08/05/2017
တပ်ပိုင်မြေအဖြစ် သတ်မှတ်ပြီးနောက်ပိုင်း ထားဝယ် ဘုတ် ကျွန်းသို့ ခရီးသွားဧည်သည် ဝင်ရောက်မှုလျော့နည်း
======================
| ဖြိုးအောင် | မေ ၃၊ ၂၀၁၇
ထားဝယ်မြို့နယ်ရှိ အထင်ကရကျွန်း စုတစ်ခုဖြစ်သည် ဘုတ် ကျွန်းအား တပ်ပိုင် မြေအဖြစ် သတ်မှတ်ပြီးနောက်ခရီးသွား ဧည့်သည် ၀င်ရောက်မှုလျော့ကျလာ ကြောင်း ထားဝယ်မြို့ ခရီးသွားအေဂျင်စီ များထံမှ ဧပြီ ၂၄ ရက်တွင် သိရသည်။
ဘုတ်ကျွန်းသို့နှစ်စဉ်လာရောက်လည် ပတ်သူ နှစ်သောင်း ခန့်ရှိပြီး နေ့စဉ်လာ ရောက်လည်ပတ်သူသည် ၁၀၀ ခန့်ရှိခဲ့ ရာမှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလခန့်ကတပ် ပိုင်မြေသတ်မှတ် ပြီးနောက်တွင် ခရီးသွား ဧည့်သည်ဝင်ရောက်မှု လျော့ကျခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီနှစ်တစ်ရာသီလုံးမှာ ခရီးသည်တွေ က ကျွန်တော်တို့ မျှော်မှန်းထားသလောက် မ၀င်ဘူး။ ဒီဒေသရဲ့ တန်ခိုးကြီး ဘုရားတွေကို ဖူးမြော်ဖို့အတွက် လာတဲ့သူကတော့ ပုံမှန် ရှိတယ်။ တောတွေနဲ့ ကျွန်းတွေကို လာရောက်တဲ့ သူတွေက တော့မရှိဘူး။ အဓိကတော့ ဘုတ်ကျွန်းပါ”ဟု ထားဝယ် ရှိခရီးသွားအေဂျင်စီ လုပ်ငန်းလုပ်ကိုင်သူ ကိုဟိန်းထက်ကပြောသည်။
ယခင်က လစဉ်ရေးဆွဲသော ခရီးစဉ် လမ်းကြောင်းများတွင် ဘုတ်ကျွန်းသည် ခရီးသွားအေဂျင်စီများကအများဆုံးထည့် သွင်းထားသော ခရီးလမ်းကြောင်းများဖြစ် သော်လည်း တပ်မြေအဖြစ်သတ်မှတ်ပြီး နောက်တွင်အဆိုပါလမ်းကြောင်းပါဝင်ခြင်း မရှိတော့ကြောင်း သိရသည်။
“တပ်ပိုင်မြေအဖြစ်သတ်မှတ်လိုက်တဲ့ အခါမှာ ခရီးသွားအေဂျင်စီတွေက ဘုတ်ကျွန်း ခရီးစဉ်တွေကို ပိတ်ထားလိုက် တယ်။ အရင်တုန်းကတော့ အားလပ်ရက်တွေမှာ ဘုတ်ကျွန်းခရီးစဉ်တွေကိုထည့်ဆွဲတယ်။ အခုက အဲဒါတွေမရှိတော့ဘူး။ အဲမှာ ခရီးသွားဧည့်သည်တွေက နည်းလာတယ်။ အစ်ကိုတို့သွားတာက ကမ်းခြေတွေသွား တယ်။ ရိုးရိုးကျွန်းတွေသွားနေတယ်။ တစ်ခါတလေကျရင်ဘုတ်ကျွန်းကိုလိုက် ပို့ပေးတယ်။ အဲဒီအခါ ဧည့်သည်တွေ အကုန်လုံးက ဘုတ် ကျွန်း ကိုကြိုက်ကြတယ်” ဟု ထားဝယ်ရှိ ခရီးသွားအေဂျင်စီလုပ်ငန်း လုပ်ကိုင်သူ ကိုရာဇာကပြောသည်။
အဆိုပါ ကျွန်းအားပြန်လည်ဖွင့်လှစ် ပေးရန်အတွက် တနင်္လာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံခရီးသွားလုပ်ငန်းလုပ်ကိုင် သူများကတင်ပြထားကြောင်း သိရသည်။
