
23/12/2022
စံကားမြို့ဟောင်း နှင့် စကားအင်း
ရှမ်းပြည်တောင်ပိုင်းအလယ်ဗဟိုနားလောက်မှာတည်ရှိတဲ့ “စကားမြို့ဟောင်း” နဲ့ “စကားအင်း” ဆီကို အခုမှပဲရောက်ဖြစ်ပါတယ် ။ ဒီခရီးကို ပြီးခဲ့တဲ့နှစ်နှစ်လောက်ကတည်းက ချိန်ရွယ်နေခဲ့ပေမယ့် အခုမှ အထမြောက်ခဲ့ရတာပါ ။ တကယ်တော့ စကားမြို့ဟောင်းတည်ရှိရာစကားအင်းကြီးဟာ အင်းလေးကန်နဲ့့တစ်ဆက်တည်း တောက်ဘက်မှာတည်ရှိနေတာဖြစ်ပါတယ် ။ ဒါပေမယ့်လည်း အင်းလေးကန်ဆီရောက်တဲ့သူတိုင်းက တစ်ဆက်တည်းတည်ရှိနေတဲ့ စကားမြို့ဟောင်းနဲ့ စကားအင်းဆီကိုတော်ရုံနဲ့မရောက်ဖြစ်တတ်ကြပါဘူး ။ စကားအင်းဟာ ရှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ်ထဲမှာပါ၀င်ပြီး ညောင်ရွှေမြို့ရဲ့တောင်ဘက် မိုင် 40 ခန့် ( ရေမိုင် 37 မိုင် ) အကွာမှာတည်ရှိပါတယ် ။ စကားမြို့ဟောင်းဆီကို ညောင်ရွှေကနေ ကန်ပတ်လမ်းအတိုင်းသွားနိုင်သလို အင်းလေးကန်ထဲကနေပြီး ဘီလူးချောင်းအတိုင်း ရေလမ်းခရီးအားဖြစ်လည်း သွားနိုင်ပါတယ် ။
ပြီးခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက စကားမြို့ဟောင်းနဲ့ပက်သက်တဲ့ စာတမ်းတစ်စောင်ကို ဖတ်ရှုလေ့လာခဲ့ရဖူးပါတယ် ။ စာတမ်းမှာ သက်ဆိုင်ရာဓာတ်ပုံနဲ့ပါပူးတွဲဖော်ပြထားတာပါ ။ ဖော်ပြထားတဲ့ဓာတ်ပုံတွေက မြို့ဟောင်း၀န်းကျင်မှာရှိတဲ့ ဘုရားပြိုကျောင်းပျက်တွေနဲ့ ယိုင်နဲ့နဲ့ဘုရားသိမ်တွေ ပြုပြင်မှုကင်းမဲ့နေတဲ့ဆင်းတုတော်တွေရဲ့ပုံပဲဖြစ်ပါတယ် ။ အဲဒီပုံတွေဟာ ကျွန်တော့စိတ်ကိုကိုင်လှုပ်နေသလိုဖြစ်နေခဲ့တာပါ ။ ပုံတွေမြင်ရတော့စိတ်မကောင်းဖြစ်နေမိပြီး အခုချိန်အထိ အဲဒီအနေထားအတိုင်းရှိနေတုန်းပဲလားလို့လည်း စိတ်ထဲမှာပါ ပူပင်နေမိပါတယ် ။ ဒါကြောင့် စကားမြို့ဟောင်းကို အမြန်ရောက်ဖူးချင်နေခဲ့တယ်ဆိုပါတော့ ။ ဒါပေမယ့် ချက်ချင်းမရောက်ဖြစ်ခဲ့ပါဘူး ။ အရင်ခေါက်က ညောင်ရွှေမြို့နဲ့အင်းလေးကန်ဆီရောက်ခဲ့ပေမယ့် ခရီးလမ်းမလွယ်ကူမှုကြောင့် စကားအင်းဆီမရောက်ဖြစ်ဘဲ လှည့်ပြန်ခဲ့ရတာပါ ။ အခုတော့ စကားမြို့ဟောင်းနဲ့ စကားအင်းကြီးဆီိကို တကယ်ရောက်ခဲ့ရပါပြီ ။
