
26/06/2025
တစ်ဖက်ပိတ်ပင်လယ်
ပါမောက္ခကြီးက အတန်းထဲကိုဝင်လာပြီးနောက်
“ဒီနေ့တော့ ပထဝီအကြောင်း သင်မယ်ဟေ့” ဟု ပြောလိုက်သည်။
ဒဿနိကတန်းတွင် ဒဿနိကဆရာကြီးက ပထဝီအကြောင်း သင်မည်ဟု ပြောလိုက်သည့်အခါ စာသင်ခန်း အတွင်းရှိ ကျောင်းသား ကျောင်းသူများက စိတ်ဝင်စားစွာဖြင့် ခေါင်းတွေထောင်လာကြသည်။
“ငါ့တပည့်တို့ မင်းတို့ အထက်တန်းကျောင်းတုန်းက ပင်လယ်သေ (Dead Sea) အကြောင်းသိပြီးကြရောပေါ့”
“ဟုတ်ကဲ့ပါ ဆရာကြီး”
“ပင်လယ်သေက ဘာတွေများ ထူးခြားပါလိမ့်ကွယ်”
“ပင်လယ်သေမှာ လူတွေ ရေမနစ်ဘူးလို့ သိရပါတယ် ဆရာကြီး” ကျောင်းသားတစ်ယောက်က ပြောခြင်း ဖြစ်သည်။
“ဘာကြောင့်လဲကွယ်"
“ဆားပါဝင်မှုနှုန်းများတာကြောင့်လို့ သိရပါတယ်"
“မှန်သကွယ် ... အခြားထူးခြားချက်တွေရော ဘယ်သူသိသေးလဲ”
အားလုံး တိတ်ဆိတ်နေကြသဖြင့် ပါမောက္ခကြီးက ဆက်ပြောသည်။
“ပင်လယ်သေမှာ ဆားပါဝင်မှုနှုန်းက ၃၅ ရာခိုင်နှုန်းနဲ့ အထက် ရှိတယ်၊ အဲဒီ ပမာဏဟာ သာမန် ပင်လယ် သမုဒ္ဒရာတွေထဲမှာ ဆားပါဝင်မှုနှုန်းထက် ၁၀ ဆ ပိုသကွယ်။ ဒါကြောင့် ပင်လယ်သေထဲမှာ သက်ရှိသတ္တဝါ တွေလည်း အသက်မရှင်နိုင်ဘူး။ ငါးတွေ၊ အပင်တွေ ဘာမှအသက်မရှင်နိုင်ကြဘူးကွယ့်”
ပါမောက္ခကြီးက သူ့စကားကို ရပ်ပြီးနောက် အတန်းကို မျက်မှန်အောက်က ကျော်ကြည့်လိုက်သည်။ အားလုံး စိတ်ဝင်စားစွာ နားထောင်နေကြသဖြင့် စကားဆက်သည်။
“မင်းတို့ ဂါလီလီပင်လယ် (Sea of Galilee) ပင်လယ်အကြောင်းရော ကြားဖူးကြသလား”
အားလုံးက နှုတ်ဆိတ်နေကြသည်။
“အင်း ... ဂါလီလီ ပင်လယ်အကြောင်းတော့ သိပ်ကြားဖူးဟန်မတူဘူးထင်ပါရဲ့”
“ဟုတ်ကဲ့ပါ ဆရာကြီး ... သိပါရစေ”
“အေးကွယ့် ... ဂါလီလီပင်လယ်ဆိုတာ ပင်လယ်သေရဲ့ မြောက်ဖက်မှာ ရှိတဲ့ပင်လယ်ပဲ။ ပင်လယ်သေရော ဂါလီလီပင်လယ်ရောဟာ မြစ်ကြီးတစ်ခုတည်းကနေ အခြေခံတဲ့ ပင်လယ်တွေပဲ။ အဲဒီ ပင်လယ်ကြီးနှစ်ခုရဲ့ ပင်မမြစ်ကြီးကတော့ ဂျော်ဒန်မြစ်ကြီးပဲ။ ဂျော်ဒန်မြစ်ကြီးထဲက ရေတွေဟာ ပင်လယ်သေထဲကိုလည်း စီးဝင်တယ်၊ ဂါလီလီပင်လယ်ထဲကိုလည်း စီးဝင်တယ်။ ဒါပေမဲ့ ပင်လယ်ကြီးနှစ်ခုဟာ လုံးဝကွာခြားသွားတယ်”
တပည့်များက ပိုပြီး စိတ်ဝင်စားလာကြသည်။
“ဂါလီလီပင်လယ်ကတော့ ပင်လယ်သေနဲ့ ဆန့်ကျင်ဘက်ပဲ။ အဲဒီ ဂါလီလီထဲမှာတော့ ငါးတွေ၊ အပင်တွေ၊ အခြားသတ္တဝါတွေ ရှင်သန်နိုင်ကြတယ်။ ဂါလီလီပင်လယ်ထဲမှာ ငါးမျိုးစိတ်ပေါင်း ၂၀ ကျော်နေထိုင်နိုင်ကြတယ်”
“ဆရာကြီးခင်ဗျား ... ပင်လယ်နှစ်ခုမှာ ပင်လယ်သေက သတ္တဝါတွေ အပင်တွေ အသက်ရှင်နိုင်ခြင်း မရှိဘဲ ... ဂါလီလီမှာတော့ အသက်ရှင်နိုင်တာ ဘာကြောင့်လဲခင်ဗျာ"
ကျောင်းသားတစ်ယောက်ကမေးလိုက်သည်