“ဒေသရဲ့ ခရီးသွားလုပ်ငန်းကဒီအပေါ် မှာအများကြီးမူတည်တယ်ဆိုပြီး တိုင်း ဒေသကြီးအစိုးရအဖွဲ့ကိုတောင်းဆိုထား တာရှိတယ်။ တပ်နဲ့ညှိနှိုင်းပေးဖို့မို့တိုင်းအစိုး ရကလည်း ကြိုးစားနေတယ် ပြောတယ်။ ခရီးသွားရာသီ တစ်ရာသီသာ ကုန်သွား တယ်။ ဒီဖြစ်စဉ်က ဘာမှတိုးတက်လာ တယ်ဆိုတာမရှိဘူး”ဟု ကိုဟိန်းထက်က ပြောသည်။ ထားဝယ်အား ပွင့်လင်းရာသီ များနှင့် မိုးနှောင်းကာလများတွင် ခရီး သွားဧည့်သည်အများဆုံးဝင်ရောက်ကြ ပြီး မိုးဦးကျကာလများတွင် ခရီးသည်ဝင် ရောက်မှုမရှိကြောင်း။ ဘုတ်ကျွန်းအား ပြန်လည်ဖွင့်လှစ်ပေးရန် တပ်နှင့် အစိုးရ ကြားအဆင်ပြေပါက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း ထားဝယ် ခရီးသွားအေဂျင်စီများ၏ပြော ပြချက်အရ သိရသည်။
“ဘုတ်ကျွန်းဆိုတာ လူတိုင်းစိတ်ဝင် စားတဲ့နေရာပါ။ ဒါပေမဲ့ စနစ်တကျနဲ့ ကျွန်းကိုထိန်းသိမ်းဖို့လိုအပ်တယ်။ ခရီး သည်တွေရောက်တယ်။စားသောက်ပြီး အမှိုက်တွေပစ်ထားခဲ့တယ်။ ရေအောက် သန်္တာကျောက်တန်းတွေကို ချိုးယူတာ၊ ဖဲ့ ယူတာမျိုးတွေကို လုပ်မယ်ဆိုရင်တော့ ဒီကျွန်းတွေက ခဏတာပဲခံမှာပါ”ဟု ကိုရာဇာကပြောသည်။
တနင်္သာရီတိုင်းဒေသကြီးရှိမြိတ်ကျွန်း စု၊ ကော့သောင်းကျွန်းစု၊ ထားဝယ်ကျွန်းစုများအနက် ခရီးသွားဧည့်သည်အများစု သည် ကုန်ကျစရိတ် နည်းပါးခြင်းနှင့် ခရီးသွားလာမှု အဆင်ပြေသော ထားဝယ်ကျွန်းစုများကိုသာ လည်ပတ်ကြ ကြောင်း သိရသည်။
________________
"ယခင် ဆက်စပ်သတင်းများ"
ထားဝယ်ဒေသရှိ လောင်းလုံးဘုတ်ကျွန်းမှာ တပ်ပိုင်မြေ ဖြစ်သောကြောင့် ကျွန်းပေါ်ရှိ လူနေတဲများနှင့် ခရီးသွား လုပ်ငန်းများ ဧပြီ ၃၀ ရက် ၂၀၁၆ ခုနှစ်တွင် နောက်ဆုံးထား ဖယ်ရှားရန် တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးက ညွှန်ကြားချက် ထုတ်ပြန်ထား
======================
| ဖြိုးဇင် (ထားဝယ်) | Sun, 04/24/2016
၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ပြည်တွင်း ခရီးသွားများအကြား နာမည်ရလာပြီး သွားရောက် လည်ပတ်မှု များခဲ့သော တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်ဒေသ အတွင်းရှိ လောင်းလုံးဘုတ်ကျွန်းမှာ တပ်ပိုင်မြေ ဖြစ်နေသောကြောင့် ကျွန်းပေါ်ရှိ လူနေတဲများနှင့် ခရီးသွား လုပ်ငန်းများအား ဧပြီ ၃၀ ရက် နောက်ဆုံးထား ဖယ်ရှားရန် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ စာထုတ်ပြီး ညွှန်ကြားထားကြောင်း ထားဝယ်ခရိုင် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဦးစီးဌာနထံမှ သိရသည်။