( စကားရှာ )
စကား ( စံကား ) မြို့ကို အေဒီ 1479 ခုနှစ်မှာ စော်ဘွားစဝ်ပြားလဲကတည်ထောင်ခဲ့တယ်လို့ဆိုပါတယ် ။ မြို့တည်ထောင်စဉ်က ပင်လုံမြို့ လို့အမည်ပေးခဲ့ပါတယ်တဲ့ ။ စော်ဘွားစဝ်ပြားလဲက သူတည်ထောင်ခဲ့တဲ့မြို့သစ်ရဲ့အလယ်ဗဟိုမှာ တရုတ်စကားသားအနှစ်နဲ့ထုလုပ်တဲ့မြတ်စွားဘုရားဆင်းတုတော်ကိုဌာပနာလို့ ပုထိုးတည်တော်မူပြီး အဲဒီပုထိုးတော်ကို စကားရွှေဂူဘုရားလို့သတ်မုတ်ခဲ့သလို နယ်မြေကိုလည်စကားနယ်မြေအဖြစ်သမုတ်ခဲ့တယ်လို့သိရပါတယ် ။ အေဒီ 16 ရာစု ဟံသာ၀တီဆင်ဖြူရှင်ဘုရင့်နောင်မင်းတရားကြီးလက်ထက်ရောက်လို့ ဒုတိယမြန်မာနိုင်ငံတြော်ကီးအဖြစ်စုစည်းတည်ထောင်တဲ့အခါမှာ စကားမြို့လည်းပြည်မနဲ့ တစ်သားတည်းဖြစ်ခဲ့ရပါတယ် ။ အဲဒီအချိန်ကစပြီး စကားနယ်ဟာမြန်မာဘုရင်အဆက်ဆက်နဲ့ ဆက်ဆံမှုတွေရှိလာခဲ့ကြောင်း မှတ်တမ်းများမှာဖော်ပြပါတယ် ။ 1887 ခုနှစ် စကားနယ် အင်္ဂလိပ်လက်အောက်ကျရောက်တဲ့အချိန်မှာ စကားမြို့ရဲ့စော်ဘွားဟာ စဝ်စိန်ဖူးဖြစ်ပြီး နောက်ဆုံးစကားစော်ဘွားကတော့ စောဝ်ခွန်ကြည် ( နေက်ဆုံးအချိန်တွင် ဖခင်ကိုယ်စား သားဖြစ်သူစောဝ်စိုးကြီးမှခေတ္တအုပ်ချုပ်နေ ) ဖြစ်ပါတယ် ။
အခုချိန်မှာ စကားမြို့ဟောင်းကို အိမ်ခြေ 260 ကျော်ရှိတဲ့ရွာကြီးတစ်ရွာအဖြစ်နဲ့ စကားအင်းရဲ့အရှေ့ဘက်ခြမ်းမှာတွ့နေရတာပါ ။ တိုက်နယ်ဆေးရုံ ၊ ရဲစခန်း နဲ့ အစိုးရအထက်တန်းကျောင်းတည်ရှိပါတယ် ။ မြို့ဟောင်းဖြစ်ခဲ့ဖူးတဲ့စကားရွာမှာ ရှေးဟောင်းစေတီပုထိုးဘုရားတွေကိုလည်း အထိုက်သင့်သလောက်တွေ့ရပါတယ် ။ အင်းအရှေ့ဘက်ခြမ်း စကား ( ရွာမ ) ရွာအလယ်မှာ စကားနယ်နံရွှေဂူဘုရား ၊ ကမ်းနားအစပ်ကရေတွေထဲနစ်နေပြီဖြစ်တဲ့ နှစ်ကျိတ်ရှစ်ဆူဘုရားအစုအဝေး ၊ မြို့မဘုန်းကြီးကျောင်၀င်းထဲကရှေးဟောင်းစေတီ ၊ ရှေးဟေင်းသိမ်များနဲ့ အင်းအနောက်ဘက်ကမ်းက သာခေါင်မွေတော်ဘုရားအစုအဝေးကို လေ့လာဖူးတွေ့နိုင်ပါတယ် ။
( စကားအင်း )