“ပြောမယ်လေကွယ် ... ဂျော်ဒန်မြစ်ကြီးဆိုတာ အဲဒီဒေသက လူတွေ အားထားနေရတဲ့မြစ်ကြီးပဲကွယ်။ အဲဒီ မြစ်ကြီးထဲက ရေတွေက သောက်သုံးလို့ရတယ်။ ကုန်သွယ်လို့ရတယ်။ ဒီမြစ်ရေက ပင်လယ်သေထဲ စီးဝင်တဲ့ အခါကျတော့ သုံးစားမရအောင် ဖြစ်သွားပြီး၊ ဂါလီလီပင်လယ်ထဲကျတော့ သုံးစားလို့ရတာ ဘာကြောင့်လဲ ... အဖြေကရှိပြီးသား”
ဆရာကြီးက ခေတ္တနားလိုက်ပြီး
“ပင်လယ်သေက တစ်ဖက်ပိတ်ကွ ... ဂါလီလီက နှစ်ဖက်ဖွင့်ကွ ... ဒါပဲကွာခြားသွားတာ”
ကျောင်းသားတွေက နားမလည်စွာဖြင့် မျက်လုံးလေးတွေပြူးကြောင်ကြောင် ဖြစ်နေကြသည်
“ဒီလို ပင်လယ်သေက ဂျော်ဒန်မြစ်ထဲကရေတွင် စီးဝင်တာပဲရှိတယ် ... ထွက်သွားနိုင်တဲ့ လမ်းကြောင်း မရှိဘူး။ ဒါကြောင့် တစ်ဖက်ပိတ်လို့ပြောတာ။ ဒါကြောင့် ပင်လယ်သေထဲ စီးဝင်လာသမျှ ရေတွေဟာ ရေငွေ့ပျံလိုက်၊ အနည်ထိုင်လိုက်နဲ့ ရေထုက ညစ်ညမ်းပြီးရင်း ညစ်ညမ်းသွားတယ်။ ဆားဓာတ်တွေကလည်း ပိုပိုပြီး ကဲသည်ထက် ကဲလာတယ်၊ ဒါကြောင့် ဘယ်သက်ရှိမှ၊ အပင်တွေမှ အသက်မရှင်နိုင်တာပေါ့”
ပါမောက္ခကြီးက ခေတ္တနားပြီးနောက် ဆက်ပြောသည်
“ဂါလီလီပင်လယ်ကြီးကတော့ ဒီလို မဟုတ်ဘူးကွ ... ဂျော်ဒန်မြစ်ထဲကရေတွင် တစ်ဖက်က စီးဝင်လာပြီး ဂါလီလီ ပင်လယ်ကို ဖြတ်ကာ အခြားတစ်ဖက်ကို ပြန်ထွက်သွားကြတယ်။ နှစ်ဖက်ဖွင့်ထားတော့ ရေက သေမနေဘူးပေါ့။ ဒါကြောင့်လည်း အဲဒီပင်လယ်ကြီးထဲမှာ ငါးတွေ အပင်တွေ ရှင်သန်နိုင်ကြတာပေါ့”
ပါမောက္ခကြီးက ကျောက်သင်ပုန်းကြီးပေါ်တွင် တစ်ခုခု သွားရေးလိုက်သည်
“Result?”
ထို့နောက် ဆက်ပြောသည်
“ရလဒ်ကဘာလဲ ... အဲဒါ ဒီနေ့အတွက် မင်းတို့ အဖြေထုတ်ရမယ့် အကြောင်းအရာပဲ ... ဗီဇတူပေမယ့် တစ်ဖက်ပိတ်နဲ့ နှစ်ဖက်ဖွင့် ဘာတွေ ကွာခြားသွားသလဲ ... အဲဒါကို ပင်လယ်နှစ်ခုနဲ့ နှိုင်းယှဉ်ပြီးတော့ မင်းတို့ ဆီက လေ့လာဆန်းစစ်ချက်တွေကို ဆရာလိုချင်တယ်။ လောကသဘာဝနဲ့ နှိုင်းယှဉ်ပြီး ကြိုက်သလို ရေးလို့ရတယ်။ လူ့ဘဝကြီးမှာလည်း ဒီအတိုင်းပဲ။ ငွေတွေကို စုကြ ... ပိုများအောင် လုပ်ကြ ပင်လယ်သေကြီးလို ဖြစ်နေတာတွေ အများကြီး။ စာတွေကို သင်ကြ၊ စာတွေကိုဖတ်ကြ ဦးနှောက်ထဲကို ရိုက်သွင်းပြီး ပြန်မထုတ် ခိုင်းတော့ အတွေးအခေါ်တွေ သေနေကြတာ အများကြီးပဲ။ မေတ္တာတရားတွေကိုလည်း ကိုယ့်သားမှသား ... ကိုယ့်သမီးမှ သမီး ... အခြားသူတွေဆီကို အစီးမခံတဲ့ မေတ္တာပုပ်တွေ အများကြီး။ အယူသာရှိပြီး အပေးမရှိရင် ပင်လယ်သေကြီးပဲကွမှတ်ထား။ ဒါကြောင့် ဒီနေ့ မင်းတို့တွေးရမှာ ရေးရမှာက ဘဝဆိုတာ ရယူခြင်းလား၊ ပေးဆပ်ခြင်းလား ကွဲပြားအောင် ခွဲခြားဆန်းစစ်ကြစမ်းတပည့်တို့”
“Life is not just about getting. It’s also about giving.”
Credit to Writer, Saya U Tin Nyunt