မောင်းမကန် ကမ်းခြေမှ ရေမိုင် ၂၀ ကျော်ခန့်အကွာ စက်လှေဖြင့် သုံးနာရီခန့် ခုတ်မောင်းရသည့် လောင်းလုံးဘုတ်ကျွန်းသို့ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ လလယ်ပိုင်းမှစ၍ ဒေသခံအချို့ သွားရောက်ခဲ့ရာမှ စတင်ကာ ပြည်တွင်း ခရီးသွားများအကြား စိတ်ဝင်စားမှု မြင့်တက်ခဲ့ပြီး ခရီးစဉ်သစ် တစ်ခုအနေဖြင့် သွားရောက်မှု များခဲ့သော်လည်း တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ တပ်ပိုင်မြေဖြစ်သည့် လောင်းလုံးဘုတ်ကျွန်းမှာ လုံခြုံရေးအရ တားမြစ်နယ်မြေဖြစ်၍ ခရီးသွား ကုမ္ပဏီများမှ ခရီးသွား လုပ်ငန်းများ ဆောင်ရွက်ခြင်း မပြုရန် ဧပြီ ၄ ရက်က စာထုတ်၍ အကြောင်းကြားထားကြောင်း ထားဝယ်ခရိုင် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဦးစီးဌာနမှ ဦးစီးမှူးက ပြောကြားသည်။
“ကျွန်းပေါ်ကို လိုင်စင်ရှိရှိ၊ မရှိရှိ သွားခွင့်မပြုတော့ဘူး။ ဒီတော့ ခရီးသွားလုပ်ငန်း လုပ်နေတဲ့သူတွေနဲ့ ဒီလုပ်ငန်းအပေါ် မှီခိုနေကြတဲ့ ဒေသခံတွေ နစ်နာတာပေါ့။ ဘုတ်ကျွန်း ခရီးစဉ်ကြောင့် ဒီနှစ်ထားဝယ် သင်္ကြန်ကို ခရီးသွားတွေ သိသိသာသာ ၀င်လာခဲ့တယ်။ ဧပြီ ၂ ရက်က လုပ်ငန်းရှင်တွေကို ခေါ်တွေ့ပြီးတော့ ဧပြီ ၄ ရက်မှာပဲ စာထုတ်ပြီး တားမြစ်လိုက်တယ်။ ဒီနေ့မှာတော့ ဘုတ်ကျွန်းဘက်ကို သွားနေတဲ့နေရာတွေမှာ မသွားဖို့ တားတယ်။ တကယ်လို့ တားမြစ်နေတာကို သွားခဲ့ရင် ရဲအရေးပိုင်တဲ့ အမှုနဲ့ တရားစွဲလို့ ရတယ်။ ရေကြောင်းကလည်း တရားစွဲလို့ရတယ်။ ဟိုတယ်/ခရီးကလည်း ဥပဒေအရ အရေးယူတာကိုပါ ခံရမယ်။ ဘုတ်ကျွန်းကို သွားခွင့်ပြု၊ မပြုက အစိုးရရဲ့ ဖြေလျှော့မှုအပေါ် မူတည်တယ်။ တရားဝင် လုပ်ချင်ရင်တော့ ဦးတို့ဌာနက ကြပ်မတ်ပေးသွားမယ်” ဟု ထားဝယ်ခရိုင် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူးက ပြောကြားသည်။
လောင်းလုံးဘုတ်ကျွန်းပေါ်၌ ရေချိုခပ်ယူသည့် တံငါလှေငယ်များ၊ ယာယီတဲများ၊ ရာသီဥတု အခြေအနေကြောင့် ၀င်ရောက်ခိုလှုံသည့် ရေယာဉ်များရှိပြီး ကျွန်းပေါ်၌ ဟိုတယ်ဆောက်လုပ်ရန် လာရောက် လေ့လာမှုများ ရှိနေသည့် သတင်းကြောင့် အသေးစိတ် သိရှိနိုင်ရန် အမှတ် (၄၉) ရေတပ်ရှေ့တန်း စခန်းမှ စခန်းမှူး ဦးစီး၍ အင်အား ၁၀ ဦးခန့်ဖြင့် သွားရောက်စုံစမ်းရာ ကျွန်းပေါ်ရှိ လူနေ ယာယီတဲများနှင့် မိသားစုများအား တွေ့ရှိခဲ့သဖြင့် ကျွန်းမှာ ၁၉၉၉ ခုနှစ် စက်တင်ဘာ ၇ ရက်က စာအမှတ် ၂၀၁၀/၂-၅/ဦး ၁ ဖြင့် ပြည်ထဲရေး ၀န်ကြီးဌာနက မောရ၀တီ ရေတပ်စခန်း ဌာနချုပ်သို့ လွှဲပြောင်းပေးထားပြီး ဖြစ်ကြောင်း၊ ထို့ပြင် ကမ်းလွန် သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းများမှ ဓာတ်ငွေ့ပိုက်လိုင်းများ ဖြတ်သန်း ၀င်ရောက်သည့် ပုဒ်မ ၁၄၄ ဧရိယာနှင့် ၂၅ မိုင်ခန့်သာ ကွာဝေးသည့်နေရာတွင် တည်ရှိကြောင်း၊ ကျွန်းမှာ တပ်ပိုင်မြေဖြစ်သဖြင့် ကျွန်းပေါ်ရှိ လူနေတဲများအား လိုအပ်သလို ဖယ်ရှားနိုင်ရေး စီစဉ်ဆောင်ရွက်ပေးပါရန် ညွှန်ကြားစာဖြင့် တင်ပြလာသောကြောင့် ခရီးသွားလုပ်ငန်းများ မရှိစေရေး၊ လူနေတဲ ဆောက်လုပ်နေထိုင်မှုကို ဖယ်ရှားစေရန်နှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ဧပြီ ၃၀ ရက်တွင် ပြန်လည်တင်ပြရန်ဟူ၍ တိုင်းဒေသကြီး အစိုးရအဖွဲ့က အကြောင်းကြားလာသည့် စာတွင်ပါရှိသည်ဟု သိရသည်။
___________
"ယခင် ဆက်စပ်သတင်းများ"
မြန်မာပြည် တောင်ဘက်စွန်းဆီက ပျိုမျစ်ဆဲအလှတရား (ဘုတ်ကျွန်း)
=======================
| စိုးမိုးအောင်
မြန်မာနိုင်ငံ၏ တောင်ဘက်စွန်း တနင်္သာရီတိုင်းရှိ ထားဝယ်ဒေသအတွင်း နာမည်ကျော် မြိတ်ကျွန်းစုများနည်းတူ ပြည်တွင်း၊ ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင် သည့် သဘာဝရင်းမြစ်များ ကြွယ်ဝဆဲကျွန်းစုများစွာ ရှိနေပါ သေးသည်။ ယင်းတို့အနက် သဘာဝဂေဟစနစ်များ ကြွယ်ဝ လှပဆဲ လောင်းလုံးဘုတ်ကျွန်းမှာ တစ်ခု အပါအ၀င်ဖြစ်သည်။
ထားဝယ်ဒေသသည် သဘာဝရှုခင်းများ ပေါများသည့် ဒေသတစ်ခုဖြစ်သည့် အားလျော် စွာ ပြည်ပဧည့်သည်များ အပန်း ဖြေ အနားယူနိုင်သည့် နေရာများ ထက် လေ့လာမှုများ၊ မှတ်တမ်း များ ပြုလုပ်နိုင်သော နယ်မြေသစ် များကို သွာေးရာက်လည်ပတ်ရန် စိတ်ဝင်စားလာကြသည်။ ထို့ ကြောင့် ၂၀၁၃ မှစ၍ မောင်း မကန်ကမ်းခြေ၏ အနောက်ဘက် ကပ္ပလီပင်လယ်ပြင်အတွင်းရှိ ကျွန်း များကို ခရီးစဉ်အသစ် တစ်ခုအနေဖြင့် သွားရောက်လည်ပတ်ရန် စိတ်ဝင်စား ခဲ့ကြသည်။
တနင်္သာရီတိုင်းဒေသကြီး သည် ကပ္ပလီပင်လယ်ပြင်အတွင်း ကျွန်းပေါင်း ၈၀၀ ကျော်ဖြင့် ဖွဲ့ စည်းထားသော ကမ်းရိုးတန်း ဒေသတစ်ခုအဖြစ် ထင်ရှား သည်။ ကျွန်းအများစုသည် တိုင်းဒေသ ကြီးတောင်ပိုင်းရှိ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်အတွင်း ပါဝင် ပြီး ယင်းတို့အနက် အဏ္ဏ၀ါဘေး မဲ့တော သတ်မှတ်ထားသော လန် ပိကျွန်း အမျိုးသားဥယျာဉ်၊ ဆလုံ တိုင်းရင်းသား များ နေထိုင်သော ကျွန်းများ၊ နိုင်ငံတကာအဆင့်မီ ကြယ်ငါးပွင့် အဆင့် ဟိုတယ်ရှိ သည့် သူဌေးကျွန်းစသည့် ကျွန်း များသည် ထင်ရှားသည်။
ထားဝယ်ခရိုင်မှာမူ တိုင်း ဒေသကြီး၏ မြောက်ပိုင်းတွင် တည်ရှိပြီး ခရိုင် အတွင်း ကျွန်းအ နည်းငယ်သာ ပါဝင်သည်။ အနည်းငယ်သာ ရှိသည့် ကျွန်းများကို စုစည်းကာ ကိုလိုနီခေတ်က မော့စ ကော့ (Mosco) ကျွန်းများဟု ခေါ်တွင်ခဲ့သည်။ အဆိုပါ မော့စကော့ ကျွန်းများတွင် ဟိဇ္ဇဲဘုတ်ကျွန်း၊ မောင်းမကန် ဘုတ်ကျွန်းနှင့် လောင်းလုံးဘုတ်ကျွန်းဟူ၍ နယ်မြေ သုံးခု သတ်မှတ်ထားသည်။