အင်းလေးကန်ဟာ တောင်ဘက်ကို ဘီလူးချောင်း ( နမ့်ပီလူးချောင်း ) အဖြစ်ဆက်လက်စီးဆင်းပါတယ် ။ စကားရွာ ( အရင်စကားမြို့ဟောင်း ) ဆိုတာကလည်း အင်းလေးကန်တောင်ဘက် မိုင်လေးဆယ်အကွာလောက်က ဘီလူးချောင်းစီးဆင်းရာဒေသ၀န်းကျင်မှာတည်ရှိနေတာဖြစ်ပါတယ် ။ အဲဒီအချိန်က ဘီလူးချောင်းဟာ သာမန်ချောင်းတစ်ချောင်းအဖြစ်နဲ့သာစီးဆင်းနေတာမို့ချောင်းတစ်ဖက်တစ်ချက်မှာ စကားရွာအပါအ၀င် ရွာပေါင်းများစွာချောင်းနဲ့နီးနီးကပ်ကပ်အမှီပြုခြေချနေထိုင်ခဲ့တာဖြစ်မှာပါ ။ ဘီလူးချောင်းစီးဆင်းရာဒေသတလျှောက်နဲ့ ချောင်းအရှေ့ဘက်အနောက်ဘက် တောင်တန်းကြီးတွေရဲ့ဆင်ခြေလျှောဒေသတွေက မြေဆီမြေသြဇာအထူးကောင်းမွန်ပြီး စိုက်အပျိုးမှုတွေကောင်းကောင်းဖြစ်ထွန်းတဲ့နေရာတွေဖြစ်ပါတယ် ။
1967 – 68 ( ? ) ခုနှစ်ရောက်တော့ ကယားပြည်နယ်လောပိတရေအားလျှပ်စစ်ထုတ်လုပ်ရေးအတွက် အင်းလေးကန်ရဲ့တောင်ဘက်ကစကားရွာ ၊ စကားရွာရဲ့တောင်ဘက်ဖယ်ခုံမြို့နယ်မိုးဗြဲကျေးရွာမှာ ဘီလူးချောင်းကိုပိတ်ပြီး ရေလှောင်ကန်ဆည်တံမံကြီးတစ်ခုကိုပြုလုပ်လိုက်ပါတော့တယ် ။ အဲဒီအခါမှာ ဘီချောင်းတစ်လျောက်ရေတွေမြင့်တက်လာပြီး စကားရွာနေရာတဝိုက်မှာ “စကားအင်း” ဆိုပြီးပေါ်ပေါက်လာပါတော့တာပါ ။ သိပ်ကိုကြီးမားကျယ်ပြန့်တဲအင်းကြီးဖြစ်ပါတယ် ။ ဘီလူးချောင်းရေမြင့်တက်လာပြီး ကြီးမားကျယ်ပြန့်တဲ့အင်းကြီးတစ်အင်းဖြစ်ပေါ်လာတာကြောင့် အနီးနား၀န်းကျင်မှာအမှီပြုနေထိုင်ကြတဲ့ ကျေးရွာပေါင်း 60 ကျော်ပြောင်းရွှေ့ကြရသလို လယ်ယာမြေဧကပေါင်းများစွာလည်းရေအောက်ရောက်ခဲ့ရပါတယ် ။ အရင်ဘီလူးချောင်းအနောက်ဘက်ခြမ်းက စကားရွာဆိုရင်လည်း အနောက်ဘက် သာခေါင်ဘုရားအနားက ကုန်းမြင့်ရာဆီကိုရွှေ့ပြောင်းကြရတာမို့ လက်ရှိစကားရွာဟာ အင်းအနောက်ဘက်နဲ့ အရှေ့ဘက်မှာရှိနေတာဖြစ်ပါတယ် ။
စကားရွာထဲရောက်ပြီဆိုတာနဲ့ဆေးရုံနဲ့မျက်နှာချင်းဆိုင်မှာကွင်းပြင်ကြီးတစ်ခုကိုတွေ့ရပြီး အဲဒီကွင်းပြင်ကြီးရဲ့တောင်ဘက်ကပ်လျှက်မှာတော့ “စံကားနယ်နံရွှေဂူဘုရား” ဆိုတဲ့ ဘုရားအစုအဝေးတစ်ခုကိုတွေ့ရပါတယ် ။ စေတီအများစုက ရှမ်းပြည်မှာတွေ့ရလေ့ရှိတဲ့စေတီတွေအတိုင်းဖောင်းရစ်များများနဲ့ လည်တံရှည်ပုံစံတွေဖြစ်ပါတယ် ။ ဒီစေတီအစုအဝေးမှာပြန်ပြင်ထားတဲ့စေတီကိုတွေ့ရပေမယ့်လည်း အများစုကတော့ ထိန်းသိမ်းဖို့လိုအပ်နေဆဲဖြစ်ပါတယ် ။ ပင်မစေတီကြီးကို စကားမြို့စတင်တည်ထောင်သူ စော်ဘွားစောဝ်ပြားလဲကတည်ထားကိုးကွယ်ခဲ့တယ်လို့သိရပြီး ဒီစေတီကြီးမှာ စံကားသားအနှစ်နဲ့ထုလုပ်ထားတဲ့ရုပ်ပွားတစ်ဆူဌာပနာခဲ့လို့ စကားရွှေဂူဘုရား ၊ စံကားနယ် ဆိုပြီးဖြစ်လာခဲ့ကြောင်းမှတ်တမ်းများမှာဖော်ပြပါတယ် ။ ဘိုးတော်ဘုရား ( ဗဒုံမင်း ) လက်ထက်မှာ နိုင်ငံနဲ့အဝှမ်းနယ်နိမိတ်သတ်မှတ်တဲ့အနေနဲ့ ရွှေဂူဘုရားဆူရေပေါင်း 230 ကို အမြို့မြို့နယ်နယ်တွေမှာတည်စေခဲ့ရာမှာ စကားမြို့လည်းအပါအ၀င်ဖြစ်ပါတယ် ။ အဲဒီရွှေဂူစေတီဟာ ဒီစံကားနယ်နံရွှေဂူဘုရား၀င်ထဲမှာပဲတည်ထားခဲ့တယ်လို့သိရပါတယ် ။
စံကားနယ်နံရွှေဂူ ( ပင်မ ) စေတီရဲ့လိုဏ်ဂူထဲမှာဆင်းတုတော်တွေနဲ့ ဇာတ်နိပါတ်သရုပ်ဖော်အင်္ကတေရုပ်ထုတွေကိုပါသွန်းလုပ်ပုံဖော်ပြီးတတ်ဆင်ထားတာကိုတွေ့ရပါတယ် ။ မင်း၀တ်ဆင်းတုတော်အကြီးနှစ်ဆူ ၊ ထိုင်တော်မူအသေးတွနဲ့ ၊ သိကြားရုပ် ဆင်ရုပ် ၊ မာနတ်ဆင်စီးရုပ် စတာတွေကို ဂူအတွင်းမှာနေရာမလပ်အောင်တတ်ဆင်ထားတာပါ ။ ဘုရားလိုဏ်ဂူအတွင်း အခုလိုမျိုးထည့်သွင်းပူစော်ထားတာမျိုးကို ဒီဒေသမှာအများဆုံးတွေ့ရတတ်ပါတယ် ။ လက်ရှိအနေထားမှာတော့ ရုပ်လုံးရုပ်ထုတွေကို ရွှေဆေးတွေနဲ့သုတ်လိမ်းထားတာမို့ ရှေးဟောင်းရုပ်ပွားတော်တွေကိုကြည့်ရှုခံစားရသလိုမျိုး ရသအပြည့်အ၀မပေါ်တော့ပါဘူး ။
စကားမြို့ဟောင်းမှာ အရင်တချိန်က ဘုန်းကြီးကျောင်း 9 ကျောင်းရှိခဲ့ဖူးကြောင်း ဖတ်ရှုလေ့လာရဖူးတဲ့ သမိုင်းမှတ်တမ်းမှာဖော်ပြထားပါတယ် ။ အဲဒါတွေက ကျိုင်းတောင်းကျောင်း ၊ ဘီလူးနှစ်ကောင်ကျောင်း ၊ ကျောင်းလျန်ကျောင်း ( ခေါ် ) ကျောင်းနီကျောင်း ၊ လေးမျက်နှာကျောင်း ၊ တောရကျောင်း ၊ နှစ်ကျိတ်ရှစ်ဆူဘုရားကျောင်း ၊ တွံ့ဟုန်းကျောင်း ၊ အရှေ့ကျောင်း နဲ့ ကျောင်းသစ်ကျောင်းတို့ဖြစ်ပါတယ်တဲ့ ။ အဲဒီထဲက ကျောင်းသစ်ကျောင်းဆိုတာ တချိန်က စော်ဘွားကိုးကွယ်ခဲ့တဲ့ကျောင်းဖြစ်ပြီး အခုချိန်မှာ အဲဒီကျောင်းတစ်ကျောင်းပဲ မြို့မကျောင်းအဖြစ်နဲ့ စကားရွာမှာကျန်နေတော့တာပါ ။
