဲ့ပါတယ် ။ ပထမကြိမ်သွားတုန်းက ပြတိုက်ပိတ်ရက်နဲ့ ကြုံနေခဲ့ပါတယ် ။ ဒုတိယအကြိမ်သွားတော့ Covid ကာလမို့ ပြတိုက်ထဲကို အပြင်လူတွေ ဝင်ခွင့်မပေးဘူးဆိုလို့ အတော်လေးကို စိတ်ပျက်ရပြန်ပါတယ် ။ နောက်ဆုံး မြောက်ဦးထွေအုပ်က ဦးစီမှုးကို မရမက အပူကပ်ပြီးမှပဲ ပြတိုက်ထဲကို ဝင်ခွင့်ရခဲ့ပါတယ် ။

ပြတိုက်ထဲကို အသည်းအသန် ဝင်ချင်ရတဲ့ ကျနော့်ရဲ့ စိတ်ဆန္ဒက မန်ရစ်စာအုပ်ထဲကလို လူအရွယ်အစားရှိတဲ့ ရွှေရုပ်ထု ၇ ရုပ်ကို မြင်ဘူးချင်လို့လဲ မဟုတ်ဘူး ။ မန်ရစ်ဖြစ်ခဲ့သလို တလက်လက်တောက်ပနေတဲ့ ရတနာတွေကြောင့် သံလိုက်စက်ကွင်းမိသလို ကြက်သေ သေသွားသလိုမျိုးဖြစ်ဖို့လဲ မဟုတ်ဘူး ။ ဒီရတနာတွေ ရွှေရုပ်ထုတွေက ဒီခေတ်မှာ ရှိမှမရှိတော့ပဲကိုး ။ ဘိုးတော်ဘုရားခေတ်ထဲက ပါတော်မူသွားရှာခဲ့ပီလေ ။ ဒီရတနာတွေလိုပဲ တန်ဖိုးဖြတ်မရတဲ့ ရုပ်ပွားဆင်းတုတော်တစ်ဆူ ဒီပြတိုက်ထဲမှာ ရှိနေပါတယ် ။ #ဘိသေကမုနိ လို့ခေါ်တဲ့ ဆင်းတုတော်ပါ ။

မြောက်ဦးခေတ် ရုပ်ပွားဆင်းတုတော်တွေကို လေ့လာကြည့်ရင် ဆင်းထုတော်တွေက လေးမြို့ခေတ်ဟန်အတိုင်း ဘယ်ခြေပေါ်မှာ ညာခြေထပ်တင်ထားတဲ့ အာသနဟန်နဲ့ ဘူမိဖသမုဒြာပုံတော်သာ ထုလုပ်ကြတာ များပါတယ် ။ အာသန တင်ပလ္လင်ခွေဟန်နဲ့ လက်တော်ပုံစံ မုဒြာတွေက အတူတူပဲဖြစ်ပေမယ့် ပုံသဏ္ဍာန်မှာ ထူးထူးခြားခြားထုလုပ်ခဲ့တဲ့ ဆင်းတုတော် ၃ မျိုး ရှိပါတယ် ။

ပထမအမျိုးအစားက ရင်ဘတ်တော်မှာ အပေါ်ဝတ်သင်္ကန်းမပါဘဲ သားမြတ်တော်(နို့) ပေါ်လွင်နေတဲ့ ပုံတော်တွေပါ ။ မြောက်ဦးမှာ အတွေ့ရ အများဆုံး ဆင်းတုတော်တွေပါ ။
ဒီဆင်းတုတော်တွေရဲ့ ရည်ရွယ်ချက်က သက်တော်ထင်ရှား ဘုရားရှင်လိုမျိုး ရည်မှန်းပြီး ဆင်းတုတော်ကို သင်္ကန်းတော် ဝတ်ရုံပေးဖို့ပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့်မို့ နဂို ထုလုပ်ထဲက သင်္ကန်းတော်ကို
ထည့်မထုလုပ်တော့ပဲ အထက်ပိုင်းကို ပြောင်အတိုင်းပဲ ထုလုပ်ကြပါတယ် ။ ဒီ ဆင်းတုတော်မျိုးကို မြေပြန့် ဗမာထုံးစံမှာ သိပ်မတွေ့ရပေမယ့် ထိုင်းတို့ ၊ ကမ္ဘေဒီးယား နဲ့ လာအို က
ရုပ်ပွားတော်တွေမှာတော့ တွေ့နိုင်ပါတယ် ။

ဒုတိယအမျိုးအစားကတော့ #စျာန်သိုင်းဘုရားလို့ ခေါ်ကြတဲ့ ရင်ဘတ်တော်မှာ သင်္ကန်းတော်ကို စည်းနှောင်ထားတဲ့ပုံစံ ဆင်းတုတော်တွေပါ ။ လေးမြို့ခေတ်မှာ ရဟန္တာအရှင်တွေ ပေါများခဲ့ပြီး အရှင်မြတ်တွေ ကောင်းကင်ကနေ စျာန်နဲ့ ဝေဟင်ခရီးသွားကြတဲ့အခါ သင်္ကန်းတော် လွင့်မှာစိုးတဲ့အတွက် ရင်ဘတ်မှာ စည်းနှောင်ထားတဲ့ပုံစံကို အတုယူပြီး ထုဆစ်ထားတယ်လို့ ဆိုကြပါတယ် ။ ဒီပုံစံ ဆင်းတုတော်တွေကို ရတနာ့မာန်အောင် နဲ့ အံတော်သိမ်ပုထိုးတွေမှာ ဖူးတွေ့နိုင်ပါတယ် ။

ဒီနေရာမှာလည်း တစ်ခုသတိထားမိတာက မြန်မာဘုန်းတော်ကြီးတွေ သင်္ကန်းဝတ်ရုံပုံကိုကြည့်ရင် ညာပခုံးဖော်ပြီး ဘယ်ပခုံးပေါ်မှာ သင်္ကန်းကို တင်ထားတဲ့ပုံစံမျိုး နဲ့ ဒုတိယပုံစံက ဆွမ်းခံတာတို့ ၊ အရေးကြီးတဲ့ အခမ်းအနားတွေမှာသုံးတဲ့ လက်လိတ်ထိုးဝတ်ရုံနည်းတွေကိုပဲ တွေ့ရမှာပါ ။ ဒါပေမယ့် ခမာ နဲ့ ထိုင်းတို့ လာအိုတို့က ဘုန်းတော်ကြီးတွေကြတော့ ခု စျာန်သိုင်းဘုရားပုံစံမျိုး ရင်ဘတ်မှာ စည်းထားတဲ့ပုံစံမျိုး ဝတ်ရုံကြတာကိုလည်း တွေ့ဖူးကြမှာပါ ။ ဒါကလည်း လေ့လာစရာ အချက်တစ်ချက်ပါပဲ ။

တတိယအမျိုးအစားဖြစ်တဲ့ ဘိသေကမုနိဆင်းတုတော်တွေကတော့ အထူးခြား အလေးနက်ဆုံးဖြစ်လို့ ကျနော် အဖူးတွေ့ချင်ဆုံးပါပဲ ။ ရှေးရခိုင်ဘုရင်တွေရဲ့ #ရာဇဘိသိက်ခံယူပွဲ ဆိုတာ ဘုရားရှင်အဆုံးအမကို ခံယူပြီး တိုင်းပြည်သူသားတွေကို သာသနာ့အဆုံးအမအတိုင်း ရင်ဝယ်သားကဲ့သို့ အုပ်ချုပ်ခြင်းမျိုးသာလျှင် ဖြစ်ပါတယ် ။ တနည်းအားဖြင့် ရခိုင်ဘုရင့်နိုင်ငံဆိုတာ သီလနဲ့အုပ်ချုပ်တဲ့ ဘုရင်မင်းတို့ရဲ့ ဗုဒ္ဓနိုင်ငံတော်ပဲ ဖြစ်ပါတယ် ။

သျှစ်သောင်းပုထိုးတော်ကြီးရဲ့ အနောက်ဖက် ကပ်လျှက်မှာ #ဗုဒ်ဓါဘိသကေဘိသိက် ခန်းမကြီး ရှိပါတယ် ။ ဘေးတော် မင်းဘာကြီးလက်ထပ်ကစပြီး
ရခိုင်းမင်းအဆက်ဆက်တို့ ရာဇဘိသိက်ခံယူပွဲ ကျင်းပခဲ့တဲ့ အရေးကြီးတဲ့ အဆောက်အအုံပါ ။ မြောက်ဦးလို့ ဆိုလိုက်တာနဲ့ ဒီဘိသိက်ခန်းမကြီးရဲ့ အောက်ခြေအုတ်နံရံကြားထဲကနေ ထုက္ကန့်သိမ်ပုထိုးကို လှမ်းရိုက်ထားတဲ့ ဓာတ်ပုံတွေကို တော်တော်များများက မြင်ဖူးကြပါလိမ့်မယ် ။ မြောက်ဦးရဲ့ icon အထိမ်းအမှတ်လို့တောင်
ပြောလို့ရတဲ့ ဒီနေရာဟာ ဓာတ်ပုံရိုက်လို့ကောင်းရုံသာမက သမိုင်းရာဇဝင်တန်ဖိုးအရလည်း အထင်ကရ အရေးကြီးတဲ့ နေရာတစ်ခုလဲ ဖြစ်နေပြန်ပါတယ် ။

