Gold Members 2

Gold Members 2 Travel &Tours / Travel agent

 #ပြာသိုလပြည့်_ရှင်တစ်ထောင်အခါတော်နေ့******************************************ပြာသိုလပြည့်နေ့ကို ရှင်တစ်ထောင်အခါတော်နေ့...
16/01/2022

#ပြာသိုလပြည့်_ရှင်တစ်ထောင်အခါတော်နေ့
******************************************

ပြာသိုလပြည့်နေ့ကို ရှင်တစ်ထောင်အခါတော်နေ့ အဖြစ် သိသူ ရှားပါး ပေလိမ့်မည်။ ဤသို့ သတ်မှတ်ရခြင်းမှာ ဂေါတမဘုရားရှင် လက်ထက်တော်အခါက ရသေ့ညီနောင် ရှင်အပါးတစ်ထောင်တို့သည် ၄င်းတို့၏ အယူဝါဒအား စွန့်ပယ်ကြလျက် ဗုဒ္ဓသာသနာတော်အတွင်း ကူးပြောင်းရောက်ရှိလာကြသောကြောင့် ဖြစ်ပါသည်။

ဂေါတမမြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ပထမဝါကျွတ်ပြီးနောက် ရသေ့တစ်ထောင်ကို ချွတ်ရန် ဥရုဝေလတောသို့ တန်ဆောင်မုန်းလပြည့်နေ့တွင် သွားရောက်ခဲ့ပြီး ပြာသိုလပြည့်နေ့အထိ ၂-လကြာမျှ ဥရုဝေလတော၌ပင် ရသေ့များနှင့် သီတင်းသုံး ခဲ့ပါသည်။

ထိုစဉ်ကာလ ဥရုဝေလတော၌ အစ်ကိုကြီး ဥရုဝေလကဿ ဦးဆောင်သော ရသေ့ငါးရာ၊ အစ်ကိုလတ် နဒီကဿ ဦးဆောင်သော ရသေ့သုံးရာ၊ ညီငယ် ဂယာကဿ ဦးဆောင်သော ရသေ့နှစ်ရာ စသည်တို့သည် သုံးနေရာခွဲလျက် နေထိုင် သီတင်းသုံး နေကြသည်။

ဥရုဝေလတောအုပ်သို့ ရောက်ရှိတော်မူခဲ့သော ဂေါတမဘုရားရှင်သည် ဦးစွာ ဥရုဝေလကဿ ရသေ့ကြီးထံ သွားရောက်လျက် နေခွင့် တောင်းခံသောအခါ နဂါးကြီးရှိသောနေရာ၌ သီတင်းသုံးခွင့် ရခဲ့သည်။

ရသေ့များ အားလုံးကပင် နဂါးကြီး၏ လက်ချက်ဖြင့် ဘုရားရှင် အသက်ဆုံးမည်ဟု ထင်ကြသော်လည်း ဘုရားရှင်က နဂါးကြီးအား တန်ခိုးတော်ဖြင့် အနိုင် ရလိုက်သည့်အခါ ရသေ့အပေါင်းတို့သည် ဘုရားရှင်အား လေးစား အထင်ကြီးသွားကြကုန်၏။

ဥရုဝေလကဿ နှင့်တကွ ရသေ့အားလုံးတို့သည် တရားနည်းလမ်းမကျသော မီးလှုံခြင်း၊ ရေငုပ်ခြင်း စသည့် ပဉ္စာတပအကျင့်များကို ကျင့်ကြကုန်၏။

ထိုအကျင့်များကို ကျင့်ခြင်းဖြင့် ကိလေသာ ခေါင်းပါးလိမ့်မည်ဟုလည်း လွဲမှားစွာ မှတ်ထင်ထားကြ၏။

၄င်းတို့၏ ကျင့်ကြံပုံမှာ ဆီးနှင်းများ တဖွဲဖွဲကျဆင်းနေပြီး ခိုက်ခိုက်တုန်အောင် ချမ်းအေးလှစွာသော ပြာသိုလ သမယအတွင်း သတ်မှတ်ရက် ရှစ်ည၌ နေရဉ္ဇရာမြစ်အတွင်းသို့ သက်ဆင်းကာ ရေငုပ်ကြကုန်၏။ သည့်အတွက် ခိုက်ခိုက်တုန်မျှ အချမ်းဝေဒနာကို ခံစားကြရလေသည်။

ထိုအခါ ဗုဒ္ဓဘုရားရှင်က ရသေ့များ အချမ်းဝေဒနာ သက်သာစေရန် မီးအိုးကင်း - ၅၀၀ ကို တန်ခိုးတော်ဖြင့် ဖန်ဆင်းပေးတော် မူခဲ့ပါသည်။

ထို့အပြင် ဗုဒ္ဓဘုရားရှင်သည် ရသေ့များခွဲ၍ မကွဲသော ထင်းတုံးငါးရာအား တစ်ပြိုင်နက် ကွဲစေခြင်း၊ ရသေ့များ မွှေး၍ မရသောမီးကို တစ်ပြိုင်နက် တောက်လောင်စေခြင်း၊ ရသေ့များ ငြိမ်း၍ မရသော မီးငါးရာအား တပြိုင်နက် ငြိမ်းစေခြင်း၊ မီးအိုးကင်း ငါးရာကို တပြိုင်နက် ဖန်ဆင်းခြင်း စသော တန်ခိုးတော်စုစုပေါင်း ၃,၅၁၆-မျိုးကို ပြသတော်မူခဲ့သည်။

ထိုအခါ ရသေ့အပေါင်းတို့သည် ၄င်းတို့၏ အသုံးအဆောင် ပစ္စည်းများအားလုံးကို နေရဉ္ဇရာမြစ်အတွင်းသို့ စွန့်ပစ်လိုက်ကြပြီး ဗုဒ္ဓဘုရားရှင်ထံ၌ ရဟန်းအဖြစ်ကို တောင်းခံခဲ့ကြလေ၏။

ပထမအကြိမ် ဥရုဝေလကဿ နှင့် တပည့်များ၊ ဒုတိယအကြိမ် နဒီကဿ နှင့် တပည့်များ၊ တတိယအကြိမ် ဂယာကဿ နှင့် တပည့်များ သုံးသုတ်ခွဲ၍ သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ကြသည်။

သည့်နောက် ရှင်တစ်ထောင် (ဝါ) ရသေ့တစ်ထောင်လုံး ဧဟိဘိက္ခုရဟန်းများ ဖြစ်လာကြတော့သည်။

ထိုအခါ ဗုဒ္ဓဘုရားရှင်လည်း ရသေ့တစ်ထောင်အား ဂယာသီသကျောက်ဖျာပြင်၌ " အာဒိတ္တ ပရိယာယ သုတ္တန်ဒေသနာ " ကို ဟောကြားတော်မူရာ ရဟန်းအားလုံး အာသဝေါကုန်ခမ်း၍ အရဟတ္တမဂ်ဖိုလ်သို့ ဆိုက်ရောက်ခဲ့ကြပြီး ရဟန္တာ ဖြစ်တော်မူပါတော့သည်။

ထိုနေ့သည်ကား ပြာသိုလပြည့်နေ့ ဖြစ်လေသည်။ ထိုသို့ ရှင်အပါးတစ်ထောင် ဗုဒ္ဓသာသနာအတွင်း ဝင်ရောက်ခဲ့သည်ကို အကြောင်းပြု၍ ပြာသိုလပြည့်နေ့အား ဗုဒ္ဓဘာသာဝင်တို့က " ရှင်တစ်ထောင် အခါတော်နေ့ " ဟူ၍ သတ်မှတ်ခဲ့ကြခြင်း ဖြစ်ပေသည်။

ဓမ္မချစ်ခင် ယောဂီမိဘဆွေမျိုးများ အားလုံးတို့သည်လည်း ဘုရားရှင်၏ ဂုဏ်ကို ကြည်ညိုသောအားဖြင့် ဘုရားရှင် ဟောကြားဆုံးမသော ဒါန, သီလ, ဘာ၀နာ တရားများကို ယခုလို မွန်မြတ်လှစွာသော အခါသမယနေ့တွင် အထူး ကျင့်ကြံအားထုတ် ကြပါစို့ ဟု တိုက်တွန်း နှိုးဆော်လိုက်ပါသည်။

Credit; အရှင်အာစာရ( ၁၆.၁.၂၀၂၂ )

မေတ္တာဖြင့် ....

#ဦးမြင့်ခိုင်, & SAI MYO WIN
https://www.facebook.com/sai.myowin.731

UAE VISA30 Days – 400AED ( Including Insurance )90 Days – 850AED  ( Including Insurance ) ~~~~~~~~~~~~~~~~~~~~~~~~For An...
06/12/2021

UAE VISA
30 Days – 400AED ( Including Insurance )
90 Days – 850AED ( Including Insurance )

~~~~~~~~~~~~~~~~~~~~~~~~
For Any Inquiries;
🇦🇪🇦🇪🇦🇪
Ma Su
+971 526391840
~~~~~~~~~~~~~~~~~~~~~~~~
( ဖုန်းခေါ်လို့ မကိုင်ဖြစ်ရင်လဲ Whatsapp မှာ စာချန်ခဲ့ပေးပါ --we will call back & will assist you for your covenience )
🇲🇲🇲🇲🇲🇲
Ye pyae aung
+959779808789

သုဘလုလင်မေးသော မေးခွန်း(၁၄) ¥ ¥ ¥ ¥ ¥ ¥ ¥ ¥ ¥ ¥ ¥ ¥ ¥ သုဘလုလင်အမေး၁။ လူချင်းတူပါလျက်အချို့မှာ အသက်တိုပြီး၂။ အချို့မှာ အသ...
28/08/2021

သုဘလုလင်မေးသော မေးခွန်း(၁၄)
¥ ¥ ¥ ¥ ¥ ¥ ¥ ¥ ¥ ¥ ¥ ¥ ¥

သုဘလုလင်အမေး
၁။ လူချင်းတူပါလျက်အချို့မှာ အသက်တိုပြီး
၂။ အချို့မှာ အသက်ရှည်ရသနည်း။

