18/05/2022
" ကြီးရွာဘုန်းကြီးကျောင်း၊ ဆောမြို့နယ် " သို့ လေ့လာရေးခရီး
"တိုင်အလုံးပေါင်း (၁၆၀) နီးပါးရှိတဲ့ ကြီးရွာကျောင်း'' ''လောင်းရှည်''က,နေ ''ဆော''ကို အပြန်လမ်း ခရီးမှာတော့ ဆိုင်ကယ်စီးတာ မြန်လို့ ထင်တယ် ၊ (၁)နာရီပဲ စီးရပြီး ဆောကို ပြန်ရောက်တယ်။ ဆောကိုလည်း ရောက်ရော ဆိုင်ကယ်ကို ဆီအပြည့် ဖြည့်ပြီး မနေ့ညက အိပ်ခဲ့တဲ့ အိတုံ ထမင်းဆိုင် အထိ အရောက်သွားပြီး နေ့လည်စာ စားလိုက်ကြတာ။ မနေ့ညတုန်းက စားလို့ ကောင်းသလောက် ၊ ဒီနေ့ နေ့လည်စာက စားလို့ အဆင် သိပ်မပြေဘူး။ ၀က်သားက,လည်း အဆီတွေ များတယ် ၊ နွားနောက်သားက,လည်း မာလွန်းလို့ မစားနိုင်ဘူး။ ဆောက,နေ ပြန်အထွက် ဆိုင်ကယ်ကို ခပ်မြန်မြန်လေး စီးခဲ့ကြတယ်။ ဆောက,နေ ကျောက်ထု .... (၂၅)မိုင်လောက် နီးနီး ခရီးကို အတက်အဆင်းလေးတွေနဲ့ ဆိုတော့ အချိန် (၁)နာရီလောက်တောင် ပေးရတာ။ ကျောက်ထုမြို့အ၀င် ညာဖက်ခြမ်းက ဆီပန့်လေးမှာ ဆီ၀င်ဖြည့်တယ်။ ပြီးတော့ ကျောက်ထုက,နေ ထီးလင်းကို သွားတဲ့ လမ်းပေါ်က ၊ ကျောက်ထုက,နေ (၁၀)မိုင်လောက် ဝေးတဲ့ ကြီးရွာ ကို ထွက်ခဲ့ကြပါပြီ။ ကြီးရွာမှာ ရှိတဲ့ သူငယ်ချင်းမ,ကို ဖုန်းဆက်ပြီး ဘုန်းကြီးကျောင်းကို ၊ နောက်ထပ် နာရီ၀က်လောက်ရှိရင် ရောက်မယ်လို့ ကိုရင်က လှမ်းပြောတယ်။ လမ်းမှာ လမ်းပြင်နေတာတွေက လေးငါးနေရာ ... ကျောက်ခွဲစက်ကြီးတွေနဲ့ ကျောက်ခွဲနေတာက,လည်း နှစ်နေရာလောက် တွေ့ရတယ်။ လမ်းတွေက အတက်နေရာ တချို့မှာ ဂုံးတွေကို ဖြည်မထားတော့ ၊ ဟိုဖက်က လာတဲ့ ဆိုင်ကယ်တွေ ၊ ကားတွေကို ဂုံးနားရောက်မှ ကပ်ပြီး မြင်ရတယ် ၊ အန္တရာယ်နည်းနည်း ရှိတယ်။ လမ်းအကွေ့တချို့က လိမ်နေတော့ ကွေ့လိုက်ရင် တဖက်ယာဉ်ကြောကို ရောက်ရောက် သွားတာ။ လမ်းအဆင်း တနေရာမှာတော့ ပန်းနှမ်းခင်း တွေပေါ်ကို နေရောင်ခြည်လေးတွေ ဖြာပြီး ကျနေတာကို အပေါ်စီးကနေ မြင်လိုက်ရတယ်။ တော်တော်လှတဲ့ ရှုခင်း ၊ မရိုက်လိုက်နိုင်ဘူး။ ကြီးရွာကို ရောက်လာတော့ ရွာရဲ့ အနောက်ဖျားဆုံး အထိ မောင်းပြီးမှ လမ်းဘယ်ဖက်ကို ကွေ့၀င်လာခဲ့တယ်။ ရွာဟောင်းက အတွင်းပိုင်းထဲမှာပါ။ ကားလမ်းမဘေးက အိမ်တွေက ၊ ကွက်သစ် ထွက်ရင်းနဲ့ တဖြည်းဖြည်း ကားလမ်းမဘေးကို ရောက်ကုန်တာ။ ကားလမ်းမကြီးရဲ့ဘေးက အိမ်တွေက အခုခေတ် အိမ်တွေပါ။ ကြည့်လိုက်ရင်တော့ ရွာက အထင်ကြီးစရာ မရှိဘူး။ အိမ်ခြေ နည်းနည်းလေးလို့ ထင်လိုက်မိတာ။ အတွင်းပိုင်းထဲကို ရောက်မှ ရွာကြီးက အကြီးကြီး ဖြစ်နေတယ်။ အိမ်တွေက ယောဒေသရိုးရာ ရှေးဆန်ဆန် အိမ်တွေ။ တချို့နေရာမှာ အိမ်အကြီးကြီး တွေကိုလည်း တွေ့ရတယ်။ အထဲပိုင်းထဲရောက်လေ ရွာက ကြီးလေ ဖြစ်နေတာပါ။ တနေရာမှာ လမ်းရဲ့ ဘယ်ဖက်ကို ကွေ့လိုက်တော့ သာသနရက္ခိတ ဆိုတဲ့ ဘုန်းကြီးကျောင်း အကြီးကြီးကို တွေ့လိုက်ရ ပါပြီ။ ဘုံ (၉)ဆင့် ထီး(၉)ဆင့်နဲ့ ရယ်ပါ။ ကျွန်းတိုင်လုံးကြီးတွေနဲ့ တိုင်ပေါင်း (၁၀၀) ကျော်တဲ့ ရှေးကျောင်းကြီးပေါ့။ ကျောင်းကြီးရဲ့ အမြင့်ကို လေ့လာကြည့်မယ် ဆိုရင်တော့ မြေပြင်ကနေ စိန်ဖူးတော်အထိ (၉၉) ပေ ရှိတယ်လို့ ဆိုပါတယ်။ ထီးတော်ကြီးရဲ့ အမြင့်ပေက ၄' ၇" ရှိပြိး ထီးတိုင်အရှည်က ၁၃' ၄'' နဲ့ စိန်ဖူးတော်ကြီးက ၇'' ရှည်တယ်လို့ မှတ်တမ်းများအရ သိရတာပါ။ ကျောင်းဆောင်ကြီးမှာတော့ ကျောင်းဆောင်ရဲ့ တိုင်လုံးပေါင်းက (၁၂၁)တိုင် ၊ ကြမ်းပြင်တိုင်လုံးပေါင်းက ( ၁၇)တိုင် ၊ လှေကားကြီးမှာတော့ တိုင်လုံးကြီး ( ၁၆)တိုင်နဲ့ ရေအိုးစင်ကိုတော့ တိုင်လုံး ( ၄ )တိုင် အသုံးပြု တည်ဆောက်ထားတဲ့အတွက် အားလုံးပေါင်း ကျွန်းတိုင် (၁၅၈)တိုင် ရှိပါတယ်။ လူဝင်တဲ့ ခြေကျော်တံခါးပေါက်ပေါင်း ( ၁၁) ပေါက်နဲ့ ပြူတင်းပေါက်ပေါင်း ( ၃၉) ပေါက် (ယ္ခု ၃၃ ပေါက်သာရှိ) ရှိပြီး ၊ လှေကားကြီး ( ၂)စင်းနဲ့ ခမ်းခမ်းနားနား ဆောက်လုပ်ထားတာပါ။ ကျောင်းတော်ကြီးကို ဆောက်လုပ်လှူဒါန်းခဲ့တဲ့ ကုန်ကျငွေ စုစုပေါင်းဟာဖြင့် (၁၀၉၀) ကျပ်နဲ့ ( ၃ ) ပဲ အထိ ရှိကြောင်းကိုလည်း မှတ်တမ်းများအရ သိခွင့်ရခဲ့တာပါ။ မြန်မာသက္ကရာဇ် (၁၃၁၉) ခုနဲ့ ၊ (၁၃၂၂ ) ခုနှစ် ( ခရစ်နှစ် ၁၉၅၈ ခု နဲ့ ၁၉၆၀ ခုနှစ်) တွေမှာ သွပ်မိုး ထောင်ကာလို့ ဒုတိယအကြိမ် (၇၁၁၀) ကျပ် ( ၉၅) ပြား ကုန်ကျခဲ့ကြောင်း ၊ (၁၃၅၅) ခုနှစ် (၁၉၉၃) မှာ ဆွမ်းလှယ်ဆောင် သွပ်မိုးတဲ့အတွက် (၄၉၇၈၃) ကျပ် ကုန်ကျခဲ့ကြောင်း