ခုအခါမှာတော့ အမိုးမရှိတော့တဲ့ ဒီခန်းမထဲမှာ ရှေးရခိုင်ဘုရင်တွေဟာ ဗုဒ်ဓါဘိသကေ ဘိသိက်မင်္ဂလာပွဲတော်ကို ကျင်းပခဲ့ကြပါတယ် ။ ဘိသိက်ပွဲမကျင်းပမှီ ဘုရင်ဟာ မိမိဝတ်ဆင်မယ့် အဝတ်တန်ဆာတော်အတိုင်း မင်းမြောက်တန်ဆာအပြည့် ဝတ်ဆင်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်ကို ရတနာကိုးပါးနဲ့ ဦးစွာသွန်းလုပ်စေပါတယ် ။ မိမိမဝတ်ဆင်မှီမှာ ဦးဦးဖျားဖျား ဘုရားရှင်ကို ဆပ်ကပ်လှူဒါန်း ဆင်မြန်းပေးသည့် သဘောမျိုးဖြစ်ပါတယ် ။

ဆင်းတုတော်မှာ အရွယ်အစားကြီးမားတဲ့ ဆင်းတုတော်ကိုတော့ ကျောက်နဲ့ထုဆစ်ကြပီး ရတနာကိုးပါးနဲ့ဆင်းတုမျိုးကိုတော့ ဘုရင့်ကိုယ်ခန္ဓာ အတိုင်းအတာနဲ့ တစ်မိုက် ၊ တစ်ထွာ ၊ တစ်ထောင် အမျိုးမျိုးသွန်းလုပ်လေ့ရှိပါတယ် ။ ပြတိုက်မှာရှိတဲ့ ဆင်းတုတော်ဟာ တစ်တောင်သာသာ ရှိပါတယ် ။ သျှစ်သောင်းဘုရားကြီးရဲ့ အာရုံခံတန်ဆောင်းထဲမှာတော့ ၆ ပေနီးပါးရှိတဲ့ ကျောက်ဆင်းတုတော်ကြီးကို ဖူးခဲ့ရပါတယ် ။

ဘုရင်ရဲ့ မင်းဝတ်တန်ဆာအတိုင်းဝတ်ပြီး သွန်းလုပ်ထားတဲ့အတွက် ဒီဆင်းတုတော်တွေကို ဘိသေကမုနိလို့ ခေါ်ပါတယ် ။ ဗုဒ်ဓါဘိသကေ ဘိသိက်မင်္ဂလာပြုတဲ့အခါ ဦးဆုံး သံဃရာဇာဆရာတော်နဲ့ တခြားသက်တော်ဝါတော်ကြီးသော သာသနာပိုင်ဆရာတော်တို့က ဆင်းတုတော်ကို အနေကဇာတင်ကြပါတယ် ။ ပီးတဲ့အခါ ဘုရင်မင်းတို့ဟာ ဆင်းတုတော်ကို ဦးခေါင်းပေါ်မှာတင်ပြီး ဘုရားမြတ်အဆုံးအမအတိုင်း အုပ်ချုပ်ပါမည့်အကြောင်း ကျမ်းသစ္စာကျိန်ဆိုကြရပါတယ် ။ ဒါ့ကြောင့်မို့ ဘိသေကမုနိတွေကို ရခိုင်လို #မဟာကျိန်ဘုရားလို့လဲ ခေါ်ကြပါသေးတယ် ။

ဘိသိမင်္ဂလာခံယူပြီးတဲ့နောက် ဘုရင်ဟာ လောင်ပွန်းပြောက်စေတီရဲ့ မြောက်ဖက်မှာရှိတဲ့ ထူပါရုံစေတီကို ဖူးမြော်ပြီး အောင်မြေနင်းရပါတယ် ။ ဘိသေကမုနိတွေမှာ မင်းဝတ်တန်ဆာများနဲ့ ဆင်းတုတော်တွေ ရှိသလို လက်အောက်ခံ ဘုရင်ခံတွေ ၊ မူးကြီးမတ်ကြီးတွေက သူတို့ရဲ့ ရာထူး အဆောင်အယောင်အတိုင်း ဆင်ယင်ခွင့်ရခဲ့တဲ့ ဗောင်းတော်တွေနဲ့ ထုဆစ်ခဲ့တဲ့ ဆင်းတုတော်တွေကိုလည်း ကိုးသောင်းဘုရားကြီးမှာ တွေ့နိုင်ပါသေးတယ် ။

ဘုရင်တစ်ပါးဟာ ဘိသိက်မခံယူခဲ့ရင် သူ့ကို ဘုရင်အဖြစ် စားရင်းသွင်းလို့ မရပါဘူး ။ ဘိသိက်မခံယူတဲ့ဘုရင်ဟာ ဘုန်းတန်ခိုးလည်း မရှိသလို သာသနာကို မပြုစုနိုင် ၊ သိမ်မြေအမိန့် မပေးနိုင် ၊
လွတ်တက်တရားစီရင်ဖို့ နဲ့ ပြည့်သူ့လုပ်ခွန်တွေကို တောင်းယူခွင့်လဲမရှိပါဘူး ။ ဘိသိက်ခံယူခြင်းရဲ့ အနှစ်သာရဟာ ဘုရင်နဲ့ ပြည်သူကြားမှာ ကတိသစ္စာပြုခြင်း ဖြစ်တဲ့အတွက် ဘိသိက်ခံယူမှသာ တိုင်းနိုင်ငံဟာ သာယာစည်ပင်မယ်လို့ ရှေးကယူဆခဲ့ကြပါတယ် ။

ဟရီမင်း (ခေါ်) သိရိသုဓမ္မရာဇာမင်းကြီးဟာ ၁၂ နှစ်ကျော် ရွေ့ဆိုင်းခဲ့တဲ့ ဘိသိက်ခံယူပွဲကို ကျင်းပတော့မယ်ဆိုတော့ ပြည်သူပြည်သားတွေဟာ အုတ်အုတ်ကျတ်ကျတ်နဲ့ ဆူညံသွားကြပါတော့တယ် ။ အတိတ် နိမိတ် နဲ့ သိုက် ယတြာမှာ အထူးတတ်ကျွမ်းတဲ့ မဉ်ဇူသာရပုရောဟိတျကွီးက ဘိသိက်ခံယူပြီး မကြာမှီမှာပဲ နတ်ရွာစံမယ်လို့ အဟော
ရှိတာကြောင့် ၁၂ နှစ်ကျော် ရွေ့ဆိုင်းလာခဲ့ပြီး ခုမှ ထလုပ်မယ်ဆိုတော့ ပြည်သူတွေလဲ အံ့သြကြတာ အဆန်းမဟုတ်ပါဘူး ။

"ဟရီမင်း မဟုတ်တာလုပ် ၊ တိုင်းပြည်ပြုတ် "လို့ ဆိုကြတဲ့အတိုင်း ပါးစပ်ရာဇဝင်တွေအရတော့ ဘုရင်မင်းမြတ်ဟာ အနောက်အရပ်ကလာတဲ့ ဗေဒင်ဆရာကြီး စီရင်ပေးတဲ့ မသေဆေးကို ရရှိသွားလို့ သေမှာမကြောက်တော့ဘူးလို့ ဆိုကြပါတယ် ။ တကယ်တန်းတော့ ဘုရင်ဟာ မိဖုရားခေါင်ကြီး နေ့စဥ်တိုက်နေတဲ့ အဆိပ်ဆေးကြောင့် အရူးတစ်ပိုင်းသာသာ ဖြစ်နေပါပီ ။ ရာဇဝင်ဆရာတွေရဲ့ အလိုအရ မိဖုရားခေါင်ကြီး #နတ်သျှင်မယ်ဟာ အာသာဆန္ဒအလွန်ပြင်းပြသူလို့ ဆိုပါတယ် ။ ဘုရင့်မိဖုရားခေါင်ကြီး ဖြစ်နေပေမယ့် အနောက်ဝန် မိန်းမစိုးကိုတောင် ဆေးနဲ့ပြန်ရှင်သန်စေပြီး ဖောက်ပြန်ခဲ့တယ်လို့ ဆိုပါတယ် ။

ဒါကို ဆိုဆုံးမဖို့ ရာဇ ဓမ္မတတ်ကျွမ်းတဲ့ လောင်းကြက်စား #ကုသလအမတ်ကို ဆုံးမပဲ့ပြင်ခိုင်းတာမှာ ဒီအမတ်ပါ မိဖုရား ရင်ခွင်ထဲ ရောက်သွားပါတော့တယ် ။ တကယ့် အာဂမိဖုရားပါပဲ ။ " ဖွတ် မိကျောင်းဖြစ် ၊ မြစ် မချမ်းသာ ၊ လူယုတ်မာကြီးပွား ၊ တိုင်းပြည်မကောင်းစား " ဆိုတဲ့အတိုင်း တဏှာရူး နဲ့ အာဏာရူး တို့ တွေ့ကြပါပီ ။