မြတ်ဗုဒ္ဓ အဖြေ

၁။ အချို့မှာ အသက်တိုရခြင်း ဤလောက၌ အချို့သော ယောင်္ကျား မိန်းမတို့သည် သတ္တဝါတို့ကို သနားကြင်နာခြင်း ကင်းမဲ့လျက် သူတစ်ပါး အသက်ကို ရက်ရက်စက်စက် သတ်ဖြတ်လေ့ရှိသည်။ ထိုသူတို့သည် သေသောအခါ ငရဲသို့ ကျရောက်ရသည်။ ရှေးကုသိုလ်ကံ တစ်ခုခု ထောက်မမှုကြောင့် လူ့ပြည်သို့ ရောက်ပြန်လျှင်လ ည်း ကြာရှည်စွာ နေခွင့်မရ၊ အသက်တိုလေ့ရှိသည်။

၂။ အချို့မှာ အသက်ရှည်ရခြင်း ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတ ို့သည် သတ္တဝါတို့ကို သနားကြင်နာခြင်း ဂရုဏာထားလျှက် သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ကြသည်။ ထိုသူတို့သည် သေသောအခါ နတ်ပြည်သို့ ရောက်ကြသည်။ လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်း အသက်ရှည်စွာ နေရသည်။
.....................................................................………

သုဘလုလင်အမေး

၃။ လူချင်းတူပါလျက်အချို့မှာ အနာရောဂါများပြီး
၄။ အချို့မှာ အနာရောဂါကင်းရသနည်း။

မြတ်ဗုဒ္ဓအဖြေ

၃။ အချို့မှာ အနာရောဂါ များရခြင်း ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတ ို့သည် တစ်စုံတစ်ယောက်သော သတ္တဝါကို လက်ဖြင့်သော်လည်းကောင်း၊ ခဲ, တုတ်, ဓား စသော လက်နက်များဖြင့် ညှင်းဆဲလေ့ရှိသည်။ ထိုသူတို့သေသောအခါ ငရဲသို့ရောက်ရသည်။ လူ့ပြည်သို့ ပြန်ရောက်လာလျင်လည်း အနာရောဂါ ထူပြောလေ့ရှိသည်။

၄။ အချို့မှာ အနာရောဂါ ကင်းရှင်းရခြင်း ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတ ို့သည် တစ်စုံတစ်ယောက်သော သတ္တဝါကို လက်ဖြင့်သော်လည်းကောင်း ၊ ခဲ, တုတ်,ဓား စသော လက်နက်များဖြင့် ညှင်းဆဲနှိပ်စက်လေ့မရှိ။ ထိုသူတို့သေသောအခါ နတ်ပြည်သို့ ရောက်ရသည်။ လူ့ပြည်သို့ ပြန်ရောက်လာလျင် လည်း အနာရောဂါ ကင်းရှင်းကြပေသည်။

.........................................................…………………

သုဘလုလင်အမေး
၅။ လူချင်းတူပါလျက်အချို့မှာ ရုပ်ဆိုးပြီး
၆။ အချို့မှာ အဆင်းလှပါသနည်း။

မြတ်ဗုဒ္ဓအဖြေ

၅။ အချို့မှာ ရုပ်ဆိုးရခြင်း ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတ ို့သည် အလွန်ဒေါသကြီး၏။အနည်းငယ်သော စကားကို ပြောလျှင်လည်း သူတစ်ပါးကို စော်ကားပုတ်ခတ်၍ ပြောလေ့ရှိသည်။ ထိုသူတို့သေသောအခါ ငရဲသို့ရောက်ရသည်။ လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်း မျက်နှာပုပ်သိုးနှင့် အရုပ်ဆိုးတတ်လေသည်။

၆။ အချို့မှာ အဆင်းလှရခြင်း ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတ ို့သည် ဒေါသမထွက်၊ သူတစ်ပါးကို အပြစ်ပြောလေ့မရှိ၊ စိတ်ထားနူးညံ့ သိမ်မွေ့သူများ ဖြစ်သည်။ ထိုသူတို့ သေသောအခါ နတ်ပြည်သို့ ရောက်ရသည်။ လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်း ကြည်လင်လှပသော ရုပ်အဆင်းအင်္ဂါနှင့် ချောမောလှပကြသည်။
.........................................……………………………………

သုဘလုလင်အမေး

၇။ လူချင်းတူပါလျက်အချို့မှာ အခြွေအရံတန်ခိုး အာဏာ နည်းပါးပြီး
၈။ အချို့မှာ အခြွေအရံတန်ခိုးအာဏာ ကြီးမားရသနည်း။

မြတ်ဗုဒ္ဓ၏ အဖြေ

၇။ အချို့မှာ အခြွေအရံ တန်ခိုးအာဏာ နည်းပါးရခြင်း ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတ ို့သည် ဣသာ (ငြူစူခြင်း) တရား အားကြီးကြသည်။ ထိုသူတို့သေသာအခါ ငရဲသို့ရောက်ရသည်။ လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်း အခြွေအရံ တန်ခိုးအာဏာ နည်းပါးရလေသည်။ ဣသာ၏အဓိပ္ပါယ် - သူတစ်ပါးတို့သည်ကံ, ဉာဏ်, ဝိရိယ အားလျော်စွာ စည်းစိမ်၊ ဥစ္စာပေါများခြင်း၊ ရာထူးဂုဏ်သိမ် ကြီးမားခြင်း၊ ထင်ရှားကျော်စော ခြင်း၊ တတ်သိ လိမ္မာခြင်းတို့ကို မနာလိုမှု၊ မကြည်ဖြူနိုင်မှု၊ စောင်းမြောင်းမှု၊ ငြူစူမှု စသည်တို့ကို နှုတ်ခမ်းစူ၍ ပြောဆိုမှုများသည အတွင်းက ဣသာတရား၏ အစွမ်းပင်ဖြစ်သည်။

၈။ အချို့မှာ အခြွေအရံ တန်ခိုးအာဏာ ကြီးမားရခြင်း ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတ ို့သည် ဣသာ (ငြူစူခြင်း) တရား မရှိ၏ကြပေ။ ထိုသူတို့သေသာအခါ နတ်ပြည်သို့ ရောက်ရသည်။ လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်း အခြွေအရံတန်ခိုးအာဏာ များပြားရလေသည်။
.................................................……………………………

သုဘလုလင်အမေး
၉။ လူချင်းတူပါလျက်အချို့မှာ ဥစ္စာမဲ့မွဲ ဆင်းရဲရပြီး
၁၀။ အချို့မှာ ဥစ္စပစ္စည်းကုံလုံ ကြွယ်၀ရသနည်း။

မြတ်ဗုဒ္ဓ၏ အဖြေ

၉။ အချို့မှာ ဥစ္စာမဲ့မွဲ ဆင်းရဲရခြင်း ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတ ို့သည် စွန့်ကြဲပေးကမ်း လှူဒါန်းလေ့မရှိ၊ မစ္ဆေရ (၀န်တိုခြင်း) တရား အလွန်အားကြီးကြ ကုန်၏။ ထိုသူတို့သေသာအခါ ငရဲသို့ ရောက်ရသည်။ လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်း ဥစ္စာမွဲလျှက် ဆင်းရဲကြကုန်၏ ။ မစ္ဆေရ၏ အဓိပ္ပါယ် - မိမိ၌ရှိသောပစ္စည်း၊ မိမိနှင့်ဆိုင်သော ပစ္စည်းများကို သူတစ်ပါးတို့နှင မပတ်သက် မပေးကမ်းလိုမှု၊ မလှူဒါန်းလိုမှု၊ မိမိ၏ စည်းစိမ်ဥစ္စာများကို သူတစ်ပါးရသွားမှာ စိုးရိမ်ခြင်းတိုိ့ကို မစ္ဆေရ ဟုခေါ်သည်။

၁၀။ အချို့မှာ ဥစ္စာပြည့်စုံ ကုံလုံကြွယ်ဝြခင်း ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတ ို့သည် စွန့်ကြဲပေးကမ်း လှူဒါန်းလေ့ရှိခြင်း၊ မစ္ဆေရ (၀န်တိုခြင်း) တရား မရှိကြကုန်။ ထိုသူတို့ သေသာအခါ နတ်ပြည်သို့ ရောက်ရသည်။ လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်း ဥစ္စာပြည့်စုံ ကုံလုံကြွယ်ဝြခင်းနှင့် ပြည့်စုံကြကုန်၏။
...........................................................................

သုဘလုလင်အမေး
၁၁။ လူချင်းတူပါလျက်အချို့မှာ အမျိုးယုတ်ရပြီး
၁၂။ အချို့မှာ အမျိုးမြတ်ရသနည်း။

မြတ်ဗုဒ္ဓ၏အဖြေ

၁၁။ အချို့မှာ အမျိုးယုတ်ရခြင်း ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတ ို့သည် အလွန်မာနကြီးကြကုန်၏။ သူတစ်ပါးကိုအလွန် အထင်အမြင် သေးကြကုန်၏။ ကိုယ့်ကိုယ်ကိုသာ အထင်ကြီးကြကုန်၏။ ရိုသေ လေးစားထိုက်သော သူတို့ကို ရိုသေ လေးစားရမှန်း မသိပေ။ ထိုသူတို့ သေသာအခါ ငရဲသို့ရောက်ရသည်။ လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်း အောက်ကျနောက်ကျြ ပီး ယုတ်ညံ့သော အမျိုးတွင် ဖြစ်ရလေသည်။

၁၂။ အချို့မှာ အမျိုးမြတ်ရခြင်း ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတ ို့သည် မာန်မာနမရှိကြကုန်။ သူတစ်ပါးကို အထင်အမြင်သေးခြင်း မရှိကြကုန်။ ရိုသေလေးစားထိုက်သော သူတို့ကို ရိုသေလေးစားကြကုန်၏။ ထိုသူတို့သေသာအခါ နတ်ပြည်သို့ ရောက်ရသည်။ လူ့ပြည်သို့ပြန် ရောက်လာလျှင်လည်း မြင့်မြတ်သောအမျိုးတွင် ဖြစ်ရလေသည်။