တကယ်တော့ ဘုန်းကြီးကျောင်းအကုန်လုံးပျောက်ကွယ်သွားတာမဟုတ်ပါဘူး ။ မြို့မကျောင်းအနားမှာပဲ အဲဒီကျောင်းတွေရဲ့လက်ကျန်ဘုရားဆင်းတုတော်တွေကျန်နေသေးတကိုတွေ့ရပါတယ် ။ ဘီလူးနှစ်ကောင်ကျောင်း ၊ လေးမျက်နှာဘုရားကျောင်း နဲ့ ကျောင်းလျန် ( ခေါ် ) ကျောင်းနီကျောင်းက လက်ကျန်ပင်မဆင်းတုတော်ကြီးတွေကို မြို့မကျောင်းအနားမှာပဲ တစ်စုတစ်ဝေးတည်းတွေ့ရတာပါ ။ အဲဒီဆင်းတုတော်တွေတည်ရှိနေတဲ့အုတ်ခုံပလ္လင်ဟာ မြေကြီးမှာခြေစိုက်ယူထားတာဖြစ်လို့ သစ်သားနဲ့အဆောက်အအုံတွေပြိုပျက်သွားပေမယ့်လည်း သူ့ချည်းသက်သက်ကျန်နေခဲ့တာဖြစ်နိုင်ပါတယ် ။ ဘုန်းကြီးကျောင်းတွေကလက်ကျန်ပင်မဆင်းတုတော်ကြီးတွေရဲ့တည်နေရာအနေထားကိုကြည့်ရတာဖြင့် အဲဒီဘုန်းကြီးကျောင်းတွေဟာ မြို့မကျောင်း ( ကျောင်းသစ်ကျောင်း ) အနီးတဝိုက်မှာပဲ နီးနီးကပ်ကပ်တည်ရှိနေတာဖြစ်ပြီး ကြီးမားတဲ့ကျောင်းကြီးတွေမဟုတ်လောက်ဘူးလို့ထင်မိပါတယ် ။
ဘီလူးနှစ်ကောင်ကျောင်းနဲ့ လေးမျက်မှာကျောင်းက ကျန်နေခဲ့တဲ့ဆင်းတုတော်ကြီးတွေကိုတော့ အပြင်ကနေငုံပြီး သစ်သားကျောင်းဆောင်နဲ့အသစ်ဖြည့်သွင်းထားတာကိုတွေ့ရပါတယ် ။ သူ့မူလအတိုင်းမဟုတ်ပေမယ့်လည်း ရှေးဟောင်းဆင်းတုတော်ကြီးတွေကို ကာကွယ်ထိန်းသိမ်ထားသလိုဖြစ်နေပြီမို့ စိတ်သက်သာရာရပါတယ် ။ လေးမျက်နှာကျောင်းက ဆင်းတုတော်တွေဆိုရင် သိပ်ကိုလက်ရာမြောက်တာပါ ။ ပုလ္လင်အုတ်ခုံရဲ့အရှေ့ဘက်နဲ့အနေက်ဘက်မျက်နှာတွေမှာဆင်းတုတော်ကြီးနှစ်ဆူစီထားရှိပြီး တောင်နဲ့မြောက်မျက်နှာတွေမှာတော့ ဆင်းတုတော်အကြီးတစ်ဆူစီထားရှိပါတယ် ။ ဒါ့အပြင် ထောင့်လေးထောင့်မှာလည်း သာ၀ကတစ်ပါးစီက လက်အုပ်ချီပြီး ဘုရားကန်တော့နေကိုဟန်ထည့်သွင်းပူစော်ထားသေးတာပါ ။ ဆင်းတုတော်ကြီးတွေကို သူ့မူလအနေထားတိုင်းတွေ့ရလို့စိတ်ချမ်းသာရပါတယ် ။ ပလ္လင်အောက်ဖက်အနားက ကုန်းဘောင်ခေတ်ဦးဟန်လို့ထင်ရတဲ့ရွှေဇဝါရေးလက်ရာတွေကလည်း လက်ရာမြောက်လွန်းတာပါပဲ ။