" ကျွန်နှင့်မတန် ၊ မင်းဖြစ်ကြံသည် "ဆိုသော တဘောင်အတိုင်း မိဖုရားနှင့် အမတ်ပေါင်းပြီး ဘုရင်ကို ဆေးခတ်သလို ဘုရင့်ဘုန်းတန်ခိုး လျော့ကြသွားအောင်လည်း ယတြာအမျိုးမျိုးပြုလုပ်ပြန်ပါတယ် ။
ကုသလအမတ်ဆိုတာ ဗေဒင် ယတြာအတတ်တွင် သူမတူအောင်တတ်သူဟု ဆိုပါသည် ။ သူတတ်ကျွမ်းသော ပြုစားနည်းအမျိုးမျိုးနဲ့ ဘုရင်ကို မြန်မြန်နတ်ရွာစံအောင် ပြုလုပ်တာပေါ့လေ ။

ဒါပေမယ့်လဲ ဘုရင့်ဆီမှာလည်းပညာရှိ သိုက်တက်ငလက်ရုံးအမတ်ကြီး ရှိနေတဲ့အတွက် ကုသလအမတ်ရဲ့ ယတြာတွေက သိပ်မထိရောက်ခဲ့ဘူးလို့ဆိုပါတယ် ။ သို့သော်လည်း "မင်းဟရီကို ၊ ပြည်စောင့်ထားသည် ၊ ဟရီမှောက်မှား ၊ အလားလား ၊ ဟရီလည်းသေ ၊ ပြည်လဲကြေ " တဘောင်အတိုင်း ဘုရင်ဟာ သူ့မိဖုရား နဲ့ ကုသလအမတ်ကိုသာ ပိုမို ယုံကြည်ခဲ့ပါတယ် ။
သူအလွန်ချစ်မြတ်နိုးလှတဲ့ မိဖုရားကြီးက သူ့ကို လုပ်ကြံမှာမဟုတ်ဘူးလို့ ယုံကြည်ယူဆခဲ့ဟန်တူပါတယ် ။ ဒီ ယုံကြည်မှုတွေကပဲ သူ့ကို သေတွန်းတွန်းပို့ခဲ့တာပါပဲ ။

သိုက်ဓာတ်ကိန်းများအရ " သက္ကရာဇ်တစ်ထောင် ၊ ပြည့်စေ့၌ ၊ တောင်က ဗုဒ္ဓဟူး ၊ သားအနွယ် ၁၁ ဆက် ၊ မင်းဖြစ်လိမ့်မည် " သက္ကရာဇ် ၁၀၀၀ မှာတောင်အရပ်လောင်းကြက်မြို့စား ဗုဒ္ဓဟူးသား ကုသလအမတ်ဟာ နတ်သျှင်မယ်ကို မိဖုရားခေါင်ကြီးပြုပီး မြောက်ဦးထီးနန်းကို စိုးစံကာ တတိယမြောက်ဦးခေတ်ကို စခဲ့ပါတယ် ။ "ငှက်တွင် ငှက်ယုတ် ၊ ငှက်ခင်ပုတ်ကို ၊ လူများရိုသေ ပြုလိမ့်မည် " တဘောင်အတိုင်း သိရိသုဓမ္မမင်းကို "ငါးစည်ပတ္တရာခြင်း" ဖြင့် နံနှိမ်သတ်ဖြတ်ပီး ထီးနန်းရလာခဲ့ပါတယ် ။ "ဓာတ်တူနံတူ ဆေးဖက်ယူ ၊ နံတူသတ်က အနိုင်ရ" ကိန်းခန်းတဘောင်အတိုင်း အင်္ဂါသား မင်းကြီးဟာ အင်္ဂါနံ ငါးစည်(ငါးရံ့) ပတ္တရာကြောင့် နတ်ရွာစံရခြင်းဖြစ်ပါတယ် ။ တခြားတဖက်ကလည်း ဖိဖုရားကြီး နေ့စဥ်တိုက်ကျွေးနေသော အဆိပ်ဆေးကြောင့်လည်း ပါပါလိမ့်မယ် ။

"အာကာမှီခိုင်း ၊ တောင်ပြိုင်းပြိုင်းနှင့် ၊ ဆိုင်းဆိုင်းမဏ္ဍိုင် ၊ ရခိုင့်ညွန်ဖူး ၊ မွန်ကြယ်မြူးသို့ ၊ မြောက်ဦးရွှေနန်း ၊ တည်လတ်ထွန်းသည် " ရခိုင်မင်းသမီးဧချင်းအတိုင်း မင်းစောမွန်မင်းကြီးမှသည် အစဥ်အဆက် အနွယ်တော်မပျက် စိုးစံခဲ့ကြသော သာကီယမင်းဆက်သည် သိရီသုဓမ္မမင်းကြီးလက်ထက်မှာ မိဖုရားနှင့် အမတ်တို့ရဲ့ ပူးပေါင်းလုပ်ကြံမှုကြောင့် "ဤကျွန်းဇမ္ဘူ ၊ ထူးတည့်လေ.." အဖြစ်မှ လျောကြခဲ့ရပါတယ် ။ သိရိသုဓမ္မမင်းကြီး နတ်ရွာစံတဲ့အခါ သားတော်ကြီး မင်းစနေ နန်းတက်လာခဲ့ပါသည် ။

"မဃဒေဝ" လင်္ကာပါအတိုင်း "ကိလေသာဟူ ၊ မိုက်သွေးဆူက ၊ လူသော ခွေးသော ၊ ကျွန်ကျေးသောဟု ၊ သဘောမထင် ၊ မဆင်ခြင်ဘဲ ၊ အမြင်မဖြောင့် ၊ မျိုးမစောင့်သော ၊ ထို မိန်းမ" မိဖုရားကြီး နတ်ရှင်မယ်သည် သားတော်ရင်းဖြစ်သော မင်းစနေကိုလည်း အဆိပ်ခတ်ခဲ့သည့်အတွက် မင်းစနေဟာ မြောက်ဦးထီးနန်းကို ၁၀ ရက်သာ စိုးစံခဲ့ရပါတယ် ။

ထီးနန်းနဲ့ အာဏာအတွက် လင်သားနဲ့ သားတော်အရင်းကို သတ်ဖြတ်နိုင်ခဲ့တဲ့ နတ်သျှင်မယ်ဟာ ကုသလနရပတိမင်းကြီးရဲ့ မိဖုရားခေါင်ကြီး ဖြစ်လာသည့်တိုင်အောင် မဃဒေဝလင်္ကာပါ "သန်းခေါင်လကွယ် ၊ တောအုပ်လည်၌ ၊ ရှစ်နယ်ပတ်ကုန်း ၊ အပြည့်ဖုံးသည့် ၊.. ၊ နင်ကားရာထောင်မက ၊ မှောင်တော့၏ " ဆိုသကဲ့သို့ သူ့ရဲ့ ဝါသနာဗီဇကို မစွန့်နိုင့်တဲ့အတွက် ရွှေဓားစွဲဗိုလ် နဲ့ ထပ်မံဖောက်ပြန် ခဲ့ပြန်ပါတယ် ။

ဝါသနာ တဏှာအရလား ၊ ဝိပါက ဝဋ်ကြွေးလေးလား မသိနိုင်တဲ့ အစွဲဥပါဒါန်ကြောင့် နတ်သျှင်မယ်ရဲ့ နောက်ဆုံးအချိန်တွေဟာ ကုသလမင်းကြီးရဲ့
စွန့်ပစ်ခြင်းကို ခံခဲ့ရပြီး မြို့စွန် ဇရပ်မှာပဲ ဘဝနိဂုံးချုပ်ခဲ့ရပါတယ် ။ သူမသေဆုံးသွားတဲ့အခါ အလောင်းကို မပုတ်မသိုးအောင် ဆေးရည်စိမ်ပြီး ဟာရီတောင်ပေါ်မှာ မြုတ်ခဲ့တယ်လို့ ဆိုပါတယ် ။ မြောက်ဦးမှာ သတင်းကြားခဲ့တာက လွန်ခဲ့တဲ့ နှစ် ၄၀ တုန်းက အခေါင်းကို တူးဖော်တွေ့လို့ ဖွင့်ကြည့်တဲ့အခါ ပြင်ပလေနဲ့ထိပီး အလောင်းဟာ ပျက်စီးသွားတယ်လို့ ဆိုကြပါတယ် ။

"နဂါးအနွယ် ၊ တကယ် ကိုးဆက်မြောက်လိမ့်မည် ၊ အဆုံးနဂါး တိုင်လေငြား ၊ နဂါးအနွယ် ပြတ်လိမ့်မည် " သိုက်စာပါအတိုင်း မင်းဘာကြီးမှစခဲ့သော ဒုတိယမြောက်ဦးမင်းဆက်သည် ကိုးဆက်မြောက်ဖြစ်သော မင်းစနေ လက်ထက်တွင် အဆုံးသတ်ခဲ့ပါသည် ။ မင်းမျိုးမဟုတ်ဘဲ သာမာန်မူးမတ်မျိုး ကုသလနရပတိမင်းကြီးမှစခဲ့သော တတိယမြောက်ဦးမင်းဆက်မှာ
ရှင်ဘုရင် ၂၈ ပါး စိုးစံခဲ့ကြပါတယ် ။ "ဗုဒ္ဓဟူးသား ၊ အနွယ် ၁၁ ဆက် မင်းဖြစ်လိမ့်မည် ၊ အဆုံးတိုင်ငြား ၊ ပြည်ရွာပျက်လိမ့်မည် " သိုက်စာတဘောင်အတိုင်း ကုသလနရပတိမင်းကြီးရဲ့ တတိယမြောက်မြောက်ဦးမင်းဆက် အနွယ်တော် ၁၁ ဆက်မြောက်ဖြစ်သော မဟာသမ္မတရာဇာ လက်ထက်မှာ ကုန်းဘောင်ဆက် ဘိုးတော်ဗဒုံမင်းကြီးဟာ ရခိုင်တစ်ပြည်လုံးကို သိမ်းယူလိုက်တဲ့အတွက် ရခိုင်ပြည်ဟာ မြန်မာပြည်ကြီးရဲ့ အစိတ်အပိုင်း ပြည်နယ်တစ်ခု ဖြစ်လာခဲ့ပါတယ် ။