.......................................................................……

သုဘလုလင်အမေး
၁၃။ လူချင်းတူပါလျက်အချို့မှာ အသိဥာဏ်ပညာနည်းပါးပြီး
၁၄။ အချို့မှာ အသိဥာဏ်ပညာကြီးမားရသနည်း။

မြတ်ဗုဒ္ဓ၏ အဖြေ

၁၃။ အချို့မှာ အသိပညာဉာဏ် နည်းပါးရခြင်း ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတ ို့သည် ပညာရှိထံ ချဉ်းကပ်၍ ကုသိုလ်၊ အကုသိုလ်ကို၎င်း၊ အပြစ်ရှိမရှိကိုလည်းကောင်း၊ မိမိမှီဝဲထိုက်၊ မမှီဝဲထိုက်သော အရာကိုလည်းကောင်း၊ နောင်သံသရာ၀ယ် အကျိုးပေး မပေးကို လည်းကောင်း မေးမြန်းလေ့ မရှိ။ မိမိထင်ရာမြင်ရာ ပြုလုပ်ပြီး ဒုစရိုက်များဖြင သေလွန်သည့်အခါ ငရဲ၌ ဖြစ်ရလေသည်။ လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်း အသိပညာ ကင်းမဲ့သော လူဖျင်း၊ လူညံ့၊ လူအ၊ လူမိုက်ဖြစ်ရလေသည်။

၁၄။ အချို့မှာ အသိပညာဉာဏ် ကြီးမားရခြင်း ဤလောက၌ အချို့သော ယောင်္ကျားမိန်းမတ ို့သည် ပညာရှိထံချဉ်းကပ်၍ ကုသိုလ်၊ အကုသိုလ်ကို၎င်း၊ အပြစ်ရှိမရှိကိုလည်းကောင်း၊ မိမိမှီဝဲထိုက်၊ မမှီဝဲထိုက်သော အရာကိုလည်းကောင်း ၊ နောင်သံသရာ၀ယ် အကျိုးပေးမပေးကိုလည်း ကောင်းမေးမြန်းလေ့ရှိသည်။ မိမိထင်ရာမြင်ရာ မပြုလုပ်ဘဲ သုစရိုက်များဖြင့် သေလွန်သည့်အခါ နတ်ပြည်၌ ဖြစ်ရလေသည်။ လူ့ပြည်သို့ပြန် ရောက်လာ လျှင်လည်း အသိပညာဉာဏ်ကြိးမ ားရလေသည်။

(ဥပရိပဏ္ဏာသပါဋ္ဌိတော်၊ ဝိဘင်္ဂ၀ဂ်၊စူဋ္ဌကမ္မ ဝိဘင်္ဂသုတ်)

`စာရိတ္တသတ္တိ´အချိန်ကား . . . . . .ခရစ်နှစ် (၁၉၉၆) ဝန်းကျင်   “မီးဟေ့ … မီး၊ မီး"ဆိုတဲ့ အသံနဲ့အတူ ကျုပ်ရင်ဘက် ပူကနဲတစ်ချ...
28/08/2021

`စာရိတ္တသတ္တိ´

အချိန်ကား . . . . . .ခရစ်နှစ် (၁၉၉၆) ဝန်းကျင်

“မီးဟေ့ … မီး၊ မီး"
ဆိုတဲ့ အသံနဲ့အတူ ကျုပ်ရင်ဘက် ပူကနဲတစ်ချက်ဖြစ်သွားလို့ ရုတ်တရက် ထထိုင်မိလျက်သား ဖြစ်သွားတယ်။ ရှေ့မှာ လုံးလုံးထင်မှတ် မထားတဲ့ အနိဋ္ဌာရုံ မြင်ကွင်းတစ်ခုကို ကျုပ်မြင်လိုက်ရတော့
“ဟာ … သွားပါပြီ”
ဆိုတဲ့ မချိတင်ကဲစကားလုံးဟာ ကျုပ်နှုတ်က အလိုလို ပွင့်အန်ကျသွားတယ်။

ကြည့်ပါဦးဗျာ၊ ရိတ်သိမ်းခါနီး စပါးခင်းတွေကို မီးတောက်မီးလျှံတွေက ဝါးမျိုနေလိုက်တာ လကို ရာဟုအသူရိန် ဖမ်းတာမျိုးထက်တောင် ပိုမြန်နေမလား မသိဘူး။

မီးလောင်ရာ လေပင့်ဆိုတဲ့ စကားအတိုင်း တောင်လေက ခပ်ကြမ်းကြမ်း တိုက်လိုက်ပြန်တော့ စပါးတစ်ဧကကို မီးလောင်လိုက်တာ သုံးလေးမိနစ်တောင်ကြာမယ် မထင်ပါဘူး။ ကောင်းကင် တစ်ပြင်လုံးလည်း မီးခိုးလုံးတွေနဲ့ မည်းမှောင်သွားတာပဲ။ ကျုပ်ဘာတတ်နိုင်မှာလည်း လယ်ကန်သင်းဘေးက ရေကိုခပ်ပြီး လက်လှမ်းမှီသလောက်နေရာကို လှမ်းပက်ပေးနေရုံဘဲ ရှိတာပေါ့။

အနီးအနားလယ်တဲက လုပ်ဖော်ကိုင်ဖက်တွေရော နီးစပ်ရာ ရွာကလူတွေပါ အပြေးအလွှား ရောက်လာကြပါတယ်။ ဒါပေမယ့် ကွင်းထီးထီးထဲက မီးတောက်တွေကို သူတို့ဘယ်လို ငြိမ်းသတ်နိုင်မှာလည်း လှမ်းကြည့်နေရုံပဲ ရှိတော့တာပေါ့။ လယ်ငါးဧကကျော်လောက် လောင်ပြီးတဲ့ အချိန်မှာပဲ တိုက်နေတဲ့လေဟာ ချက်ခြင်းရပ်သွားတယ်။

လေတိုက်တာရပ်တာနဲ့ မီးလောင်လည်း ရပ်သွားတာပေါ့။ ဒါပေမယ့် ကျုပ်ရင်ထဲမှာတော့ စိတ်အပူမီးတွေက ဆက်လောင်နေတုန်းပါ။ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်နေပြီး ဒီလောက်တောင် ခံစားနေရသလား၊ ပစ္စည်းသင်္ခါရ၊ လူသင်္ခါရပဲဆိုပြီး တရားနဲ့ဖြေလိုက်ရောပေါ့လို့ တစ်ချို့လူတွေကတော့ ပြောမှာပေါ့။

ကိုယ့်ဝမ်းနာ ကိုယ်သာသိဆိုသလို ကျုပ်အနေနဲ့ ဘယ်လိုမှ ဖြေနိုင်စရာလမ်းမမြင်မိပါဘူး။ ဒီလိုဆိုတော့ ငါ့ပစ္စည်းဆိုတဲ့ အစွဲအလမ်းလောဘ ကြီးလှချေလားလို့ အပြစ်မတင်လိုက်ကြပါနဲ့ဗျာ။ ကိုယ့်ပစ္စည်းမဟုတ်လို့ကို တရားနဲ့မဖြေနိုင်တာပါလို့ပြောရင် ခင်ဗျားတို့ နားရှုပ်သွားမယ်ထင်တယ်။ သေချာရှင်းပြရရင် ကျုပ်က လယ်ပိုင်၊ ယာပိုင်မရှိတဲ့ ဆင်းရဲသားတစ်ယောက်ပါ။

သူများလယ်မှာ နေ့စား၊ လစားနဲ့ လုပ်ရတဲ့သူပါ။ အခုမီးလောင်သွားတဲ့ လယ်တွေက ကျုပ်တို့ကုန်းဓနဲရီရွာက လယ်ပိုင်ရှင် ကိုသန်းလွင်ရဲ့ လယ်တွေပါ။ လယ်ပိုင်ရှင်လို့ ပြောတာထက် လယ်သမားလို့ ပြောတာက ပိုမှန်မယ်လို့ထင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကိုသန်းလွင်ဟာ အလုပ်သမားသုံးယောက်လောက် ငှားပြီး လယ်ဧက ခြောက်ဆယ်ကျော်ကို လယ်သိမ်းချိန်အထိ ကိုယ်တိုင် အပင်ပန်းခံ လုပ်တတ်လို့ပါပဲ။

အဲသလို ကြိုးစားလုပ်ကိုင်လို့လဲ သာမန်လယ်သမားလေး ဘဝကနေ ဧကခြောက်ဆယ်ကျော် ပိုင်ဆိုင်နေတဲ့ လယ်ပိုင်ရှင် လယ်သမားကြီးဖြစ်လာခဲ့တာပါပဲ။ သူ့နာမည်က သန်းလွင်၊ ကျုပ်နာမည်က ဆန်းလွင်၊ နာမည်ချင်းဆင်ပေမယ့် ဘဝချင်းကတော့ ဘယ်လိုမှ ယှဉ်လို့မရခဲ့ဘူး။ နဂိုကမှ ဆင်းရဲလွန်းလို့ မျက်နှာငယ်နေရတဲ့အထဲ ခုအခါ မီးလောင်မှုနဲ့ ထောင်ကျဦးမယ်ဆိုရင်တော့ ကျုပ်ဘဝက ရှေ့ဆက်ကောင်းနိုင်စရာလမ်း မမြင်တော့ပါဘူး။

စပါးတင်းငါးရာကျော် ငွေနှစ်သိန်းခွဲကျော်ဖိုးလောက်ကို မီးလောင်အောင်လုပ်ခဲ့မိတဲ့ ကျုပ်ရဲ့အပြစ်ကိုလည်း ကိုသန်းလွင်အနေနဲ့ ခွင့်လွှတ်နိုင်မှာ မဟုတ်ပါဘူး။ သူ့နေရာမှာ ကျုပ်ရှိနေရင်လည်း ဒီအပြစ်ကြီးမျိုးကို ဘယ်လိုမှ ခွင့်လွှတ်မှာ မဟုတ်ဘူး။ ဒါ့ကြောင့် ကျုပ်ကို ထောင်ချလည်း သူ့ကို စိတ်ဆိုစရာမလိုဘူး။