ကျောင်းလျန်ကျောင်း ( ခေါ် ) ကျောင်းနီကျောင်းကိုတော့ မပြုပြင်နိုင်သေးဘူးထင်ပါရဲ့ ။ ဘုရားအခန်းက ကျန်နေတဲ့အုတ်ခုံနဲ့တွဲလျှက်ပင်မဆင်းတုတော်ကြီးသုံးဆူကိုသာ နှစ်ဆင့်လည်ပေါ်ပြာသာဒ်အမိုးနဲ့ မိုးပြီး အဆင်ပြေသလိုလေးထိန်းသိမ်းထားတာကိုတွေ့ရပါတယ် ။
နှစ်ကျိတ်ရှစ်ဆူ ဘုရားအစုအဝေးကတော့ စောစောကပြောခဲ့တဲ့ကျောင်းတွေရဲ့အနောက်ဘက် အင်းအစပ်နားမှာတည်ရှိပါတယ် ။ စေတီတော်အကုန်လုံးရဲ့ ဖိနပ်အုတ်ခုံတွေရေမြုပ်နေကြတာပါ ။အရင်တချိန်က ကုန်းမြင့်တစ်နေရာမှာတည်ထားခဲ့တာဖြစ်ပေမယ့်လည်း တမံပိတ်ပြီးနောက်ပိုင်း အခုလိုရေတွေမြင့်တက်လာတာဖြစ်နိုင်ပါတယ် ။ ဒီထက်ပိုနစ်မြုပ်တဲ့စေတီအစုအဝေးနဲ့ တခြားစေတီတွေကိုလည်း အင်းအလယ်မှာတွေ့နိုင်သေးတာပါ ။ နှစ်ကျိတ်ရှစ်ဆူစေတီအစုအဝေးထဲမှာ ပြန်ပြင်ထာတဲ့စေတီတွေတွေ့့ရသလို လုံး၀မထိန်းသိမ်းမှုမပြုရသေးတဲ့စေတီကိုတွေ့ရပါတယ် ။ သာခေါင်အမွေတော်ဘက်ကူးတဲ့စက်လှေတွေ ပြိုပျက်နေတဲ့ရှေးဟောင်းဘုရားတွေအနားက ပွတ်ကာသီကာသွားနေကြတာကိုမြင်ရတော့လည်း အသည်းယားမိပါတယ် ။
စက်လှေသမားတွေက လာရောက်လည်ပတ်တဲ့ဧည့်သည်တွေကို အင်းထဲကတာရိုးရှည်ကြီးဆီပို့ဆောင်ပေးလေ့ရှိပါတယ် ။ အဲဒီတာရိုးကြီးဟာစကားရွာထဲကနေအင်းထဲကို ရေတစ်၀က်မြုပ်အနေထားနဲ့ထိုးထွက်နေတာဖြစ်ပါတယ် ။ အရှည်အားဖြင့် လေးဖာလုံလောက်ရှိမှာပါ ။ တော်တော်ရှည်လျှားတယ်လို့ဆိုနိုင်ပါတယ် ။ တာရိုးကြီးကို အနီးအကပ်ကြည့်ရတဲ့အခါ သဘဝကျောက်တန်းကြီးတစ်ခုလိုဖြစ်နေပြီး ရှမ်းပြည်တောင်ပိုင်းက တချို့ဒေသမှာအသုံးပြုလေ့ရှိတဲ့ ဂျွံကျောက်လို ကျောက်သားမျိုးနဲ့ဆင်တူပါတယ် ။ နောက်ပြီး တာရိုးတန်းတစ်လျောက်ရဲ့အထိပ်မှာ ခြေတစ်ဝါးစာလောက် မြောင်းလေးတစ်ခုလည်းတွေ့နေရပါတယ် ။ တာရိုးကြီးကိုစမြင်ရတုန်းကတော့ အတော်လေးစဉ်းစားရကြပ်ပါတယ် ။ ဒေသခံတွေပြောသလို အဲဒီတာရိုးကြီးကို ဖိုးခင်နဲ့ ဖိုးတင်တို့နတ်ညီနောင်ကတည်ဆောက်ခဲ့တယ်ဆိုတာကို လက်မခံနိုင်တော့ တခြားဖြစ်နိုင်စရာအချက်ကိုတွေကိုတွေးကြည့်ပြီး အဖြေရှာကြည့်နေမိတာပါ ။