"အမျိုးရခိုင် ၊ မပေါ်နိုင်အောင် ၊ ရွှေဘုရားကို ၊ ဒင်္ဂါးလုပ်၍ ၊ ထုတ်လိမ့်မည် ။"
"အမျိုးရခိုင် ၊ မပေါ်နိုင်အောင် ၊ ငွေဘုရားကို ၊ ဒင်္ဂါးလုပ်၍ ၊ ထုတ်လိမ့်မည် ။"
"အမျိုးရခိုင် ၊ မပေါ်နိုင်အောင် ၊ ရွှေဘုရားကို ၊ ဝတ်စားတန်ဆာ ၊ ဆင်လိမ့်မည် ။"
"သေမည်အချို့ ၊ ရှင်တစ်ချို့ ၊ ဆယ်ဖို့လူပင် ၊ ပြုန်းလိမ်မည် ။"
"မင်းကားအလွတ် ၊ ပြည်ဥပါဒ် ၊ မချွတ်ထိုခါ ၊ ဖြစ်လိမ့်မည် ။"
"ထိုပီးအခါ ၊ ပြည်မြန်မာ ၊ ငြိမ်းအေးဝပြောမည် ။"

ကိုးကား;ရွှေပြည်ရခိုင်-ဖိုးကျော့ ၊ မြောက်ဦးလမ်းညွှန်-ရခိုင်ပြည်နယ်ပြည်သူ့ကောင်စီ ၊ ရခိုင်ရှေးဟောင်းမြို့ပြနိုင်ငံများ-မင်းပြားမင်းသိန်းဇံ ၊ မြောက်ဦးခေတ်အုပ်ချုပ်ရေး-မခင်သန်း ၊ မြောက်ဦးမြို့ထင်ရှားသောဘုရားများသမိုင်း-ရခိုင်လှမြင့် ။

ကျနော်ကတော့ ရဲညီညီပါဗျ ။ မြေပြန့်မှာမွေးတဲ့ ချင်းလူမျိုးတယောက်ဖြစ်ပေမယ့် ​မြောက်ဦးကို အရမ်းချစ်တဲ့သူပါ ။ မြောက်ဦးအကြောင်း စာလေးတွေရေးပီး အမြဲ sharing လုပ်ပေးနေပါတယ် ။

အလုပ်အကိုင်က Yoga Trainner ပါ ။ မြောက်ဦးအကြောင်းစာလေးတွေ ဖတ်ရင်းနဲ့ လူကိုပါ စိတ်ဝင်စားလာလို့ ယောဂလေ့ကျင့်ချင်လာပီဆိုရင် အောက်က page လေးကို Hello သာ လုပ်လိုက်ပါဗျ ။
https://www.facebook.com/mingalarbaryoga/ 🙏🏻🖤

ချစ်တဲ့ 💖

Admin Team

သာလီစွပါရှင့် ♥Lunchtime ရောက်တော့မယ်ချစ်တို့ရေဒီနေ့ lunchtime dessert အစီစဉ်မှာတော့ ရခိုင်နိုင်ငံတော်မှာစိုးစံခဲ့ကြတဲ့ ...
03/09/2021

သာလီစွပါရှင့် ♥

Lunchtime ရောက်တော့မယ်ချစ်တို့ရေ
ဒီနေ့ lunchtime dessert အစီစဉ်မှာတော့ ရခိုင်နိုင်ငံတော်မှာစိုးစံခဲ့ကြတဲ့ ဘုရင်တွေရဲ့ နန်းတက်ပွဲဲပြုလုပ်တဲ့နေရာနဲ့ ပြုလုပ်ပုံအဆင့်ဆင့်
ဘုရင်တွေအတွက်မဟာကျိန်ဘုရားကြီးရဲ့အရေးကြီးပုံ
မိဖုရားကြီးနတ်သျှင်မယ်အကြောင်းတစ်စေ့တစ်စောင်းနဲ့ ရခိုင့်နိုင်ငံတော်ပျက်သုန်းခဲ့တဲ့အကြောင်းအရင်းတွေကိုမကြာခင်ဖတ်ရှုရမှာမို့ အားလုံးပဲ‎စောင့်မျှော်အားပေးကြပါအုံးနော်

ချစ်တဲ့ 💖

Admin Team

ရခိုင်တို့ရဲ့အသဲစွဲ တောင်ပို့မှိုတွေ မြောက်ဦးစျေးထဲမှာရနေပါပြီချစ်တို့ရေ ♥တစ်နှစ်မှာနှစ်ကြိမ်ပဲစားရတဲ့အစားအစာမို့ စျေးကြ...
03/09/2021

ရခိုင်တို့ရဲ့အသဲစွဲ တောင်ပို့မှိုတွေ မြောက်ဦးစျေးထဲမှာရနေပါပြီချစ်တို့ရေ ♥
တစ်နှစ်မှာနှစ်ကြိမ်ပဲစားရတဲ့အစားအစာမို့ စျေးကြီးပေမယ့် အလုအယက်ဝယ်စားကြရတာမျိုးပါ
မှိုဝယ်လာရင် မင်မင်တို့ကတော့ ချက်ပြီးတဲ့ထိမစောင့်ဘူး စျေးခြင်းတောင်းထဲကနေယူပြီး BBQ လုပ်စားပြိုက်တာ 😂
အော ဒါနဲ့ ရခိုင်မှာစျေးဝယ်မယ်ဆိုရင် သိသင့်တဲ့ရခိုင်အသုံးအနှုန်းလေးတွေကိုမျှဝေပေးပါ့မယ်
ရန်ကုန်ကစျေးတွေမှာ ဘာဝယ်ဝယ် တစ်ဆယ်သား‎ေစျးပြောပေမယ့် မြောက်ဦးစျေးထဲမှာတော့ ဘာဝယ်ဝယ် (၄၀) သားစျေးပဲပြောပါတယ် (ရွှေရခိုင်တွေအစားကြီးချက်ပဲနော်😃)
၄၀ ကျပ်သားကို ရခိုင်လို "တစ်သိုက်"လို့ခေါ်ပါတယ်နော်
မှိုတစ်သိုက်ဘယ်လောက်လဲ? လို့ မေးဝယ်လို့ရပါတယ်
တစ်သိုက်ရဲ့တစ်ဝက် နှစ်ဆယ်သားကို ရခိုင်လို "သိုက်ခွဲ" လို့ခေါ်ပါတယ်
တစ်ဆယ်ကျပ်သားကို ရခိုင်လို "တစ်ဘော်" လို့ခေါ်ပြီးတော့ ငါးကျပ်သားကို "ပေါ်စိပ်" လို့ခေါ်ပါတယ်ချစ်တို့ရေ ♥

ဒါဆို ရခိုင်ကစျေးထဲမှာ စျေးလာဝယ်လို့ရပါပြီ 😃

ဒီဓာတ်ပုံတွေကို Aung Soe Myint ရဲ့ fb acc ကနေ ကူယူဖော်ပြပါတယ်

မှိုတစ်သိုက်ရဲ့စျေးကိုသိချင်ရင် အောက်မှာပေးထားတဲ့ original link ကိုနေသွားကြည့်ပေးပါ

https://www.facebook.com/1795030449/posts/10216015923629641/

ချစ်ခြင်းဖြင့် 😍

Awng Ngrein

ရခိုင့်မှန်ဖူး မြောက်ဦးရွှီပြည် အပိုင်း(၄) သာလီစွပါချစ်တို့ရေ အက်မင်တို့ရဲ့ "Lunchtime dessert" ဆိုတဲ့အစီစဉ်လေးကိုတင်ဆက...
02/09/2021

ရခိုင့်မှန်ဖူး မြောက်ဦးရွှီပြည် အပိုင်း(၄)

သာလီစွပါချစ်တို့ရေ အက်မင်တို့ရဲ့ "Lunchtime dessert" ဆိုတဲ့အစီစဉ်လေးကိုတင်ဆက်လာခဲ့တာ ဒီနေ့ဆို လေးရက်မြောက်ရှိပြီဖြစ်ပါတယ်။ အစဉ်တစိုက်ဖတ်ရှုလားပေးကြတဲ့အတွက်လည်းအထူးကျေးဇူးတင်ရှိပါတယ်။ အပိုင်း (၄) မှာတော့ အံတော်သိမ်ဘုရားမှာရှိတဲ့ ရခိုင်တို့ရဲ့အဖိုးမဖြတ်နိုင်တဲ့ ရာဇပလ္လင်တော်ရှစ်ခန်းရဲ့အကြောင်းကိုအဓိကထားရေးပြသွားပါတယ်။ ချစ်တို့ နေ့လည်စာသုံးဆောင်ပြီးတာနဲ့သုံးဆောင်ဖို့ အချိုပွဲလေးတည်ခင်းပေးလိုက်ပါပြီနော် ♥