ခဏနေတော့ ကိုသန်းလွင် ရောက်လာတယ်။ တင်းမာနီရဲနေတဲ့ မျက်နှာကြီးနဲ့ လက်ညှိုးငေါက်ငေါက်ထိုးပြီး ဆိုလိုက်၊ ပြောလိုက်မယ်လို့ ထင်ထားတဲ့ အထင်က အခုတော့ ပါစင်အောင် လွှဲရလေပြီ။ ကြည့်ပါဦး၊ သူ့မျက်နှာမှာ စိတ်မကောင်းဖြစ်တဲ့ အမူအရာလေး တစ်ခုကိုသာ မထင်မရှားတွေ့ရတယ်။ ဒေါသအရိပ်အယောင် တစ်ခုမှ မတွေ့ရဘူး။

'ငါ့လယ်တွေတော့ ကုန်ပါပြီ'
ဆိုတဲ့ အတွေးနဲ့ မီးလောင်ပြင်ကို အရင်ကြည့်မယ်ထင်တာ။ မဟုတ်ဘူဗျို့။ ကျုပ်တစ်ကိုယ်လုံးကို သေချာကြည့်ပြီး မေးလိုက်တယ်။

“ကိုဆန်းလွင်၊ ခင်ဗျားရော ဒဏ်ရာရသေးသလား”

“ကျုပ်တော့ ဘာဒဏ်ရာမှ မရပါဘူးဗျာ။ ဒါပေမယ့် ခင်ဗျားရဲ့ လယ်ငါးဧကလောက်တော့ ပျက်စီးသွားရပြီဗျာ။ ဒါ ကျုပ်ပေါ့ဆလို့ ဖြစ်ရတဲ့အပြစ်ပါ။ ကျုပ်ကို ခွင့်မလွှတ်ပါနဲ့။ ထောင်သာ တစ်ခါတည်းချလိုက်ပါ။ ကျုပ်ကျူးလွန်မိတဲ့ အပြစ်ကို ကျုပ်ခန္ဓာကိုယ်နဲ့ပဲ ပြန်ဆပ်မယ်။ အသပြာငွေနဲ့ ကျုပ်မပေးဆပ်နိုင်ဘူးမဟုတ်လား”

“တော်ပါ၊ ကိုဆန်းလွင်ရာ ဒါလောက်လေးဖြစ်တာနဲ့ ကျုပ်မွဲမသွားပါဘူး။ ဒီအတွက် ခင်ဗျား စိတ်မကောင်းမဖြစ်ပါနဲ့။ ဒါနဲ့ နေပါဦး ဘယ်လိုကနေ စလောင်သွားတာလဲ”

“လယ်ကန်သင်းထဲက ငါးရတာနဲ့၊ မီးကင်ပြီး ထမင်နဲ့စားလိုက်တယ်ဗျာ။ အဲဒါ ဖိုထားတဲ့မီးကို သေချာမငြိမ်းပဲ အိပ်ပျော်သွားတယ်။ လေတိုက်ပြင်းတော့ မီးကြွင်းမီးကျန်က တစ်ဆင့်လောင်သွားတာပါပဲ”

“အေးဗျာ၊ ဖြစ်ပြီးမှတော့ ဘယ်တတ်နိုင်မှာလဲ၊ နောင်ဒီလို မဖြစ်အောင် သတိထားပေါ့ဗျာ။ ကဲလာ။ ကျုပ်တို့ကိုယ်တိုင် မြို့ပေါ်သွားပြီး သက်ဆိုင်ရာကို အကြောင်းကြားရအောင် သူများသွားတိုင်မှ သိရင် ပိုအပြစ်ကြီးနေလိမ့်မယ်"

ထန်းတပင်မြို့က ကျုပ်တို့ရွာနဲ့ သုံးမိုင်ကျော်ကျော်လောက်ပဲ ဝေးပါတယ်။ နဝတ လက်ထက်မှာ ဖောက်လုပ်တဲ့ ကတ္တရာလမ်းကြောင့် ထန်းတပင်မြို့ရော၊ ရန်ကုန်မြို့ရောဟာ ကျုပ်တို့ရွာနဲ့က အိမ်ဦးနဲ့ ကြမ်းပြင်လိုဖြစ်နေပါပြီ။ မြို့ပေါ်က ဆိုင်ရာရောက်တော့ ကိုသန်းလွင်ရဲ့ ငွေမျက်နှာ၊ လူမျက်နှာကြောင့် အားလုံး အဆင်ပြေခဲ့ပါတယ်။

ကျုပ်အချုပ်လည်း မခံရဘူး။ ထောင်လည်းမကျဘူး။ ဒဏ်ငွေပဲ ဆောင်လိုက်ရတယ်။ ဒီဒဏ်ငွေကိုလည်း ကိုသန်းလွင်ပဲ ဆောင်ပေးခဲ့တယ်လေ။ မိမိရဲ့ ဥစ္စာပစ္စည်းကို ပျက်စီးဆုံးရှုံးအောင်လုပ်ခဲ့တဲ့ လူတစ်ယောက်ကို အပြစ်မယူခွင့်လွှတ်တဲ့အပြင် ဥပဒေလမ်းကြောင်းအရ ငွေကုန်ကြေးကျခံပြီး ကြင်နာတတ်တဲ့လူမျိုးကို ကျုပ်ဘဝ အသက်လေးဆယ်ကျော်မှ ဒီတစ်ယောက်ပဲ တွေ့ဘူးသေးတယ်။

စောစောက ကျုပ်စကားလေးတစ်ခု ကျန်ခဲ့တယ်။ ကိုသန်းလွင်နဲ့ ကျုပ်နဲ့ နာမည်ချင်းဆင်ပေမယ့် ဘဝချင်ယှဉ်လို့ မရဘူးဆိုတာလေ။ သူက လယ်ဧက ခြောက်ဆယ်ကျော်ပိုင်ဆိုင်တဲ့ လယ်သမားသူဌေးကြီး ကျုပ်ကတော့ ကိုယ်ပိုင်လယ်တစ်ဧကမှ မရှိသေးတဲ့ နေ့စားလယ်သမားတစ်ယောက်။

အသက်ချင်းကလည်း မကွာ၊ နာမည်ချင်ကလည်း ဆင်နေတဲ့၊ ရွာချင်းလည်းတူနေတဲ့ ကျုပ်တို့နှစ်ယောက်ဟာ ဘာကြောင့် ချမ်းသာဆင်းရဲ ဒီလောက်ကွာရတာလဲဆိုတဲ့ မေးခွန်းကျုပ်အတွေးထဲမှာ ခဏခဏ ပေါ်လာတယ်။ ဖြေရိုးဖြေစဉ် အရတော့ ကံ၊ ဉာဏ်၊ ဝီရိယကွာလို့ပေါ့ဗျာ။

ဒါပေမယ့် ဒီအဖြေထက်ပိုပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တစ်ခု ကိုသန်းလွင်မှာ ရှိနေတာကို ကျုပ်ကိုယ်တိုင်တွေ့ခဲ့ရတယ်။

ဒီအချက်ကြောင့်လည်း တော်တော်တန်တန်လူကို အထင်ကြီးလေးစားခဲတဲ့ ကျုပ်ဟာ ကိုသန်းလွင်ကိုတော့ အထင်ကြီး လေးစားရုံမကဘူး လူလူချင်း ကြည်ညိုတဲ့စိတ်တစ်ခုပါ ပိုခဲ့ရတယ်။ ဒီအချက်လေးကို ပြောမပြခင်မှာ ပြည့်ပြည့်စုံစုံဖြစ်သွားအောင် ဆရာအောင်သင်းရဲ့ ကိုယ်ကျင့်တရားအကြောင်း ဟောပြောချက်ထဲက သတ္တိသုံးမျိုးကို ပြန်လည်ဖောက်သည်ချချင်ပါတယ်။

ကိုသန်းလွင်မှာရှိတဲ့ ထူခြားချက် တစ်ခုဆိုတာလည်း ဒီသတ္တိသုံးမျိုးထဲမှာ ပါနေလို့ပါ။

`သတ္တိသုံးမျိုး´ က ကာယသတ္တိ၊ စိတ္တသတ္တိ၊ စာရိတ္တသတ္တိတို့ပါဘဲ၊
ဒီသုံမျိုးထဲမှာ ထိုးတယ်၊ ခုတ်တယ်၊ ရိုက်တယ်ဆိုတဲ့ ကာယသတ္တိဟာ အလွယ်ဆုံးပါပဲ။ လေ့ကျင့်ပျိုးထောင်ယူလို့လည်း အလွယ်တကူနဲ့ ရပါတယ်။ ဥပမာဗျာ၊ ကြောက်တတ်တဲ့ ရန်ဖြစ်တိုင်းငိုလာရတတ်တဲ့ ကလေးတစ်ယောက်ကို သိုင်း၊ ကရာတေးတစ်ခုခုသာ သင်ပေးလိုက်၊ ဘယ်သူမှ မကြောက်တတ်တော့တဲ့အပြင် ထစ်ကနဲရှိ ရန်ချည်းဖြစ်နေလို့ မနည်းလိုက်ထိန်းနေရလိမ့်မယ်။

ဒါကြောင့် ကာယသတ္တိက အလွယ်ဆုံးလို့ပြောတာပါ။ သူ့ထက်ပိုခက်တာက စိတ္တသတ္တိပါ။ ကိုယ်က အနိုင်ယူလို့ရရဲ့သာနဲ့ အနိုင်မယူဘဲ အလျှော့ပေးလိုက်တာမျိုးပါ။ ဒါနဲ့ ပတ်သက်ပြီး မှတ်သားထားတာတစ်ခုရှိတယ်။ ရုပ်ရှင်ကားတွေမှာ ဖိုက်တင်ကားတွေကို နည်းပြတဲ့ သိုင်းဆရာကြီး ဦးပြည်သိမ်းအကြောင်းပါ။