ဘုတ်ဆိုသည်မှာ ထားဝယ် ဒေသခံများ၏ ဒေသန္တရ အခေါ်အ ဝေါ်တစ်ခု ဖြစ်ပြီး ကျွန်း(သို့ မဟုတ်)ကျွန်းစုဟု အဓိပ္ပာယ်ရ သည်။
အဆိုပါ ကျွန်းများသည် ရာ သီဥတုအခြေအနေ ဆိုးရွားပါက ကမ်ဝေး ငါးဖမ်းလှေများ ရပ်နားကြလေ့ရှိသော ကျွန်းများသာ ဖြစ်သည်။ ထို့ကြောင့် လှေလုပ် သားများသာ ယင်းကျွန်းများသို့ ရောက်ဖူးကြသည်။
၂၀၁၀ နောက်ပိုင်းနယ်မြေ အေးချမ်းမှုရှိလာခဲ့ပြီး ထားဝယ် သို့ ခရီးသွား ဧည့်သည်ဝင်ရောက် မှု မြင့်တက်လာချိန်တွင် ယခင်က လူသူ အရောက် အပေါက် နည်း သော သဘာဝကျွန်းစုများမှာ လည်း ခရီးသွား ဧည့်သည်များ အတွက် စိတ်ဝင်စားစရာ နေရာသစ် များဖြစ်လာခဲ့သည်။ မော့စကော့ ကျွန်းများသို့ ၂၀၁၃ တွင် နိုင်ငံ ခြားသား ခရီးသွားများ စတင်သွား ရောက်ခဲ့ ကြပြီး လောင်းလုံးဘုတ် ကျွန်းကို လည်ပတ်ခဲ့ကြသည်။
ဘုတ်ကျွန်းနယ်မြေ သုံးခုအနက် ဟိဇ္ဇဲဘုတ်ကျွန်းသည် အနည်းငယ် အလှမ်း ဝေးခြင်း၊ မောင်းမ ကန်ဘုတ်ကျွန်းတွင် မောရ၀တီ ရေတပ် စခန်းတပ် ချထား ခြင်းတို့ ကြောင့် ကမ်းခြေနှင့် အနီးဆုံးဖြစ် သည့် လောင်းလုံး ဘုတ်ကျွန်း ကို ဧည့်သည်အများစုက ရွေးချယ် လည်ပတ်ခြင်းလည်း ဖြစ် သည်။
လောင်းလုံးဘုတ်ကျွန်းသည်မော့စကော့ကျွန်းများ၌ တောင်ဘက် ဆုံးအပိုင်း တွင် ပါဝင်ပြီးထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်းရှိ တီဇစ်၊ စမ်းလှမ်း ကမ်းခြေကျေးရွာများမှ ရေမိုင် ၁၀ မိုင်ကျော် ကွာဝေးသည့် ကပ္ပလီပင်လယ် ပြင်တွင် တောင်နှင့်မြောက် သွယ်တန်းတည်ရှိသည်။ ထို့ကြောင့် ကမ်းပနီ ကျေးရွာ၊ မျှော်ရစ်ဘုရားအနီးရှိ ဆိပ်ကမ်းမှ မြင်းကောင်ရေ ၂၀ အားရှိ စက်လှေဖြင့် ထွက်ခွာမည်ဆိုပါက နှစ်နာရီကျော်သာ ကြာမြင့်မည်ဖြစ်သည်။
လောင်းလုံးဘုတ်ကျွန်းတွင် အထက်ဘုတ်၊ အလယ်ဘုတ်နှင့် အောက်ဘုတ် ဟူ၍ ကျွန်းသုံးကျွန်း ပါဝင်သည်။ ကျွန်းများအားလုံး သည် သဘာဝ ပေါက်ပင်များနှင့် ဖုံးလွှမ်းထားသော်လည်း အထက် ဘုတ်နှင့် အလယ်ဘုတ် ကျွန်းများ သည် မတ်စောက်သော ကျောက် ကမ်းပါးများသဖြင့် လှေများ ဆိုက် ကပ်ရန် မလွယ်ကူလှပေ။ အောက်ဘုတ်ကျွန်းတွင်မူ လှေ ဆိုက်ကပ် နိုင်သော သဲပလုတ် အော်၊ ထောင့်နတ်အော်၊ ငရုတ် ကောင်းအော် အပါအ၀င် ကမ်း ခြေအော် ခြောက်ခုရှိသည်။ သို့ သော် သွားရောက်လည်ပတ်သူ များသည် ကျွန်း၏ အရှေ့မြောက် အပိုင်းတွင် ရှိသည့် သဲပလုတ် အော်ကမ်း ခြေ သို့သာ ဦးတည်ကြ သည်။