"ပလ္လင်တော် သီဟာသန ညီလာပခံရာ ၊ ဟံသာမြတ်ပလ္လင်ယံမှာ သုံးရတနာစိတ်ထား ၊ သင်္ခါသပလ္လင်ပေါ်မှာ တရားတော် ဟောမိန့်နာကြား ။ ဘမယ ထိုပလ္လင်ဝယ် စက်ရာတင်မမှား ၊ ဂဇာခံပလ္လင်အားမတော့ ချီးမြှင့်အားနှိမ့်ချေ ၊ မေရုယာ အမည်မသိမ်း ဆင်မြင်းသိမ်း တိမ်းမှတ်ကြမသွေ ၊ မိဂါရ ပလ္လင်ဗွေမှာ အထွေထွေတိုင်ပင်ပြုပါလို့ ၊ ပဒုမကြာပလ္လင် မောင်းမဦးတင် ၊ လွတ်တော်က ခြားပလ္လင်ရယ် တရားစီရင် ခန်းပါတဲ့လေး .... ။"
(ပလ္လင်ရှစ်ခန်းတေးထပ်)

ဘုရားအဝင်ဝမှာ ရှေးဟောင်းသုတေသနက စိုက်ထူရေးထားတဲ့ ဆိုင်းဘုတ်ကစာကိုဖတ်ပြီး အတော့်ကို အံ့သြခြင်းမက ဖြစ်သွားရတယ် ။ သျှစ်သောင်းပုထိုးတော်ကြီးကနေ အနောက်ဖက်ကို ဆက်ထွက်လာခဲ့တော့ ကပ်လျှက်မှာပဲ ပုထိုးတော်ကြီးတစ်ဆူကို တွေ့ရပါတယ် ။ သျှစ်သောင်းပုထိုးတော်ကြီးတည်ထားတဲ့ ဖိုးခေါင်တောင်ရဲ့ တောင်စွယ်မှာပဲ ရှိတဲ့စေတီတော်ပါ ။ မူလက သိမ်အဆောက်အဦးရှိခဲ့တဲ့နေရာမှာ ဘုရားရှင်ရဲ့ အံတော်ကိုငှာပနာပြီး တည်ခဲ့တဲ့စေတီတော်မို့ #အံတော်သိမ်လို့ ဘွဲ့မည်ရတဲ့စေတီတော်ပါ ။

စေတီတော်ရဲ့ ပန္နက်တော် ဖောင်ဒေးရှင်းက ဘယ်လိုရှိတယ် ။ ဘယ်လိုဗိသုကာပုံစံနဲ့ တည်ခဲ့တယ် ဘာညာက ခင်များတို့လဲ စိတ်မဝင်စားဘူး ။ ကျနော်လဲ သေချာမသိဘူး ။ အာ့ကို ထားတော့ ။ အဓိကပြောချင်တာက ဒီစေတီမှာ ရှေးရခိုင်မင်းတို့ရဲ့ ရာဇပလ္လင်ရှစ်ခန်းကို ကျောက်ရုပ်ကြွတွေနဲ့ ပုံဖော်ထုဆစ်ထားတာပဲ ။

ဒါက တကယ့် Amazing ပါ ။ ကျနော်က ဗုဒ္ဓဂါယာ ၊ အယုဒ္ဓယ ၊ ဗောရောဗုဒ္ဓေါတွေကို ရောက်ဖူးတယ် ။ ဗမာပြည်မယ်ဆို ပုဂံ ၊ အင်းဝ ၊ မန်းလေး ၊ တောင်ငူ ၊ သရေခေတ္တရာ ၊ ဗိဿနိုး တွေကို အကြိမ်ကြိမ်ရောက်ဖူးတယ် ။ ဒီလိုမျိုး ရာဇပလ္လင်ရှစ်ခန်းလုံးရှိတဲ့ စေတီမျိုးကို ဘယ်နေရာမှာမှ မတွေ့ခဲ့ဖူးသေးဘူး ။

ရန်ကုန်မြို့ ပြည်လမ်းပေါ်က အမျိုးသားပြတိုက်ကြီးကို သွားလေ့လာမယ်ဆိုရင် ဝင်ဝင်ခြင်း မြေညီထပ်မှာပဲ ပလ္လင်တော်ပြခန်းဆိုတာရှိပါတယ် ။ ဗမာ့လက်ရာ အသေးစိတ်ထုထားတဲ့ ကနုတ်ပန်း မျက်နှာကြက်တွေနဲ့ ဖိတ်ဖိတ်တောက်နေတဲ့ ခန်းမကြီးရဲ့အလယ်မှာ ရွှေရောင်တွေဝင်းအိနေတဲ့ #သီဟာသနပလ္လင်တော်ကြီးရှိပါတယ် ။ မြန်မာပြည် သူ့ကျွန်ဘဝရောက်ခဲ့တုန်းက စစ်နိုင်တဲ့အထိမ်းအမှတ်နဲ့ အိန္ဒိယကို အမှတ်တရအဖြစ်ယူသွားခြင်းခံခဲ့ရတဲ့ ရာဇပလ္လင်ကြီးပါ ။ ကိုလိုနီခေတ်တစ်လျှောက်လုံး ကာလကတ္တားပြတိုက်မှာ ပြထားခံရပြီး မြန်မာပြည်လွတ်လပ်ရေးရချိန်မှာတော့ အိန္ဒိယနိုင်ငံက ပြန်ပြီးပေးခဲ့တာ ။

"ဥကင်ဘုံမြင့် ၊ သီဟာဘွေ ။ .. ။ စိန်ကြောင်ရောင်လင်း ၊ သစ်မင်းယမနေ ။ .. ။ မှန်ရဝေငယ်မှာ ၊ ကြိုင်သင်းပျံ့မွှေး ။"
မြဝတီမင်းကြီးဦးစ ရေးဖွဲ့ခဲ့တဲ့ #ပလ္လင်တော်ရှစ်ခန်းနှင့် ဥကင်တော်ဘွဲ့အရ သီဟာသနပလ္လင်တော်ဟာ ခြင်္သေ့ရုပ်ခံပြီး ယမနေသားနဲ့ ထုလုပ်ကြောင်း သိရပါတယ် ။ ပလ္လင်ဆိုတာ မြင့်မြတ်တဲ့အခင်း ၊ နေရာမြင့်ကို ခေါ်တာပါ ။ ခေတ်စကားနဲ့ လွယ်လွယ်ပြောရရင် ကုလားထိုင်ပါပဲ ။ ငယ်ငယ်က Senior အကိုတစ်ယောက်ပြောတာကို မှတ်မိနေတယ် ။ မြန်မာဘုရင်တွေက တော်တော် -င်ခေါင်းကျယ်ကြတာတဲ့ ။ ဘာလို့ဆိုတော့ ထိုင်ဖို့ကုလားထိုင်ကိုတောင် အမြင့်ကြီးနဲ့ အကျယ်ကြီးလုပ်ပြီး တက်ထိုင်ကြတာ ငါပြောတာမှားလားတဲ့ ။ ကျယ် မကျယ် ဆိုတာတော့ ကျနော်လဲမသိပေမယ့် မဟာပလ္လင်တွေဆိုရင် ၁၆တောင်(၂၄ပေ)ထိ မြင့်တယ်ဆိုတော့.. ။ သိတော့ပါဘူး ...ထားတော့ ။

တကယ်တန်းတော့ ပလ္လင်ဆိုတာက အချုပ်အခြာအာဏာကို ပိုင်စိုးခြင်းရဲ့ အမှတ်အသားပါပဲ ။ သက်ဦးဆံပိုင်ဘုရင်ခေတ်ကတော့ နိုင်ငံရေး နဲ့ စီမံအုပ်ချုပ်ရေး အမြင့်ဆုံးအာဏာအရပ်ရပ်က ဘုရင့်ဆီမှာပဲ ရှိပါတယ် ။ ဘုရင့်ရဲ့ အချုပ်အချာအာဏာပိုင်ဆိုင်ခြင်း ပြယုဂ်ကိုပြပါဆိုရင် #ပလ္လင်တော်ကိုပဲ ပြရမှာပါ ။ ကျမ်းဂန်တွေမှာတော့ ပလ္လင်တော် ၆ ပါး ရှိတယ်လို့ ပြထားပါတယ် ။ ဥပမာ .. မြတ်စွာဘုရားရဲ့ #အပရာဇိတပလ္လင်တော် ၊ နတ်တွေထိုင်တဲ့ #ဒိဗ္ဗာသနပလ္လင် ၊ ဓမ္မကထိကတွေထိုင်တဲ့ #ဓမ္မာသနပလ္လင် ၊ လူမင်းတွေထိုင်တဲ့ #ရာဇပလ္လင် စသဖြင့် ရှိပါတယ် ။