တစ်ခါတော့ ဆိုင်ထဲမှာ အရက်သောက်နေတဲ့ ဦးပြည်သိမ်းကို အရက်သမားအချို့က သိုင်းဆရာမှန်းမသိကြတော့ မထိတထိ ရန်စကြတယ်။ လယ်လိုမှ စမရတော့ ဦးပြည်သိမ်းဘေးနားမှာ ချထားတဲ့ အမှိုက်တောင်းကို ပစ်ကန်သွားကြသတဲ့၊ အမှိုက်တွေက ဦးပြည်သိမ်းကိုယ်ပေါ် စင်ကုန်တာပေါ့၊ ဒါလဲ ဘာမှမပြောဘူးတဲ့။

အတူပါလာတဲ့ မိတ်ဆွေတွေက
“ဦးပြည်သိမ်း ဒီလောက်ဖြစ်လှတာ နည်းနည်းလောက် ပညာပြလိုက်စမ်းပါဗျာ”
ဆိုတော့ ဘာပြောတယ်မှတ်လဲ
“ ဟာ … ကိုယ်လုပ်လိုက်ရင် ခံသွားရမယ်ဆိုတာ သိရဲ့သားနဲ့ မလုပ်ချင်ပါဘူးဗျာ၊ ရှက်စရာကြီး”
တဲ့ အဲဒါမျိုးက စိတ္တသတ္တိပေါ့။ ကာယသတ္တိထက် သူက ပိုခက်သွားပြီလေ။

ဒီနှစ်ခုထက် ပိုခက်သွားတာကတော့ စာရိတ္တသတ္တိပါ၊ ရာထူး၊ အာဏာ၊ ဥစ္စာစတဲ့ အရာအားလုံးကို မတရားတဲ့နည်းနဲ့တော့ ဘယ်တော့မှ မယူဘူးဆိုတဲ့ သတ္တိမျိုးပေါ့။ ဒီစာရိတ္တသတ္တိမျိုး ကိုသန်းလွင်မှာ အပြည့်ရှိနေတာကို ကျွန်တော်ကိုယ်တိုင် တအံ့တသြ တလေးတစား တွေ့ကြုံသိမြင်ခဲ့ရတယ်။

အဲဒီနေ့ကို ကျုပ်တစ်သက် ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။

- (၁၉၉၆) ခုနှစ် ၊ ဇွန်လ (၁) ရက်နေ့

အင်္ဂလန်က ဂျန်တဲလ်မန်း(Gentleman)လို့ သတ်မှတ်ခံရတဲ့ သူတွေထက် သာလွန်တဲ့ မြန်မာအမျိုးသားတွေ အများကြီးရှိနေပါတယ်ဆိုတာ သေချာပြောပြချင်လွန်းလို့ ကျုပ်မှတ်စုစာအုပ်ထဲမှာ အသေအချာ ရေးမှတ်ထားတာပါ။

အဲဒီနေ့က ကျူပ်တို့ရွာနဲ့ အလှမ်းမကမ်းက ဖိုးပြားကုန်းဆိုတဲ့ရွာကို ကျုပ်နဲ့ကိုသန်းလွင်တို့နှစ်ယောက် ရောက်သွားကြတယ်။ ကိစ္စကတော့ စောဖိုးထီးဆိုတဲ့ ကရင်လယ်သမားကြီးတစ်ယောက်ဆီမှာ လယ်ထွန်စက်တစ်စီး ရောင်းစရာရှိတယ်ကြားလို့ သွားကြည့်ကြတာပါ။ ကိုသန်းလွင်က အင်ဂျင်တွေ၊ မော်တာတွေ အတော်အတန် ပျက်တာလောက်တော့ ကိုယ်တိုင်ပြင်နိုင်ပါတယ်။

ဖိုးပြားကုန်းရွာထဲ ဝင်လိုက်တာနဲ့ စောဖိုးထီတို့အိမ်ကို ရောက်တာပါဘဲ၊ သူတို့အိမ်က ရွာထိပ်မှာကိုး၊ အိမ်ရှေ့ကွပ်ပျစ်မှာ ရေနွေးသောက်နေတဲ့ စောဖိုးထီးကိုလည်း အသင့်တွေ့လိုက်ရပါတယ်။ စောဖိုးထီးဟာ အသက် ၆၀ နီးပါးလောက်ရှိပြီ ဖြစ်ပေမယ့် သန်တုန်းမြန်တုန်းပါ။ ကျုပ်တို့ကို မြင်လိုက်တာနဲ့ စောဖိုးထီးရဲ့ မျက်နှာဟာ ဝင်းထိန်သွားတယ်။ ထွန်စက်လာဝယ်တာလို့ သိနေလို့ဖြစ်မှာပါ။

နှုတ်ကလည်း
“ဟေး … သန်းလွင်တို့ပါလား၊ လာကြဟေ့၊ မြေပဲကြော်နဲ့ ရေနွေးသောက်ကြဦး”

“ဟား သောက်တာပေါ့၊ ဖထီးရာ မြေပဲကြော်က များရဲ့လား”

“လာစမ်းပါ ဆန်းလွင်ရာ၊ စကားများမနေစမ်းပါနဲ့၊ အလှကျွေးမှာ မဟုတ်ဘူး၊ အဝကျွေးမှာ သိရဲ့လား”

ကျုပ်တို့နှစ်ယောက်သား ကွပ်ပျစ်ပေါ်ထိုင်ပြီး ရေနွေးသောက်ရင်းနဲ့ နွားတင်းကုတ်ထဲက လယ်ထွန်စက်ဆီကို မျက်လုံးရောက်သွားကြတယ်။ ဖထီးကလည်း သတိထားမိတယ် ထင်ပါရဲ့။

“သန်းလွင်၊ လယ်ထွန်စက်လိုရင် ဝယ်သွားပါလား၊ စက်ကတော့ ပျက်နေပြီ နင်က စက်ပြင်တတ်တာပဲ၊ ငါတော့ မပြင်တတ်လို့ ဒီအတိုင်းပစ်ထားတာ၊ တော်တော်ကြာသွားပြီ ဒုက္ခများလွန်းလို့ သုံးချင်စိတ်လဲ မရှိတော့ဘူး”

“ဖထီးက ဘယ်လောက်နဲ့ ရောင်းမှာတုန်း”

“ကိုယ့်ပစ္စည်းက ပျက်နေတာဆိုတော့ စျေးလည်းမခေါ်ချင်တော့ပါဘူး၊ နင်ပေးချင်သလောက်ပေးခဲ့။ အဲ တစ်နေ့က နင်တို့ရွာက ကိုမြင့်သိန်းဆိုတဲ့လူ လာကြည့်သေးတယ်။ သူက လေးသောင်းပဲပေးတယ်။ ငါက ဓာတ်မြေသြဇာဖိုးလေး အပြည့်ရသွားအောင် တစ်သောင်းလောက် တိုးတောင်းတာတောင် မပေးနိုင်းဘူးတဲ့။ ဒါ့ကြောင့် ငါလည်း မရောင်းလိုက်တော့ဘူး။ ငါ အစိုးရဆီက ထုတ်တော့ တစ်သိန်းရှစ်သောင်းတောင် ပေးထားရတာ”

ရိုးသားလွန်းလှတဲ့ ဖထီးကတော့ ဝယ်တဲ့လူ စျေးနှိမ်လို့ကောင်းအောင် အမှန်တွေချည်း ပြောနေတော့တာပါပဲ။ ဟုတ်ပါတယ် ဖထီးပြောသလို အဲဒီအချိန်တုန်းက ထွန်စက်တွေ သိပ်စျေးမကောင်းသေးပါဘူး။ အသုံးကလည်း နည်းကြသေးတာကိုး၊ အခု တပ်မတော်အစိုးရလက်ထက်ကျမှ နွေစပါး၊ မိုးစပါး၊ ဆောင်းစပါးလို့ သုံးသီးစားထိ စိုက်လာကြမှ လယ်ဧကများတဲ့ သူတွေက ထွန်စက်ကို သုံးရကောင်းမှန်း သိလာကြတယ်။

နွားနဲ့ထွန်တာနဲ့စာရင် ထွန်စက်က အချိန်ကုန်လူပမ်း အများကြီးသက်သာတာကိုး၊ ပြီးတော့ ထွန်စက်တစ်စီးရှိထားတာနဲ့ စွပ်ဖားဆွဲ၊ စပါးနယ်၊ ဂျုတ်တိုက်၊ မြေညှိအကုန်လုပ်လို့ ရတယ်မဟုတ်လား။ လယ်ထွန်စက် အမျိုးအစားများစွာထဲက မြန်မာပြည်မှာ အသုံးအများဆုံးကတော့ လေးမျိုးပဲတွေ့ရတယ်။

အဲဒါတွေကတော့ မြန်မာပြည်ကထုတ်တဲ့ လယ်ယာ(၂)၊ လယ်ယာ(၁၂)၊ တရုတ်ပြည်ကထုတ်တဲ့ ဒေါင်းဖန်းရယ်၊ ဂွန်ဒေါင်းရယ် စုစုပေါင်း လေးမျိုးပေါ့။ အခု ဖထီးရောင်းမယ့် ထွန်စက်က ဂွန်ဒေါင်းအမျိုးအစားပါ။

“ကဲ နည်းနည်းကြည့်လိုက်ဦးမယ်၊ ဖထီးရာ”

“အေး … အေး… ကြည့်ကြည့်၊ စိတ်ကြိုက်ကြည့် ငါဝယ်ထားတာ ဘာမှမရှိသေးဘူး (၁)နှစ်ကျော်ပဲ ရှိသေးတယ်”

နွားတင်းကုတ်ထဲရောက်လို့ ကြည့်လိုက်တော့ ဂရုမစိုက်ပဲ ပစ်ထားတဲ့အတွက် ထွန်စက်ဟာ သံချေးတွေတောင် တက်နေပါပြီ။ ပြီးတော့ ပျက်လည်းပျက်နေသေးတယ်ဆိုတော့ ကိုမြင့်သိန်းတို့ စျေးနှိမ်မယ်ဆိုလည်း နှိမ်ချင်စရာပေါ့ဗျာ။