သဲပလုတ်အော် ကမ်းခြေ သည် မျှော်ရစ်ကမ်းခြေမှ လာ ရောက်ပါက အနီးဆုံး အော်တစ်ခုဖြစ်ကာ လှေများ အလွယ်တကူ ဆိုက်ကပ်နိုင်ပြီး ခရီးသွားများ လေ့လာအပန်းဖြေရန် အဆင်ပြေ သည့် နေရာတစ်ခုလည်း ဖြစ် သည်။
ယင်းအော်ကမ်းခြေမှ ပေ ၅၀၀ ကျော် ကွာဝေးသည့် ပင် လယ်ပြင်သည် ရေစူး အနက် ၁၂၀ပေ၀န်းကျင်ရှိ ကမ်းဝေးငါးဖမ်း လှေများ ငါးရှာနိုင်ပြီး ပေ ၂၀၀ အကွာခန့်တွင် သန္တာကျောက် တန်းများနှင့် ပြည့်နှက်နေသည့် စိမ်းပြာ ရောင် ပင်လယ်ပြင်တည် ရှိသည်။ အဆိုပါ နေရာတွင် ပင် လယ်ရေပြင်သည် ကြည်လင်နေ ပြီး ကျောက်ငါးများအပါအ၀င် ရေနေသတ္တ၀ါများကို လွယ်ကူစွာ တွေ့မြင်နိုင်သည်။ ထို့အတူ ယင်း သန္တာကျောက်တန်းများ ရှိသည့် နေရာမှ ကမ်းခြေအထိ ညီညာ ပြန့်ပြူးသော ဆင်ခြေလျှောကမ်း ခြေတွင် ဖြူဖွေးသန့်စင်နေသည့် သဲများ ပြည့်နှက်နေသည်။
ထို့အပြင် သဲပလုတ်အော် ကမ်းခြေသည် အော်ဖြစ်သည့်အ တွက် သာမန် ကမ်းခြေများကဲ့သို့ လှိုင်းမကြမ်းဘဲ ရေကူးအပန်းဖြေ မည့်သူများအတွက် ပိုမိုအဆင် ပြေစေသည်။ ပင်လယ်ရေသည် မောင်းမကန်ကမ်းခြေ၏ ပင်လယ် ရေထက် အနည်းငယ်ပိုငန်သော် လည်း ကျွန်းပေါ်တွင် ရေချိုအ လွယ်တကူ ရရှိနေသောကြောင့် ခရီးသွားများအတွက် အဆင်ပြေ သည်။
‘‘နိုင်ငံခြားသားတွေက ဒီနေ ရာကို အပန်းဖြေဖို့ထက် ရေကူး ဖို့၊ ရေငုပ်ဖို့ ပိုပြီးစိတ်ဝင်စားကြ တယ်။ ဒီနေရာက ပင်လယ်ရေ နဲ့ ရေအောက်ကြမ်းပြင်က သဲတွေ လည်း မောင်းမကန်ကမ်းခြေနဲ့ အရမ်းကွာခြားတယ်ဆိုတော့ ခရီး သွားတွေကို ဆွဲဆောင်နေတာ ပေါ့’’ ဟု လောင်းလုံးဘုတ်ကျွန်းသို့ လှေ အငှားလိုက် နေသော ဒေသခံတစ်ဦးက ပြောကြားသည်။
လောင်းလုံးဘုတ်ကျွန်းသို့ လည်ပတ်ရန် နိုဝင်ဘာမှ ဧပြီအထိသာ အဆင်ပြေပြီး ၂၀၁၃ အတွင်း ယင်းကျွန်းသို့ နိုင်ငံခြားသားခရီးသွားများဖြင့် ၁၅ ခေါက်သာလာရောက်နိုင်ခဲ့သော်လည်း ၂၀၁၅ ဒီဇင်ဘာလလယ်အထိ ခြောက်ခေါက်ပို့ဆောင်ပေးထား ရကြောင်း ၎င်းကဆက်လက် ပြောကြား သည်။ သို့သော် လောင်းလုံး ဘုတ်ကျွန်း အပါအ၀င် မော့စ ကော့ကျွန်းသည် တပ်ပိုင်မြေအ ဖြစ် ကြေညာထားသည့်မြေ ဖြစ် သည်။
ဘုတ်ကျွန်းသုံးခုအပါအ၀င် ဧရိယာ ၁,၂၁၆ ဧက အကျယ်အ ၀န်းရှိ မော့စကော့ကျွန်းများကို ၁,၉၂၇ တွင် ကိုလိုနီအစိုးရက သဘာဝ ဘေးမဲ့တော အဖြစ် သတ် မှတ်ထားခဲ့ခြင်း ဖြစ်သည်။ မြန်မာ နိုင်ငံတွင် အစောဆုံး သတ်မှတ် ခံရသည့် သဘာဝဘေးမဲ့နယ်မြေ တစ်ခုလည်း ဖြစ်သည်။