ဒီထဲမှာမှ မင်းဧကရာဇ်တွေ ထိုင်ကြတဲ့ ရာဇပလ္လင်တော်တွေက ရှစ်မျိုးအထိ ရှိပါတယ် ။ ဒါ့ကြောင့်လည်း ဆရာရွှေတိုင်ညွှန့်က သုံးရောင်ခြယ်သီချင်းထဲမှာ " တို့ မြန်မာ ၊ ခေတ်အစဥ်မညိုးပြီ ၊ ရှစ်ပလ္လင် စိုးခဲ့ပါတဲ့ ၊ ဓမ္မရာဇ်ဘုရင်မျိုး" လို့ စပ်ခဲ့တာပါ ။ ဒီနေရာမှာ တချို့က ပလ္လင်ရှစ်ခန်း ကြငှာန်းကိုးသွယ် ဆိုတာကို အမှတ်မှားပြီး ပလ္လင်က ကိုးခုရှိတယ်လို့ ပြောကြပါတယ် ။ အမှန်က သီဟာသနပလ္လင်ကိုပဲ ၂ ခုလုပ်ပြီး မြေနန်း နဲ့ လွတ်တော်မှာ တစ်ခုစီထားတာမို့ ပလ္လင်က ကိုးခုလို ဖြစ်သွားတာပါ ။ ဒီ ရှစ်ပလ္လင်ခန်း အစဥ်အလာကို ရခိုင်ပြည်မှာလဲ တွေ့ရပါတယ် ။

"ဘုမ္မနက်သန် ၊ ထူးတည့်လေ ။ ။ အောင်ခြင်းရန်နိုင် ၊ မြို့ချက်တိုင်ဟု ၊ ရခိုင်မှန်ဖူး ၊ မြောက်ဦးမည်သာ ၊ ဘုမ္မာချာသည် ၊ နန်းရာတည့်ရှာရွေး" #ဖဒူမင်းညို ရေးဖွဲ့ခဲ့တဲ့အတိုင်း လောင်းကြက်မြို့တော်ကို အင်းဝဘုရင်မင်းခေါင်တိုက်လို့ ပျက်ခဲ့ရပြီး ၂၃ နှစ်အကြာမှာ မင်းစောမွန်က လောင်းကြက်မြို့ဟောင်းကိုစွန့်ပြီး AD 1430 မှာ မြောက်ဦးမြို့တော် နှင့် မြောက်ဦးခေတ် ရခိုင်ဘုရင့်နိုင်ငံကို စတင်တည်ထောင်ခဲ့ပါတယ် ။ မြို့တည်ဘုရား ၅ ဆူ နဲ့အတူ မြို့တော်ရဲ့ အလယ်မှာ ရွှေနန်းတော်ကြီးကို တည်ခဲ့ပါတယ် ။

မြို့တော်တည်မယ့် နန်းရာကုန်းနေရာဟာ "နတ်မှုးညွှန်ပြ ၊ နန်းရာရသည် ၊ ဘုမ္မိနက်သန် ၊ ထူးတည့်လေး" ဆိုသလိုပဲ ရန်သူတကာကို အောင်မြင်နိုင်မယ့် ထူးခြားတဲ့ နိမိတ်တွေ ပြခဲ့ပါတယ် ။ #ရခိုင်မင်းသမီးဧချင်းမှာ "ချေဟောက်သံကြား ၊ ကျားကလန့်ရှောင် ၊ ကြောင်မူပြေးထွက် ၊ ကြွက်ကားလိုက်ထွေ ၊ မြွေကိုဖားနိုင် ၊ တရင်းဆိုင်လျက်" ဆိုသလိုပဲ ဒီမြေပြင်ကို ရောက်တဲ့အခါ ကျားက ချေကိုလန့် ၊ ကြွက်က ကြောင်ကိုပြန်လိုက် ၊ ဖားက မြွေကို ပြန်နိုင်တဲ့ အောင်မြေအမှန်နေရာ ဖြစ်တယ်လို့ ဖွဲ့ဆိုထားပါတယ် ။

နန်းတော်တည်တဲ့အခါ ခုထိရှိနေသေးတဲ့ ဗဟိုရ်စည်ထားတဲ့တောင်ကို ချန်ပြီး ကျန်တဲ့ တောင်တွေကို ဖြိုဖျက်မြေညှိခဲ့ပါတယ် ။ ဒီလိုမြေညှိရင်းနဲ့ မျောက်က ဒေါင်းဥကို စောင့်ရှောက်နေတဲ့ အရုပ်ကို တွေ့ရလို့ မျောက်ဥ ကနေ မြောက်ဦးလို့ အမည်တွင်တယ်လို့လဲ ဖတ်ဖူးပါတယ် ။ နန်းတော်မှာ ရွှေနန်းကိုးဆောင် ၊ မြေနန်းဆောင်တွေ ၊ လွတ်တော်ရုံးတွေ ၊ နက္ခတ်ရုံတော် ၊ ပန်းခုံတော် နဲ့ လက်နက်တိုက်တွေ ရှိပါတယ် ။

မြောက်ဦးခေတ်ကောင်းစားတုန်းက မြို့တော်မှာ ကျောင်းကြီး ၃၆ ကျောင်း ၊ ပိဋကတ်တိုက် ၄၈ တိုက် ၊ စပါးကျီ ၄၈ ကျီ ၊ မြို့ရိုး ၃၁ ခု ၊ ရေတံခါး ၃၁ ပေါက် ၊ တံခါး ၂၅ ပေါက် ၊ ကျုံး ၂၈ ခု ၊ ခံတပ် ၁၁ ခု ရှိတယ်လို့ သိရပါတယ် ။ မြို့ရိုးတံတိုင်းပတ်ပတ်လည်ဟာ ၁၉ မိုင်အထိကို ရှည်လျှားပါတယ် ။

ဒီနေ့ခေတ်မှာလည်း ရွှေနန်းတော်ရှိခဲ့တဲ့ နန်းရာကုန်းက မြို့အလယ်ခေါင်မှာပဲ ရှိနေပါတယ် ။ နန်တော်ဟာ ဝင်းသုံးထပ်(အဆင့် ၃ ဆင့်)ရှိပြီး အောက်ခံကို ကျောက်တုံးတွေနဲ့ တည်ဆောက်ထားပါတယ် ။ ဧရိယာစတုရန်းမိုင် ၁.၂ မိုင် ပတ်လည်ရှိပြီး အိုလံပစ်ပွဲတွေကျင်းပတဲ့ ဘော်လုံးကွင်းကြီးတစ်ကွင်းစာ မကကို ကျယ်ပါတယ် ။ မြောက်ဦးမတိုင်မှီ ဝေသာလီခေတ် ၊ လေးမြို့ခေတ် နဲ့ လောင်းကြတ်ခေတ်မြို့တော်တွေဟာ မြေပြင်ညီ(လွင်ပြင်)တွေမှာပဲ တည်ခဲ့တော့ စစ်ဘေးစစ်ဒဏ်ကို ကောင်းကောင်းမကာကွယ်နိုင်ခဲ့ပါဘူး ။

မြောက်ဦးကို တည်တဲ့အခါ ဒီသင်ခန်းစာတွေကိုယူပြီး သဘာဝတောတောင်တွေ ၊ တောင်စွယ်တောင်တန်းတွေနဲ့ ရန်သူကို အပေါ်စီးကတိုက်ခိုက်နိုင်တဲ့ ကုလားတန်လွင်ပြင် နဲ့ လေးမြို့မြစ်လွင်ပြင်တွေကြား အချက်အချာကြတဲ့ နေရာမှာ တည်ခဲ့တာပါပဲ ။ ဒီအကြောင်းကို ရခိုင်မင်းသမီးဧချင်းမှာ "ကစ္ဆပနဒီ ၊ ဤသည်ညာမွန် ၊ .. ၊ တောင်ပြိုင်းပြိုင်း၌ ၊ ဆိုင်းဆိုင်းမဏ္ဍိုင် ၊ ရခိုင့်ညွန့်ဖူး ၊ မွန်ကြယ်မြူးသို့ ၊ မြောက်ဦးရွှီနန်း ၊ တည်ထွန်းလတ်သည်" လို့ စပ်ဆိုခဲ့တာပါ ။ အမှတ်တကယ်ပဲ မြောက်ဦးဟာ တောင်တွေပတ်လည်ဝိုင်းနေပြီး ကျုံး ၊ ရေတွင်း ၊ ရေကန်တွေ ၊ ဥယျာဥ်ပန်းခြံ ၊ လူနေရပ်ကွက်တွေနဲ့ "ဤကျွန်းဇမ္ဗူ ထူးတည့်လေး" ဆိုတဲ့ မြို့ပါ ။

မြောက်ဦးရွှေနန်းတော်ရဲ့ အလှအပကို #မင်းစောမွန်ရဲ့ ညီတော် #မင်းခရီဘုရင်က "အလွန်ထွန်းတောက် ၊ .. ၊ ရွှေနန်းပြသာဒ် ၊ အထွတ်တံဆောင် ၊ ရွှေဒေါင်းဟန်လှ ၊ တွန်၍ကသို့ ၊ နန်းမနန်းရံ ၊ မျက်စိပြွန်၍" လို့ ဘုံငါးဆင့်ရှိတဲ့ ရွှေနန်းတော်ဟာ ရွှေဥဒေါင်းတွန်ပြီး ကနေဟန်အလားလို့ ကိုယ်တော်တိုင် စပ်ဆိုခဲ့ပါတယ် ။ ဒါကို #သီရိသုဓမ္မရာဇာမင်းလက်ထက်က မြောက်ဦးကိုရောက်ရှိခဲ့တဲ့ အီတလီဘုန်းတော်ကြီး #မန်ရစ်(Manrique)ကလည်း ထောက်ခံထားပါတယ် ။ သူက " နန်းတော်မှာ ခေါင်စွန်းငါးစွန်း ထိုးထွက်နေသည် ။ အရောင်ဝင်းလက်သော ကြေးပြားမိုးထားသဖြင့် နန်းတော်အမိုးသည် နေရောင်တွင် ပကတိ ရွှေဖြင့်ဆောက်ထားသကဲ့သို့ မြင်တွေ့ရသည်" လို့ မှတ်တမ်းတင်ထားပါတယ် ။