ပစ္စည်းမှာ အဟောင်းစျေး၊ အပျက်စျေးလို့ နှစ်မျိုးရှိတယ် မဟုတ်လား။ အဟောင်းစျေးဆိုတာကတော့ ဝယ်ပြီးတစ်ရက်သာ ရှိနေပါစေ။ အဲဒီ ပစ္စည်းဟာ အဟောင်းဖြစ်သွားတာဘဲ၊ ကိုယ်မလိုချင်လို့ ပြန်ရောင်းချင်တယ်ဆိုရင် မူလတန်ကြေးထက် သုံးပုံပုံ တစ်ပုံတော့ လျှော့ပေးရတာပဲ။ အပျက်စျေးကတော့ ဒီထက်ဆိုးသွားပြီ။

နည်းနည်းပျက်ပျက် များများပျက်ပျက်၊ အပျက်စျေးနဲ့ ရောင်းရပြီဆိုရင်တော့ ဝယ်တဲ့သူက တန်ရာတန်ကြေး သုံးပုံပုံ တစ်ပုံတောင် မပေးချင်တော့ဘူးလေ။ ဒီသဘာဝတရားဟာ ဝယ်ပြီးပစ္စည်းအားလုံးရဲ့ နိယာမဖြစ်စဉ်တစ်ခုလို ဖြစ်နေပါပြီ။ ခဏကြာတော့ အင်ဂျင်ကို စေ့စေ့စပ်စပ်ကြည့်နေတဲ့ ကိုသန်းလွင်ဆီက စကားသံထွက်လာတယ်။

“ကိုဆန်းလွင်ရေ၊ စက်က အကောင်းကြီး ရှိသေးတယ်ဗျာ။ ပဒေါက်အိုးထဲက အင်ဂျင်ဝိုင်သွားတဲ့ လိုင်းပိုက်ပေါက်သွားတာဗျာ၊ တခြားဘာမှ ဖြစ်တာမဟုတ်ဘူး။ ဒါလေးပြင်လိုက်တာနဲ့ အကုန်အကောင်းပဲ”

ကျုပ်က ကိုသန်းလွင်ရဲ့စကားကို ဖထီးများကြားသွားသလားလို့ စိုးရိမ်တကြီး လှမ်းကြည့်လိုက်တယ်။ ဖထီးက သူ့ပစ္စည်းအပါ် မျှော်လင့်ချက် သိပ်ထားဟန်မတူပါဘူး။ နွားတင်းကုတ်ထဲ လိုက်မလာတဲ့အပြင် အိမ်ထဲဝင်သွားတာတောင် တွေ့လိုက်ရတယ်။ ဒါဆိုရင် ကိုသန်းလွင်ပြောတာ ဘယ်လိုမှ မကြားနိုင်တာ သေချာသွားပြီးလို့ စိတ်ချရမှ ကျုပ်က -

“အဲဒါဆိုရင်တော့ ကိုသန်းလွင် ခင်ဗျားပွတာပဲပေါ့၊ ဖထီးစကားကို အကဲခတ်ကြည့်ရတာ ငါးသောင်းလောက်နဲ့ရရင် ရောင်းတော့မယ့်သဘောဗျာ၊ ပုံစံကြည့်ရတာ သူ့စပါးခင်းတွေ မြေသြဇာကျွေးဘို့တောင် ငွေအခက်အခဲ ရှိနေပုံရတယ်“

ကျုပ်စကားဟာ လယ်ထွန်စက်ကို စျေးနှိမ်ပေးဘို့ လမ်းကြောင်းပေးနေမှန်း ကျုပ်သိသလို ကိုသန်းလွင်လည်းသိမှာပါ။ ကျုပ်ဝမ်းသာတယ်။ ကျုပ်ကျေးဇူးရှင်တစ်ယောက် ပစ္စည်းကောင်းတစ်ခုကို လျှော့စျေးနဲ့ ရသွားတာ ဘယ်သူဝမ်းမသာဘဲရှိမလဲဗျာ။

ဒါပေမယ့် ကိုသန်းလွင်က ကျုပ်စကားကို ထောက်လည်း မထောက်ခံသလို ကန့်လည်းမကန့်ကွက်ခဲ့ဘူး။ ထူးထူးခြားခြား ကရုဏာသက်တဲ့ မျက်ဝန်းနဲ့ ကျုပ်ကို တစ်ချက်စိုက်ကြည့်လိုက်တာကိုတော့ သတိထားလိုက်မိတယ်။ ကိုသန်းလွင် ကျုပ်ကို သနားတာဟာ ဥစ္စာဓန ဆင်းရဲလို့မဟုတ်ဘဲ စာရိတ္တဆင်းရဲလို့သာ ဖြစ်ကြောင်း ဖိုးပြားကုန်းရွာက အပြန်မှ ကျုပ်သိလိုက်ရတယ်။

ဒီအချိန်မှ နွားတင်းကုတ်ထဲ ဝင်လာတဲ့ ဖထီးကို ကိုသန်းလွင်က -

“ဖထီး၊ ဖထီးရဲ့ ထွန်စက်ကို ကျွန်တော်တစ်သိန်းပေးမယ်၊ ဖထီးရောင်းမယ် မဟုတ်လား”

“ဟာ … ရောင်းတာမှ ဟိုဘက်တောင် လွန်သေးတယ်၊ ဒါနဲ့ နင်က တကယ်ကို တစ်သိန်းပေးမှာလား”

ဖထီးက မယုံတစ်ဝက် ယုံတစ်ဝက်ဖြင့် ပြန်မေးတယ်။

“တကယ်ပါ ဖထီးရာ၊ အခုပဲ အိမ်ပြန်ပြီး ငွေယူပေးမှာပါ။ ပြီးတော့ ဖထီးစက်က အများကြီးပျက်တာ မဟုတ်ဘူး။ ကျွန်တော်ပြင်လိုက်ရင် ခဏလေးနဲ့ ကောင်းသွားမှာ”

ကိုသန်းလွင်ပြောတာကို ပါးစပ်အဟောင်းသားနဲ့ တအံ့တသြနားထောင်နေတဲ့ ဖထီးဟာ အနားကိုကပ်သွားပြီး ကိုသန်းလွင် တစ်ကိုယ်လုံးကို သိမ်းဖက်လိုက်တာကို တွေ့ရတယ်။ ဖထီးနှုတ်ကလည်း -

“သန်းလွင် နင်သိပ်ရိုးသားတယ်၊ သိပ်စိတ်ကောင်းရှိတယ်။ နင်ဒီထက် ချမ်းသားဦးမှာပဲသိလား”

ဒီလိုနဲ့ဘဲ ဖထီးရဲ့ ထွန်စက်ဟာ တစ်သိန်းနဲ့ စျေးတည့်သွားခဲ့တယ်။

ကျုပ်တို့နှစ်ယောက် ဖိုးပြားကုန်းရွာက ပြန်ခဲ့ကြတော့ လမ်းမှာ ကျုပ်စိတ်ထဲ ဘယ်လိုမှ မရှင်းလင်းတဲ့အချက်တစ်ခုကို မေးဖြစ်အောင် မေးလိုက်မိတယ်။

“ဒါနဲ့ ကိုသန်းလွင်၊ ဒီလယ်ထွန်စက် တစ်သိန်းထိတနိတယ်ဆိုတာ ကာယကံရှင်ဖြစ်တဲ့ ဖထီးလည်းမသိဘူး၊ ပါလာတဲ့ ကျုပ်လည်းမသိဘူး၊ အဲဒီတော့ သူခေါ်သလောက် ငါးသောင်းပေးလည်းရတာပဲ မဟုတ်လား၊ အဲဒါ ဘာပြုလို့ တစ်သိန်းတောင် ပေးလိုက်ရတာလဲ”

“ဟုတ်ပါတယ်၊ ဒီလယ်ထွန်စက် တစ်သိန်းထိတန်တယ်ဆိုတာ ဖထီးလည်းမသိဘူး၊ ကိုဆန်းလွင်လည်း မသိဘူး၊ တခြားဘယ်သူမှလည်း မသိဘူး။ ဒါပေမယ့် ကျုပ်ကိုယ်တိုင်ကတော့ သေချာသိနေတယ် မဟုတ်လား”

“ခင်ဗျားဖာသာသိလို့ ဘာမှမဖြစ်ပါဘူး၊ သူတစ်ပါးသိမှသာ အပြစ်တင်ကဲ့ရဲ့ ခံရမှာ မဟုတ်လား”

“မှားလိုက်လေ ကိုဆန်းလွင်ရယ်၊ သူတစ်ပါးပြစ်တင် ကဲ့ရဲ့တာထက် ကိုယ့်ကိုယ်ကို ပြန်ပြီး ပြစ်တင်ကဲ့ရဲ့တာက ပိုဆိုးတယ်ဗျ၊ ခင်ဗျားနားရှုပ်သွားပြီ ထင်တယ်”

“နားရှုပ်ယုံတင် မကဘူးဗျ၊ ဘာကိုမှ နားမလည်တော့တာ အကျယ်ရှင်းပြပါလား”

“ဒီလိုဗျ၊ ခင်ဗျားတို့ ကျုပ်တို့မှာ ဆိုက်ရောက်နိုင်တဲ့ ဘေးနှစ်မျိုးရှိတယ်၊ အတ္တာနုဝါဒဘေးနဲ့ ပရာနုဝါဒဘေးဆိုတာပဲ၊ အတ္တာနုဝါဒဘေးဆိုတာ မိမိကိုယ်ကို မိမိပြန်ပြီး စွပ်စွဲကဲ့ရဲ့တာ၊ ပရာနုဝါဒဘေးဆိုတာက သူတစ်ပါးကလာပြီး စွပ်စွဲကဲ့ရဲ့တာ”

“အပေါ်ယံကြည့်ရင်တော့ ပရာနုဝါဒဘေးက ပိုပြီးကြောက်စရာ ကောင်းတယ်လို့ ထင်စရာပေါ့။ တကယ်ကျတော့ အတ္တနုဝါဒဘေးကမှ ပိုပြီး ကြောက်စရာကောင်းတာဗျ၊ ဘာကြောင့်လဲဆိုတော့ သူတစ်ပါးက စွပ်စွဲကဲ့ရဲ့တဲ့ ပရာနုဝါဒဘေးဆိုတာကတော့ ခင်ဗျားတို့ ကျုပ်တို့ မပြောနဲ့ အတိတ်ကံပါလာရင် ဘုရား၊ ရဟန္တာတောင် မလွတ်ဘူး”