သဘာဝဘေးမဲ့ နယ်မြေများ သည် သစ်တောဦးစီးဌာန၏ လက်အောက်တွင် ရှိသော်လည်း ယင်းကျွန်း၏ ပထ၀ီအနေအထား အရ လုံခြုံရေးကို မောရ၀တီ ရေတပ်စခန်းက တာဝန်ယူထားသည်။ လောင်းလုံးဘုတ်ကျွန်း၏ အနောက် ဘက်တွင် ကပ္ပလီပင်လယ်သာ ရှိတော့သည်။
ကမ်းလွန်ပင်လယ်ပြင်ကျွန်း ပေါ်တွင် တည်ရှိနေသော်လည်း သဘာဝ ပေါက်ပင်များသည် ဒီရေ တောများမဟုတ်ဘဲ အမြဲစိမ်း တောများ ပေါက် ရောက်နေ သည်။ ယနေ့အချိန်အထိ ပျဉ်းမ၊ သစ်တို၊ တောင်သရက်၊ ကြိမ်၊ ၀ါး များစသည့် သစ်တောသယံ ဇာတများ သဘာဝအတိုင်း ရှိနေ ဆဲဖြစ်ပြီး သစ်တောကြိုးဝိုင်းအ ဖြစ် သတ်မှတ်ထားသည်။
ထို့အပြင် ဖွတ်၊ ကဏန်းစား၊ တံငါမျောက်၊ ဒရယ်၊ လိပ်နှင့် ကမ္ဘာ့ရှားပါး တိရစ္ဆာန် သင်းခွေချပ် များနှင့် ငှက်မျိုးစိတ်များ၊ တွား သွားသတ္တ၀ါမျိုးစိတ်များ ကျက် စားနေထိုင်ကြောင်း သစ်တောဦး စီးဌာနမှတ်တမ်းများအရ သိရ သည်။ ယင်းသို့ သဘာဝဂေဟ စနစ်များဖြင့် ပြည့်နှက်နေသော ကျွန်းပေါ်တွင် ၂၀၁၃ တွင် ထားဝယ်ဒေသခံကုမ္ပဏီတစ်ခုက ဟိုတယ် ဆောက်လုပ်ရန် စီစဉ်ခဲ့ သည်။ စီမံကိန်းလုပ်ငန်းများ လုပ်ဆောင် နိုင်ရန် အဆောက်အအုံအချို့ သွားရောက်တည်ဆောက်ခဲ့ သည်။ သို့သော် ရေတပ်ဌာနက လာရောက် တားမြစ်ခဲ့သည်။
‘‘ဒီကျွန်းကို ရံဖန်ရံခါ ဘင်္ဂါ လီတွေ ရောက်လာတတ်တယ်။ အဲဒီအချိန်တုန်းက ရေတပ်ကို အ ကြောင်းကြားလိုက်တာပဲ။ သူတို့ ရောက်လာပြီး ပြန်ခေါ် သွားတာပဲ။ အခုချိန်မှာလည်း နိုင်ငံခြား သားခရီးသွားတွေ လှေတွေငှား ပြီး လာလည်တတ်ကြတယ်။ ဒါပေမဲ့ ကျွန်းပေါ်မှာ ညအိပ်ဖို့ အခွင့် မပြုထား ဘူး’’ဟု သဲပလုတ် အော်တွင် ကျွန်းစောင့်အဖြစ် နေ ထိုင်သူက ပြောသည်။ ကျွန်း စောင့်မှာ ရေတပ်မှတာဝန်ပေး ထားသူလည်း ဖြစ်သည်။
လောင်းလုံးဘုတ်ကျွန်း၌ အောက်ဘုတ်သည် အကြီးဆုံးကျွန်းတစ်ခုဖြစ်ပြီး လှေများရပ်နားနိုင်သော အော်ကမ်းခြေ ခြောက်ခုရှိသည်။
သို့သော် နေရာတိုင်း တွင် လှေ ဆိုက်ကပ်ရန် အဆင်မပြေလှပေ။ လှေများ ဆိုက်ကပ်ရန် အလွယ်ကူဆုံးဖြစ်သည့် သဲပလုတ်အော်သည် အလျား နှစ်ဖာလုံ ကျော်ရှိသော်လည်း အိမ်ခြေ(တဲ)ခြောက်လုံးသာ ရှိသည်။
တဲတစ်ဆောင်မှာ ကျွန်းစောင့်များနေ ထိုင်သည့် တဲဖြစ်ပြီး ကျန်တဲများ မှာ ရေလုပ်သားများ ယာယီနားခိုသည့် နေရာများ ဖြစ်သည်။ နွေရာသီတွင် ဒေသခံ အချို့လာ ရောက် အခြေချနေထိုင်တတ်သော် လည်း အစဉ်အမြဲ နေထိုင်ခွင့်မရှိပေ။
ကမ်းဝေး ငါးဖမ်းလှေများ သည်လည်း ယင်းနေရာတွင် မိုး ရာသီ၌ ရာသီဥတုအခြေအနေ မကောင်းပါက လာရောက်နားခို နေကျ ဖြစ်သည်။ ထို့အပြင် သဲ ပလုတ်အော်မှ ခါးပြတ်( ကျွန်း နှစ်ကျွန်းအကြား)ကို ဖြတ်သန်း ၍ တစ်နာရီနီးပါး သွားပါက ကမ်း ဝေးငါးဖမ်းလှေများ မုန်တိုင်းရန် မှ ရှောင်ရှားရန် နားခိုသည့် ထောင့်နတ်အော် တည်ရှိသည်။