ဒါပေမယ့် #စန္ဒသုဓမ္မမင်းလက်ထက်မှာ ရောက်ခဲ့တဲ့ #ချီတင်(Schouten) ကတော့ နန်းတော်အမိုးပြင်ဟာ ရွှေသားအတိဖြင့် မိုးကာထားတယ်လို့ မှတ်တမ်းတင်ထားပါတယ် ။ အမှန်တကယ်မှာလည်း မြောက်ဦးခေတ်ကောင်းစားတုန်းကဆို အာရှမှာ အကောင်းဆုံးဆိုတဲ့ ခေတ်မှီရေတပ်တော်ကြီးကို ပိုင်ဆိုင်ခဲ့ပါတယ် ။ ဘုရင်မင်းမြတ်ဟာ ကိုယ်ရံတော် ၄၂၀၀၀ ထိ ခန့်နိုင်ခဲ့ပြီး ပေါ်တူဂီတွေ ဂျပန်ဆာမူရိုင်းစစ်သည်တွေကိုပါ ငှားရမ်းနိုင်ခဲ့တဲ့ထိ ချမ်းသာကြွယ်ဝခဲ့ပါတယ် ။ ဒါကို ရခိုင်စာဆို #ဥက္ကာပျံက သူ့ရဲ့ #ရွန်းလိုက်ရတုမှာ "ရက္ခမှန်ဖူး ၊ မြောက်ဦးရွီပြည်သာ၌ ၊ များစွာသည် ရွီလှီအပေါင်း ၊ သိင်္ဂနဒီ ၊ နန်းတောင်ဆီဝယ် ၊ ရွှီလှီမင်းဆိပ်ချောင်း၌ " လို့ စပ်ဆိုခဲ့ပါတယ် ။

ဒုတိယမြောက်ဦးခေတ် တည်ထောင်သူ သျှစ်သောင်းဘုရားဒါယိကာ #ဘုရင်မင်းဗာကြီးလက်ထက်မှာ ဘင်္ဂလားဆယ့်နှစ်မြို့ နဲ့ ကျူးကျော်ရန်စလာတဲ့ ပေါ်တူဂီတွေကို အောင်မြင်ခဲ့ပါတယ် ။ ဒါ့ပြင် မင်းဗာဘုရင်ဟာ တောင်ငူက ချီတက်လာတဲ့ တပင်ရွှေထီး နဲ့ ဘုရင့်နောင်မင်းတရားကြီးတို့ရဲ့ တပ်တွေကိုလည်း အကြိမ်ကြိမ် အောင်မြင်စွာပဲ တွန်းလှန်နိုင်ခဲ့ပါသေးတယ် ။ ဘုရင့်နောင်ဟာ အယုဒ္ဓယထိအောင် မြန်မာ့အင်ပါယာကိုချဲ့နိုင်ခဲ့ပေမယ့် ရခိုင်ကို မနိုင်ခဲ့ပါဘူး ။ ရခိုင့်မြေဟာ ဗမာ့လက်ထဲမပါခဲ့ပါဘူး ။

ဒါတွင်မကသေးပါဘူး ။ ဘုရင့်နောင်ရဲ့ သားတော် #နန္ဒဘုရင်လက်ထက်မှာ မင်းဗာကြီးရဲ့ မြေးတော် #မင်းရာဇာကြီးဟာ ဟံသာဝတီကို အောင်နိုင်ခဲ့ပါတယ် ။ ကျေးဇူးမသိတတ်တဲ့ ယိုးဒယားဘုရင် နရစွမ်ရဲ့တပ်တွေကိုလည်း မြန်မာ့မြေပေါ်ကနေ အပီးမောင်းထုတ်နိုင်ခဲ့ပါတယ် ။ ဒါ့ကြောင့် မင်းရာဇာကြီးရဲ့ ပိုင်နက်နိုင်ငံတော်ဟာ အနောက်မြောက်ဘက် ဘင်္ဂလားဒေသကနေ လခြမ်းမြေရခိုင်တစ်ဝှမ်းလုံး အောက်မြန်မာပြည်တစ်ခုလုံးကနေ မွန် နဲ့ တနင်္သာရီဒေသအထိ နယ်ပယ်ချဲ့ထွင်နိုင်ခဲ့ပါတယ် ။

မင်းရာဇာကြီးလက်ထက် ရွှေနန်းတော်ရဲ့ ကြီးကြယ်ခမ်းနားပုံကို နန္ဒဘုရင်ရဲ့ နှမတော် #ဟံသာဝတီပါမိဖုရားသျှင်နှောင်းက "နေနှစ်ဆူလျှင် ၊ ထွက်ပြူသည်လား ၊ .. ၊ ဗဟိုရွှေနန်း ၊ ခေါင်းစွန်းငါးဆင့် ၊ .. ၊ ထီးစိုက်ထောင်တန် ၊ ရွှေဒေါင်းတွန်သို့ ၊ လွန်ချွန်မွှန်ဆူး ၊ လင်းရောင်မြူးသည် ၊ စည်ရူးထွန်းချက်ဟန်တကား" လို့ စပ်ဆိုခဲ့ပါတယ် ။ မင်းတရားကြီးကို ဒုတိယ နေတစ်စင်းလိုပဲ ဘုန်းတန်ခိုးအာဏာ ထက်မြတ်တယ်လို့ ခိုင်းနှိုင်းထားတာကို တွေ့နိုင်ပါတယ် ။ ဘုန်းတော်ကြီး မန်ရစ်ရဲ့ မှတ်တမ်းအတိုင်းပဲ နန်းတော်ကြီးရဲ့ အောက်ခြေက ကျောက်သားဖြစ်ပြီး အပေါ်ပိုင်းက အဆောင်တော်တွေဟာ သစ်သားဆောင်တွေ ဖြစ်ပါတယ် ။

မြောက်ဦးနန်းတော်မှာ ပင်မနန်းတော်ဆောင် ကိုးဆောင်ရှိပါတယ် ။ နန်းတော်ဆောင်တွေဟာ ရာဇသံနှင့် #စောပြည့်ညိုရတု အရ
၁.ပြဿဒ်တော်ကြီး ၂.ဇေတဝန်ဆောင် ၃.ပရိဿဒ်ဆောင် ၄.မှံစီဆောင်(မှန်နန်းတော်ဆောင်) ၅.ဗြဲတိုက်ဆောင် ၆.မြောက်စမုတ်တော်ဆောင် ၇.တောင်စမုတ်တော်ဆောင် ၈.အနောက်ပွဲတော်ဆောင် နဲ့ ၉.ရွှေလွတ်တော်ဆောင်တွေပဲ ဖြစ်ပါတယ် ။ #ဦးဦးသာထွန်းရဲ့ ရခိုင်ရာဇဝင်အရ မြောက်ဦးရွှေနန်းတော်မှာ နန်းမနန်းရံအဆောင် စုစုပေါင်း ၁၀၈ ဆောင်ရှိတယ်လို့ ဖော်ပြထားပါတယ် ။

အဓိကနန်းဆောင်ကြီး ကိုးဆောင်မှာထားရှိခဲ့တဲ့ ပလ္လင်ရှစ်ခန်းကို အံတော်သိမ်ပုထိုးတော်ကြီးရဲ့ မုခ်ပေါက်တွေမှာ တွေ့ရတာဟာ အလွန်ထူးခြားလှပါတယ် ။ ဘုရား ဒါယိကာ မင်းရာဇာကြီးဟာ ဓမ္မစက် နဲ့ အာဏာစက် နှစ်ရပ်လုံး အလုံးစုံကို စိုးပိုင်နိုင်ခြင်းကို ဖော်ပြတယ်လို့ ကျနော်က ယူဆပါတယ် ။ ပုံတွေကို ကြည့်ရင်တော့ ရာဇပလ္လင်တော်ပုံစံ နဲ့ သူရဲ့ လုပ်ငန်းဆောင်ရွက်ရတဲ့ တာဝန်တွေကို မျက်စိထဲထိ မြင်ယောင်ကြည့်နိုင်ပါလိမ့်မယ် ။နန်းဆောင်က ကိုးခန်းရှိပြီး ပလ္လင်က ရှစ်ခုပဲ ရှိနေရတာက အပေါ်မှာ ပြောခဲ့သလိုပဲ သီဟာသနပလ္လင်ကို ၂ ခု လုပ်ပြီး ပြဿဒ်တော်ကြီး နဲ့ ရွှေလွတ်တော်တွေမှာ တစ်ခုစီထားလို့ပဲ ဖြစ်ပါတယ် ။