“ခင်ဗျား စဉ်းစားကြည့်လေ၊ ကိလေသာကုန်ပြီးတဲ့ ဘုရား၊ ရဟန္တာတွေ မိန်းမရှုပ်တယ်ဆိုတာ ရှိပါ့မလားဗျာ”

“ကြံကြီးစည်ရာဗျာ၊ ဘယ်လိုလုပ် ရှိနိုင်ပါ့မလဲ”

“ဒါပေမယ့် အတိတ်က ဝဋ်ကြွေးပါလာရင် အခုဘဝမှာ ဘယ်လောက် စင်ကြယ်စင်ကြယ်၊ ဘုရား၊ ရဟန္တာတွေလည်း မိန်းမနဲ့ စွပ်စွဲကဲ့ရဲ့ ခံရတာပဲဗျာ၊ ကြည့်ပါလားဗျာ၊ ဘုရားရှင်ဆိုရင် စိဉ္စမာနနဲ့ တစ်ကြိမ်၊ သုန္ဒရီပုရဗိုဇ်နဲ့ တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်တောင် စွပ်စွဲကဲ့ရဲ့ ခံခဲ့ရတယ်”

“တစ်ခါ ခုနှစ်နှစ်သားနဲ့ ရဟန္တာဖြစ်ခဲ့တဲ့ အရှင်ဒဗ္ဗဟာလည်း သုံးကြိမ်တိုင်တိုင် မိန်းမနဲ့ စွပ်စွဲကဲ့ရဲ့ ခံရတယ်။ ဒါတွေထောက်ကြည့်သောအားဖြင့် ပရာနုဝါဒဘေးဟာ ဘုရားရဟန္တာတွေတောင် မလွတ်တဲ့ နောက်မှာတော့ ခင်ဗျားတို့ ကျုပ်တို့မှာ ပြောစရာမရှိတော့ဘူး၊ တွေ့ကြုံကြရမှာပဲ”

“ကိုယ့်ဘက်က မှန်ကန်သန့်ရှင်းနေဘို့သာ အရေးကြီးပါတယ်။ ကိုယ်က မှန်ကန်သန့်ရှင်းနေရက်နဲ့ ပရာနုဝါဒဘေးဆိုက်လာလို့ကတော့ ဘာမှ ကြောက်စရာမရှိဘူး၊ ဘယ်အပါယ်မှလည်း မကျဘူး”

"အဲ … အတ္တနုဝါဒဘေး ဆိုက်လာရင်တော့ အပါယ်သွားဖို့သာ ပြင်ပေတော့၊ ဘာကြောင့်လဲဆိုတော့` အတ္တာနုဝါဒဘေးဆိုတာ မဟုတ်မမှန်ဘဲ ဘယ်လိုမှ မဆိုက်နိုင်လို့ပါပဲ”

“စဉ်းစားကြည့်လေဗျာ၊ သူတစ်ပါးသာလိမ်လို့ရတာ၊ မိမိကိုယ်မိမိတော့ ဘယ်လိုမှ လိမ်မရဘူး မဟုတ်လား၊ ကံသုံးပါးတစ်ပါးပါးနဲ့ မတရားလုပ်ခဲ့ရင် မိမိကိုယ်တိုင် အရင်ဆုံးသိတာပဲ၊ အဲဒီ အသိစိတ်က မင်းဟာ မတရားလုပ်ထားတဲ့ကောင်လို့ အမြဲတမ်း စွပ်စွဲကဲ့ရဲ့ နေတော့တာပဲ”

“ဒီ အတ္တာနုဝါဒဘေးကတော့ ဧကန်မုချ အပါယ်ဆွဲချနိုင်ပါတယ်၊ ဒါကြောင့် ပရာနုဝါဒဘေးထက် ပိုပြီးကြောက်စရာကောင်းတယ်လို့ ကျုပ်ပြောခဲ့တာပေါ့ဗျာ”

“အင်း … ကျုပ်သဘောပေါက်သွားပြီ ကိုသန်းလွင်၊ ဒါဆိုရင် ကျုပ်တို့ဟာ အတ္တာနုဝါဒဘေး မဆိုက်အောင် အဓိကထားပြီး နေကြရမှာပေါ့”

“အတ္တာနုဝါဒဘေး မဆိုက်ချင်ရင်လည်း သူတစ်ပါးက လေးစားကြည်ညိုဖို့ထက် မိမိကိုယ်မိမိ တကယ်လေးစား ကြည်ညိုအောင် နေဖို့က ပိုပြီးအရေးကြီးမှာပေါ့ဗျာ …. နော်”

“မှန်လိုက်လေ ကိုဆန်းလွင်ရယ်”

အသက်ချင်းကလည်း မတိမ်းမယိမ်း၊ နာမည်ခြင်းကလည်း ဆင်ပါရဲ့
ဒါပေမယ့် ဘဝခြင်းကတော့ ယှဉ်လို့မရဘူးဆိုတာ အဓိကတော့ ခက်ခဲလှတဲ့ စာရိတ္တသတ္တိကြောင့်ဆိုတာ ကျုပ်
ကောင်းကောင်းအဖြေထုတ်နိုင်ခဲ့ပါပြီ။

“ဣဇ္စျတိ ဘိက္ခဝေ သီလဝတော၊
စေတော ပဏီဓိ ဝိသုဒ္ဓတ္တာ"
(အင်္ဂုတ္တိုရ် ပါဠိတော်)

"ချစ်သား၊ ချစ်သမီးတို့ အကျင့်သီလ စာရိတ္တနှင့် ပြည့်စုံသော သူ၏ တောင့်တချက်သည် စင်ကြယ်သန့်ရှင်းသောကြောင့် အလျင်အမြန် ပြည့်စုံလာရ၏"

~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
စာရိတ္တသတ္တိ
(မေတ္တာရှင် - ရွှေပြည်သာ)
စာအုပ်မှ ကူးယူဖော်ပြပါသည် ။

"မြန်မာ"ဟူသောစကားလုံးဝေါဟာရဖြစ်ပေါ်လာပုံ=====================================မြန်မာလူမျိုးတွေဟာ မြန်မာဆိုတဲ့ အမည်နာမကို ...
28/08/2021

"မြန်မာ"ဟူသောစကားလုံးဝေါဟာရဖြစ်ပေါ်လာပုံ
=====================================
မြန်မာလူမျိုးတွေဟာ မြန်မာဆိုတဲ့ အမည်နာမကို ဘယ်အချိန်က ခံယူခဲ့ပြီး ဘယ်သူတွေက အသိအမှတ်ပြု ခေါ်ဝေါ်ခဲ့ကြပါသလဲ . . . ?

"မြန်မာ"ဟူသော ဝေါဟာရဟာ မြန်မာလူမျိုးတွေရဲ့ စရိုက်သဘာဝ ဝိသေသလက္ခဏာကိုဖော်ပြတဲ့ ဝေါဟာရဟုတ် မဟုတ် သိရှိဖို့ အဆိုပါ ဝေါဟာရရဲ့ အရင်းအမြစ်နဲ့ ဘယ်အကြောင်းတွေကြောင့် မြန်မာလူမျိုးဆိုပြီး ဖြစ်ပေါ်လာရတယ်ဆိုတာကို အကြမ်းဖျင်းလောက်တော့ သိရှိထားဖို့ လိုအပ်ပါတယ်။

မြန်မာဆိုတဲ့ ဝေါဟာရကို အဦးအစ အစောဆုံး အမှတ်အသားအနေနဲ့ တွေ့ရှိရတာကတော့ သက္ကရာဇ် ၄၅၂ ပုဂံခေတ် ခရစ်နှစ် ( AD 1190 ) ပြည့်နှစ် အမတ်ကြီး သိင်္ဃသူ ရေးထိုးခဲ့တဲ့ ပုဂံမြို့တောင်ဂူနီကျောက်စာမှာ စတင်တွေ့ရှိရတယ်လို့ သုတေသီတို့က ယူဆကြပါတယ်။ ဤကျောက်စာမှာ မြန်မာဆိုတဲ့ ဝေါဟာရကို အထင်အရှား ရေးထိုးထားတာကို အခုထိ ပုဂံမြို့ ယဉ်ကျေးမှုပြတိုက်အတွင်းမှာ တွေ့နိုင်ပါတယ်။ အဆိုပါ ကျောက်စာသက္ကရာဇ်ထက် နှစ်ပေါင်း ၉၀ လောက် စောသော ကျန်စစ်သားမင်းကြီးရဲ့ နန်းတည် မွန်ကျောက်စာ ( AD 1102 ) မှာ မြန်မာကို "မိရမာ" လို့ရေးထိုးထားလို့ ( AD 1342 ) မှာ ရေးထိုးခဲ့တဲ့မြန်မာကျောက်စာမှာ "မြံမာ" လို့ ရေးထိုးထားတာကို တွေ့ရပြီး နောက်ပိုင်း ကျောက်စာတွေနဲ့ မင်စာတွေမှာတော့ "မြံမာ" ၊ "မြန်မာ" ( ဒါမှမဟုတ် ) "မြမ္မာ"လို့ ရေးထိုးလာကြတာကို တွေ့ရပါတယ်။