သဲပလုတ်အော်မှ မြင်း ကောင်ရေ ၂၀ အားရှိ စက်လှေ ဖြင့် နှစ်နာရီခွဲ ကျော်သွားပါက ‘‘သိုင်း’’ဟု အမည်တွင်သော သဲ သောင်တစ်ခုရှိသည်။ ယင်းသဲ သောင်သည် အရှည်ပေ ၅၀၀ ကျော်သာရှိသော်လည်း ခရီးသွား များ သွားရောက်လည်ပတ်လေ့ ရှိသည့်နေရာတစ်ခု ဖြစ်နေသည်။ အဆိုပါ သဲသောင်သည် မြန်မာ နိုင်ငံတွင် ပင်လယ်လိပ် ငါးမျိုးရှိ သည့်အနက် ပြင်သာ ပင်လယ် လိပ်မျိုးစိတ်များ သားပေါက်သည့် နေရာဖြစ်သည်။
ငါးလုပ်ငန်းဦးစီးဌာန၏ စာ ရင်းများအရ တနင်္သာရီတိုင်းဒေ သကြီးတွင် ပင်လယ်လိပ်မျိုးစိတ် များ သားပေါက်သည့်နေရာ ၁၃ နေရာရှိသည်။ ထားဝယ်ခရိုင် အတွင်း သားပေါက်လေ့ရှိသည့် ဆယ်နေရာရှိရာ သိုင်း ပင်လယ် လိပ်ထိန်းသိမ်းရေး စခန်းသည် အအောင်မြင်ဆုံး နေရာ တစ်ခုအ ဖြစ် ရပ်တည်နေသည်။ ယခင်က ဗြူကြီးဗျိုက်၊ မောင်းမကန်ဘုတ်၊ ဘ၀ါနှင့် ငပိဒတ်(ယခု ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်းဧရိယာ) ၊ ရှင်မော် စသည့် ကမ်းခြေ သဲသောင် နေရာများတွင် ပင်လယ်လိပ်များ မျိုးပွားကြရာ ယခု အခါ ယင်းနေရာ များကို ခရီးသွား များအပါအ၀င် လူသူအရောက် အပေါက်ရှိလာ သဖြင့် ပင်လယ်လိပ်များ ဥဥသည့် အခြေအနေလျော့နည်းလာခဲ့သည်။
‘‘ပင်လယ်လိပ်တွေက လူရှိ တဲ့နေရာတွေဆို ဥဥလေ့ မရှိတတ်ဘူး။ သူတို့က ဆူညံမှုနဲ့အလင်း ရောင်တွေရှိရင်လည်း မကြိုက် တတ်ဘူး။ ပြီးတော့ သဲမြေ ဆိုလည်း သန့်ရှင်းတဲ့နေရာကိုပဲ သူ တို့က ရွေးပြီး ဥဥတတ်ကြတယ်’’ ဟု တိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးသန့်က ပြောကြားသည်။
မောင်းမကန်ကမ်းခြေ၏ အ နောက်ဘက်ပင်လယ်ပြင်ရှိ ကျွန်း များသို့ သွားရောက် လည်ပတ်ရန် ခရီးသွားများ စိတ်ဝင်စားမှုများ ရှိ နေသော်လည်း ဟိုတယ်နှင့် ခရီး သွားလာရေး ညွှန်ကြားမှုဦးစီး ဌာနက လောင်းလုံးမြို့နယ်၊ မြန်မာ့ပင်လယ်ပြင်တစ်လျှောက် ရှိ ကမ်းခြေများကို (Long Beach) ခရီးစဉ် အသစ်များ အဖြစ် ဖော်ထုတ်သွားရန် အားပေးထား သည်။ လောင်းလုံး မြို့နယ် တစ်လျှောက်လုံးတွင် မောင်းမကန်၊ တီဇစ်ကမ်းခြေ အပါအ၀င် ကမ်း ခြေ ၁၀ ခုကျော် ရှိနေသည်။
ကမ်းခြေများ၊ သဘာဝအ ပန်းဖြေနေရာအချို့သည် လူတို့ ၏ စည်းမဲ့ကမ်းမဲ့ ပြုကျင့်မှုများ၊ စွန့်ပစ်အမှိုက်များကြောင့် သဘာ ၀ပတ်ဝန်းကျင် ပျက်စီးမှုများရှိ လာတတ် ကြသည်။ သို့သော် လောင်းလုံးဘုတ်ကျွန်းသည် ယနေ့ထိတိုင် သဘာဝ ဂေဟစနစ် များဖြင့် ပြည့်နှက်နေဆဲ ဖြစ် သည်။