အံတော်သိမ်ပုထိုးကြီးနဲ့ ပတ်သတ်ပြီး ထူးခြားတာက လွန်ခဲ့တဲ့ နှစ် ၁၀၀ လောက်က ကုလားတစ်ကောင်က ငှာပနာခန်းထဲထိ ဖောက်ထွင်းခဲ့တာကို လူတွေကသိပြီး လိုက်ကြတော့ ပစ္စည်းတွေကို လွှင့်ပစ်ပြီး လက်လွတ်ထွက်ပြေးခဲ့ပါတယ် ။ လွှင့်ပစ်လိုက်တဲ့ ငွေကြုတ်ထဲမှာ အံတော်ဓာတ်တစ်ဆူနဲ့ စိန်ဘုရားတစ်ဆူကို တွေ့ကြရပါတယ် ။ ဒီ အံတော်ဓာတ်ကို ဒီနေ့ခေတ်မှာ #စန္ဒာမုနိဘုရားရှင် ကိန်းဝပ်တဲ့ #ဗန္ဓုလကျောင်းမှာ သတင်းသုံးစေပြီး အပူဇော်ခံထားရှိခဲ့ပါတယ် ။

'ပလ္လင်တော်ရှစ်ခန်း'

၁. #သီဟာသနပလ္လင်
ခြင်္သေ့ခံ ယမနေသားပလ္လင်ဖြစ်ပြီး ဘုံငါးဆင့်ရှိသော ပြဿဒ်တော်ကြီးတွင် ထားရှိသည် ။ အမင်းမင်းတို့၏ ကန်တော့ခံခြင်းကို ခံယူရာတွင် အသုံးပြုသည် ။ ဗမာဓလေ့တွင် မြေနန်းပြဿာဒ်တော်ကြီးဟု ခေါ်သည် ။

၂. #ဟင်္သာသနပလ္လင်
ဟင်္သာရုပ်ခံ သင်္ဃန်းသားပလ္လင်ဖြစ်ပြီး ရတနာသုံးပါးကို ဆည်းကပ်ရာတွင် အသုံးပြုသည် ။ ဇေတဝန်ဆောင်ဖြစ်သည် ။

၃. #သင်္ခါသနပလ္လင်
ခရုသင်းခံ သရက်သားပလ္လင်ဖြစ်ပြီး မင်းတို့ တရားစကားနာကြားရာတွင် အသုံးပြုသည် ။ ဗမာဓလေ့တွင် ဗောင်းတော်ဆောင် (သို့) လေသာဆောင်ဟူ၍လည်း ခေါ်ကြသည် ။ ရခိုင်တွင် ပရိဿတ်ဆောင်ဟု ခေါ်သည် ။

၄. #ဘမရာသနပလ္လင်
ပိတုန်းရုပ်ခံ ကရဝေးသားပလ္လင်ဖြစ်ပြီး မင်းတို့ အိပ်စက်ရာတွင် အသုံးပြုသည် ။ ဗမာဓလေ့တွင် အဂ္ဂမဟေသီနန်းမတော် မိဖုရားခေါင်ကြီး တင်မြှောက်ရာတွင်လည်း အသုံးပြုကြသည် ။ ရခိုင်တွင် မှန်စီဆောင် ၊ ဗမာတွင် မှန်နန်းဆောင်ဟု ခေါ်သည် ။

၅. #ဂဇာသနပလ္လင်
ဆင်ရုပ်ခံ စကားသားပလ္လင်ဖြစ်ပြီး မင်းတို့ ရာထူးချီးမြှင့်ခြင်း ၊ ရာထူး ချခြင်းတို့ကို ဆောင်ရွက်ရာတွင် အသုံးပြုသည် ။ ဗြဲတိုက်ဆောင်ဖြစ်သည် ။

၆. #မရုယာသနပလ္လင်
ဥဒေါင်းရုပ်ခံ ပေါက်သားပလ္လင်ဖြစ်ပြီး ဆင်ဖြူရတနာနှင့်တကွ ဆင် ၊ မြင်း ၊ သမီးရတနာတို့ကို သိမ်းပိုက်ရာတွင် အသုံးပြုသည် ။ အဆောင်တော်မှာ မြောက်စမုတ်ဆောင်ဖြစ်သည် ။

၇. #မိဂါသနပလ္လင်
သမင်ရုပ်ခံ သဖန်းသားပလ္လင်ဖြစ်ပြီး တိုင်းရေးပြည်ရေး နိုင်ငံ့အရေးများကို တိုင်ပင်ဆွေးနွေးရာတွင် အသုံးပြုသည် ။ တောင်စမုတ်ဆောင်တော်ဖြစ်သည် ။

၈. #ပဒုမ္မာသနပလ္လင်
ပဒုမ္မာကြာပွင့်ခံ တောငျပိန်နဲသားပလ်လငျဖွဈပွီး ဘုရင်နှင့်တကွ နန်းတွင်းသူ နန်းတွင်းသားများအတွက် အရေးပါသော အနောက်ပွဲတက်ဆောင်ဖြစ်သည် ။ မင်းမိဖုရား မောင်းမမိဿံတို့၏ ကန်တော့ခံယူရာတွင် အသုံးပြုသည် ။

၉.ရခိုင်ဓလေ့တွင် #ရွှေလွတ်တော်ဆောင်သည် အဓိကရွှေနန်း ၉ ဆောင်တွင်ပါဝင်ပြီး သီဟာသနခြင်္သေ့ရုပ်ခံပလ္လင်ပင် ဖြစ်သည် ။ သို့ရာတွင် ရွှေလွတ်တော်တွင်ရှိသော ပလ္လင်တော်သည် ကျွန်းသားဖြစ်ပြီး ပြဿဒ်တော်ကြီးမှ ပလ္လင်တော်မှာ ယမနေသားဖြစ်သည် ။ ဗမာ့ဓလေ့တွင်မူ သီဟာသနပလ္လင်ရှိသော လွတ်တော်သည် ရတာနာပုံခေတ်တွင် အဓိကနန်းဆောင်မဟုတ်ဘဲ နန်းမြို့တော် သစ်တပ်၏ အတွင်းတံခါးအနီး အထွက်တွင် တည်ရှိတာကို တွေ့ရပါတယ် ။

"ပလ္လင်မြင့်၍ ၊ တန်ဝင်းရူးရူး ၊ ခြင်္သေ့မြူးလျက် ၊ သောင်းဦးညွတ်ရာ ၊ သီဟာသန ၊ ရွန်းရွန်းပလျှက် ၊ မိုဃ်းမျှမြင်စွန်း ၊ ဇရာဝန်း၌ ၊ ရောင်ဝှန်ညွန့်လန်း ၊ သစ်သင်္ဃန်းကို ၊ တဆန်းပလ္လင် ၊ ဟင်္သာရွင်လျှက် ၊ ယုမ်အင်ရတဏာ ၊ ဖူးမျှော်ရာသည် ၊ ဟင်္သာသန ၊ ဝန်းဝန်းပရှင့် ၊ သည်မှမှညွတ် ၊ ပရိတ်အဆောင် ၊ ထိန်ထိန်လောင်၌ ၊ ခြေရောင်ပြိုးပြက် ၊ သရက်ပလ္လင် ၊ ထွန်းရှင်လျှံဝင်း ၊ ခရိုသင်းနှင့် ၊ ရှင်းရှင်းမိန့်မှာ ၊ နံခံရာသည် ၊ သိင်္ဃာသန ၊ ကျွန်းကျွန်းပ၏ ၊ နန်းမစိုင်းရိုင်း ၊ ပြစ်စုံဖြိုးသည် ၊ ထက်မိုးဝေယံ ၊ ထင်၏သော... ။"

စောပြည့်ညို့ရတု(ရခိုင်မူ)

ကိုးကား;ဂီတဝိသောဒနီကျမ်း-ဦးမောင်မောင်လတ် ၊ ကုန်းဘောင်ရှာပုံတော်-ညိုမြ ၊
မြောက်ဦးလမ်းညွှန်-ရခိုင်ပြည်နယ်ပြည်သူ့ကောင်စီ ၊ ရခိုင်ရှေးဟောင်းမြို့ပြနိုင်ငံများ-မင်းပြားမင်းသိန်းဇံ ၊ မြောက်ဦးခေတ်အုပ်ချုပ်ရေး-မခင်သန်း ၊
မြောက်ဦးမြို့ထင်ရှားသောဘုရားများသမိုင်း-ရခိုင်လှမြင့် ၊မြောက်ဦးဒေသရှိဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်များ-သိန်းထွန်းအောင်(ရှေးဟောင်းသုသေသန) ၊ Famous Monuments Of Mrauk U-Myar Aung ။

ကျနော်ကတော့ ရဲညီညီပါဗျ ။ မြေပြန့်မှာမွေးတဲ့ ချင်းလူမျိုးတယောက်ဖြစ်ပေမယ့် ​မြောက်ဦးကို အရမ်းချစ်တဲ့သူပါ ။ မြောက်ဦးအကြောင်း စာလေးတွေရေးပီး အမြဲ sharing လုပ်ပေးနေပါတယ် ။

အလုပ်အကိုင်က Yoga Trainner ပါ ။ မြောက်ဦးအကြောင်းစာလေးတွေ ဖတ်ရင်းနဲ့ လူကိုပါ စိတ်ဝင်စားလာလို့ ယောဂလေ့ကျင့်ချင်လာပီဆိုရင် အောက်က page လေးကို Hello သာ လုပ်လိုက်ပါဗျ ။
https://www.facebook.com/mingalarbaryoga/ 🙏🏻🖤

ချစ်တဲ့ 😍

Admin Team

Address

Minbargyi Street
Mrauk-Oo

Opening Hours

Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Hello Mrauk-U posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share