မြန်မာ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ရှေးတရုတ်ရာဇဝင်မှတ်တမ်းတွေမှာ ရှေးအခါတုန်းက မြန်မာနိုင်ငံကို "စောပိုး" လို့ ခေါ်ဆိုကြကြောင်း ၊ တရုတ်ဟန်မင်းများလက်ထက် ( BC 202 မှ AD 263 ) မှာ မြန်မာနိုင်ငံကို "ဘန်" လို့ ခေါ်ဆိုပြီး ၊ တရုတ်တန်မင်းများလက်ထက် ( AD 618 - 907 ) မှာ မြန်မာနိုင်ငံကို "ပိယော" ( ပျူ ) လို့ ခေါ်ဆိုခဲ့ကြကြောင်း ၊ ဆွန်မင်းများလက်ထက် ( AD 960 ) ခန့်မှာ "မိယင်" လို့ ခေါ်ဆိုခဲ့ကြကြောင်း ၊ အဲ့ဒီမင်းတွေလက်ထက်က မိယင် ( ပျူ ) တွေဟာ တရုတ်တို့နဲ့ ဆက်ဆံမှု၊ ကူးသန်း သွားလာမှုတွေ စတင် ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ် ။ အဲ့ဒီ မိယင် ( ပျူ ) ဆိုတာဟာ မြန်မာဆိုတဲ့ အမည်ကို တရုတ်အသံနဲ့ အဖျားဆွတ် ခေါ်ဆို ရေးမှတ်ထားတာ ဖြစ်လိမ့်မယ်လို့ သုတေသီတွေက ယူဆကြပါတယ် ။ တစ်နည်းပြောရရင် တရုတ်မင်းတွေက ( AD 618 - 907 ) ခုနှစ်အထိ မြန်မာနိုင်ငံမှာရှိတဲ့ လူမျိုးဖြစ်တဲ့ ပျူလူမျိုးကိုသာ အသိအမှတ် ပြုခဲ့ပြီး မြန်မာလို့ ထင်ပေါ်ခြင်းရှိဟန် မတူသေးဘဲ မြန်မာလို့ အသိအမှတ်ပြုလာတာ ( AD 960 ) ခုနှစ်လောက်ကမှ အစပြုတယ်လို့ သုတေသီတွေက ယူဆကြပါတယ် ။

မြန်မာဆိုတဲ့ အရေးအသားတွေကို မြန်မာသက္ကရာဇ် ၇၃၇ ခုနှစ် ( 1375 ) မှာ "ဒါန သီလ နေ့ညမယွင်း အလျဉ်ခေါင်၍ ရဟန်းပုံနား ၊ မိန်းမ ယောက်ျား ၊ သူအများကိုယ် ၊ အစီးအပွား ၊ ချမ်းသာကို ရှာပေးတတ်စွာသော မြန်မာပြည်သူ အလုံးကုန်အောင် စုံလိုင်အခိုင် ရသည်ဖြစ်၍ . . ." စတဲ့ အရေးအသားမျိုးကို တွေ့လာရပါတယ် ။
မြန်မာသက္ကရာဇ် ၈၄၇ ခုနှစ် ( 1485 ) အင်းဝခေတ်မှာ ရေးထိုးခဲ့တဲ့ စစ်ကိုင်း ရတနာစေတီ ကျောက်စာမှာ _
"ဧရာပန်းရောင် ၊ ပေါင်းလောင်း ချင်းတွင်း ၊ မြစ်လေးစင်းအခံက ညွှတ်မျှနေသော ကြေည်တောင်ဖျင်မျှ မြန်မာပြည် . . ." လို့ ရေးထိုးခဲ့တာကို တွေ့ရပါတယ် ။
မြန်မာသက္ကရာဇ် ၈၇၁ ခုနှစ် ( 1509 ) မှာ ရေးထိုးခဲ့တဲ့ အင်းဝခေတ် ရတနာဗိမ္မာန်ကျောက်စာမှာ _
"မြောက်တစ်လွှားက သုနာဗရန္တ ၊ တောင်ဘက်က တမ္ပဒီပမည်သော တိုင်းနှစ်တိုင်းကို ၊ ကြပ်တိုင်းဖုံးအုပ် ၊ အာဏာချုပ်လျက် ၊ ပက်ထုပ်ရိုက်ရာ သာသနလတည် မြန်မာပြည် . . ." လို့ ရေးထိုးခဲ့ကြောင်းလည်း သိရပါတယ် ။

မြန်မာသက္ကရာဇ် ( ၇၃၀ မှ ၉၄၀ ) လောက်အထိ စစ်ကိုင်း ၊ ပင်းယ ၊ အင်းဝခေတ်တစ်လျှောက် ကျောက်စာတွေမှာ မြိမာ လို့ တွေ့ရသလို အဲဒီခေတ် ရေးသားခဲ့တဲ့ ကျောက်စာ ၊ မင်စာတွေမှာ မြန်မာ ၊ မြံမာ ၊ မြမ္မာလို့ အမျိုးမျိုး ရေးထိုးခဲ့ကြတာကို တွေ့ရပါတယ် ။
ရှေးဟောင်း ပျူ ၊ မြန်မာ ၊ မွန်ကျောက်စာတွေအရ ပုဂံ ၊ ပင်းယ ၊ အင်းဝခေတ် တစ်လျှောက်လုံးမှာ မြန်မာ ၊ မြံမာ ၊ မြမ္မာလို့ မြန်မာအသံထွက်အမှန် ရေးသားခဲ့ကြတာကို အခိုင်အမာ တွေ့ရပါတယ်။
အင်းဝခေတ်မှာ မြန်မာဆိုတဲ့ ဝေါဟာရကို အထင်အရှား အသုံးပြုကြရာမှာ ခရစ်နှစ် ( 1526 ) ခုနှစ် ၊ မြန်မာသက္ကရာဇ် ၈၈၈ ခုနှစ် [ ဂငယ်သုံးခု ဥသျှစ်ထု ] မှာ ရဟန်းစာဆိုကျော် ရှင်မဟာရဋ္ဌသာရ ရေးဖွဲ့ခဲ့တဲ့ စတုဓမ္မသာရကိုးခန်းပျို့မှာ _
"လွဲကာလည်းပြု ၊ မြန်မာမှုဖြင့် ၊ ယခုလူတွင် ၊ သိကြားထင်သား . . ." လို့ ဖွဲ့ဆိုရေးသားမှုမျိုးကို တွေ့ရပါတယ် ။
ဒါ့အပြင် ခရစ်နှစ် ( 1542 ) ခုနှစ် ၊ မြန်မာသက္ကရာဇ် ၉၀၄ ခုနှစ်က ရဟန်းစာဆို ရှင်အဂ္ဂသမာဓိက ဘုံခန်း ကို စပ်ဆိုခဲ့ရာမှာ _
"တေဇာခြောင်းခြောင်း ၊ ပွဲတိုင်းကောင်းက ၊ သောင်းသောင်းကျော်လှိုက် ၊ မြန်မာ့တိုက်ဝယ် . . ." လို့ ရေးဖွဲ့ခဲ့တာကို မှတ်သားရပါတယ် ။

အင်းဝခေတ်နောက်ပိုင်း ခရစ်နှစ် ( 1769 ) ခုနှစ် ၊ မြန်မာသက္ကရာဇ် ၁၁၃၁ ခုနှစ်မှာ ဒုတိယ ကျော်အောင်စံထားဆရာတော် ပြုစုတော်မူခဲ့တဲ့ #ဝေါဟာရတ္ထပကာသနီ _
"မြန်မာဟူသော ဝေါဟာရသည် မြန်သည် ၊ မာသည်ဟူသော အကြောင်းဂုဏ်ကိုစွဲ၍ မြန်မာဟူသော ဆိုမိန့်ခြင်းဖြစ်၏ ဟူသော စကားဟောင်းကိုထောက်လျှင် နသတ် ရေးသင့်သည်ဖြစ်၏ . . ." လို့ ပြဆိုထားပါတယ် ။
အဲဒီမှာ မြန်မာဆိုတဲ့ ဝေါဟာရကို စာဟောင်းလို့ ပြဆိုရာမှာ မြန်မာဆိုတဲ့ ဝေါဟာရဟာ ရှေးကာလကတည်းက အသုံးပြုခဲ့တဲ့ စကားဖြစ်ကြောင်း ပြဆိုခြင်းဖြစ်တာကို သိမှတ်ရပါတယ် ။
မန္တလေး ရတနာပုံခေတ်နှောင်းမှာ ထုတ်ဝေခဲ့တဲ့ ဦးမောင်မောင်တင် ပြုစုတဲ့ #ရွှေနန်းသုံးဝေါဟာရအဘိဓာန် မှာ မြန်မာလို့ ခေါ်ရခြင်းအကြောင်းကို ဒီလိုဖွင့်ဆိုထားပါတယ် ။
"မြန်သည် ၊ မာသည်ဟူသော အကြောင်းကိုစွဲ၍ မြန်မာဟု ခေါ်ဝေါ်၏ဟု ရတနာပူရ ဘဝပြည့်ရှင် ဟံသာဝတီမင်းတရားကြီး လက်ထက်တော် ထိုမင်းတရားကြီး ကိုးကွယ်တော်မူသော ဒုတိယ ကျော်အောင်စံထားဆရာတော် ပြုစုသည့် ဝေါဟာရဋ္ဌပကာသနီကျမ်းတွင် လာသည် . . ." လို့ ပြဆိုထားပါတယ် ။

မြန်မာဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပာယ်ကို မြန်မာအဘိဓာန်အကျဉ်းချုပ် အတွဲ ( ၃ ) မှာ ဒီလို ဖွင့်ဆိုထားပြန်ပါတယ် ။
"မြန်မာ = မြန်မာနိုင်ငံမှာ နှစ်ကာလရှည်စွာ အစဉ်အဆက် ပျံ့နှံ့စွာ အတူတကွ နေထိုင်ခဲ့သော တိုင်းရင်းသာလူမျိုး . . ."
အဲသလို ဖွင့်ပြထားပါတယ် ။

မြန်မာလူမျိုးတိုင်းဟာ မိမိတို့ရဲ့ ဇာတိဇာစ်မြစ် သမိုင်းကြောင်းကို သိရှိစေဖို့ ရှေးဦးမြန်မာလူမျိုးကြီးတွေဖြစ်တဲ့ ပျူလူမျိုးနဲ့ ပျူနိုင်ငံအကြောင်းကို သံခိပ်အနေနဲ့ ဖော်ပြလိုက်ရပါတယ် ။
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _



-Encyclopedia
-History net
-Wikipedia
-မြန်မာကျောက်စာများပေါင်းချုပ်
-Harry

Address

Pazundaung
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959779808789

Website

Alerts

Be the first to know and let us send you an email when Gold Members 2 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Gold Members 2:

Share

Category