တကယ်တော့ အဲဒီတာရိုးကြိးဟာ လူလုပ်ထားတဲ့တာရိုးကြီးဖြစ်ပါတယ် ။ စကားမြို့ကိုတည်တဲ့ စော်ဘွား စောဝ်ပြားလဲ ( အေဒီ 1479 -–1555 ) လက်ထက်မှာ စိုက်ပျိုးမြေတွေအတွက် ဘီလူးချောင်းကရေ အလုံအလောက်မရှိတော့တာမို့ အရှေ့နန်းဟူး ၊ လင်လန်ရေထွက်တွေကနေ မြေတာရိုးကြီးတွေဖို့ပြီး ရေသွယ်ယူခဲ့ရတယ်လို့ဆိုပါတယ် ။ အခု စကားအင်းထဲမှာရေတစ်၀က်မြုတ်နေတဲ့အနေထားနဲ့တွေ့နေရတဲ့တာရိုးတန်းကြီးဆိုတာ စော်ဘွားစောဝ်ပြားလဲလက်ထက်မှာ တည်ဆောက်ခဲ့တဲ့ ရေသွယ်တာရိုးဖြစ်ပါတယ် ။ အဲဒီတာရိုးကြီးဟာ နှစ်ပေါင်းများစွာစကားအင်းရေနဲထိတွေ့ပြီး အခုလိုမျိုးကျောက်သွားလိုမာကြောသွားတာဖြစ်ကြောင်း မှတ်တမ်းမှာဖော်ပြပါတယ် ။
လက်ရှိအနေထားမှာ တာရိုးကြီးရဲ့တစ်နေရာကိုချိုးဖျက်ထားတာတွေ့ရသလို တာရိုးကြီးရဲ့အပြင်ဘက်အစွန်ဆုံးအပိုင်းတွေပြိုကျပျက်စီးနေတာကိုလည်း တွေ့နေရပါတယ် ။ အဲဒီလိုပျက်စီပြီးရေထဲငုတ်လှိုးသွားတဲ့အပိုင်းကလည်း အတော်လေးရှည်လျှားတာပါ ။ မှတ်တမ်းမှာဖော်ပြချက်အရဆိုရင် ဒီတာရိုးကြီးဟာ အေဒီ 15 ရာစုမှာတည်ဆောက်ခဲ့တဲ့လူလုပ်တာရိုးကြီးတစ်ခုဖြစ်တာမို့ ရှေးဟောင်းအဆောက်အအုံတစ်ခုအနေဖြစ်သေသေချာချာ ထိန်းသိမ်းသင့်နေပြီဖြစ်ပါတယ် ။
နိုင်ငံခြားသားခရီးသွားဧည့်သည်တွေလည်း အဲဒီတာရိုးကြီးကို အသေအချာလေ့လာနေတာကိုတွေ့ရပါတယ် ။ ဒသခံတွေအနေနဲ့ ကိုယ့်ဒေသအတွက် ခရီးသွားလုပ်ငန်းကိုမြင့်တက်စေတဲ့အရာလည်းဖြစ် ကိုယ့်ဒေသရဲ့အမွေအနှစ်လည်းဖြစ်တဲ့ တာရိုးကြီးကိုအသိစိတ်လေးနဲ့ ထိန်းသိမ်းသင့်တယ်လို့ထင်မြင်မိပါတယ် ခင်ဗျာ ။
အကိုးအကား ။ ။ စံကားသမိုင်း ( သောင်းတင်ရီ )
December ရဲ့ အအေးဓာတ်နဲ့ အတူ အင်းလေးကန်မှဖိတ်ခေါ်ပါတယ်
ဒီဇင်ဘာ ကျောင်းပိတ်ရက်လေးမှာ မိသားစုနဲ့ အတူ ရှမ်းပြည်နယ် အင်းလေးကို စိတ်ချမ်းမြေ့စွာ သွားလာနိုင်ဖို့ San Shar Travel and Tours မှ နွေးထွေးပျူငှာစွာ ဖိတ်ခေါ်လိုက်ပါသည်ခင်ဗျား
Daw Nyunt Yee Restaurant
Phaung Daw Side Road, Win Quarter,
Nyaung Shwe.
Phone. 095213427,09428316837
Email; [email protected]