သိရပါတယ် ။ ကျောင်းဝန်းကြီးရဲ့ ပတ်ပတ်လည် စည်းရိုးတွေက,လည်း ကျွန်းတိုင်လုံးတွေ ကာပြီး ထားလို့ရယ်ပါ။ ကျောင်းကြီးရဲ့ ရှေ့မှာလည်း ၃၆ တောင် ( ၅၄ ပေ) မြင့်တဲ့ ကျွန်းတိုင်လုံးကြီးပေါ်မှာ ၊ အသံချဲ့စက် တပ်ထားပြီး ဟွန်း (၄)လုံးကို တွဲထားတဲ့ ၊ အချက်ပေး နာရီစင် တစ်မျိုးကို တွေ့ရပါတယ်။ ရင်သပ်ရှုမောဖွယ်ရာ စင်းလုံးချော ကျွန်းတိုင်ကြီးပါ။ တသက်နဲ့တကိုယ် တစ်ခါမှ မတွေ့ဖူးတဲ့ ကျွန်းတိုင်လုံးကြီး။ ကျောင်း၀န်းထဲမှာတော့ ကလေးတွေ ဘောလုံး ကန်လို့ ။ အပြင်ဖက်ကနေ ကြည့်လိုက်တော့ ကျောင်းကြီးရဲ့ ပုံစံက မြင်းခြံနယ်ထနောင်းတိုင်ရွာက ယွန်းကျောင်းရဲ့ ပုံစံနဲ့ တူနေပါတယ်။ ကျောင်းကြီးရဲ့ အပေါ်ကိုလည်း တက်လိုက်ရော ကျွန်းတိုင် လုံးကြီးတွေမှ အများကြီးပဲ ၊ ရွှေဆေးတွေ သုတ်ထားတာ။ တိုင်တွေ အားလုံးကို ဟင်္သာပြဒါးရောင် သုတ်ထားနိုင်မယ် ဆိုရင် ပိုပြီးကောင်းလိမ့်မယ်လို့ တွေးမိတယ်။ ဘုန်းကြီးကျောင်းရဲ့ ရှေ့က အိမ်တွေက,လည်း ရှေးဆန်တယ် ။ ဘုန်းကြီးကျောင်းကြီးရဲ့ ကျောင်းအောက်မှာတော့ တုံးခေါက်တဲ့ ဧရာမ အုန်းမောင်း ကြီး ( ၂) ခု ရှိနေတယ်။ ရှေးမြန်မာ ဘုန်းကြီးကျောင်းတွေမှာ အာရုံတက်ချိန် ဆွမ်းစားချိန်နဲ့ အကြောင်းကိစ္စကြီးငယ် ရှိတဲ့အချိန်တွေမှာ ခေါက်ကြ ထိုးကြတဲ့ ချစ်စရာ ဓလေ့စရိုက်လေးပါ။ ရှေးမြန်မာတွေက,တော့ အုန်းမောင်းထိုးတယ် ၊ တုံးခေါက်သံ ၊ ကလတက်ခေါက်တာ စသဖြင့် ဒေသအလိုက် အမျိုးမျိုး ခေါ်ဝေါ် သုံးစွဲခဲ့ကြတာ။ ~ ရှေးပညာရှိတွေရဲ့ အသံ ကျယ်ကျယ်မြည်ပြီး အဝေးအရပ်က ကြားရအောင် အုန်းမောင်းထွင်းနည်း (က) ထိပ်ဝတစ်ပြန်၊ အနားချန်၊ လေးပြန် အလယ်ထား (ခ) ထိပ်ဝငါးချိုး၊ ပယ်တစ်ချိုး၊ လေးချိုး အနက်ထား (ဂ) ထိပ်ဝခြောက်ချိုး၊ ပယ်ငါးချိုး၊ တစ်ချိုး အပေါက်(ပါးစပ်)ထား (ဃ) လက်၄သစ်အောက်၊ကား၍ဖောက်၊ တောင်မြောက် အဝေးကြား (င) တီးလိုက်တဲ့အခါ၊ အသံမှာ၊ လွန်စွာ နာပျော်သား (စ) လက်ရိုက်ကက်ကင်း၊ ရန်ဘေးရှင်း၊ သတင်း ကျော်ထင်ရှား။ အုန်းမောင်းခေါက်တဲ့ အချက်ရေက,လည်း ဒေသကို လိုက်လို့ ၊ ကျောင်းထိုင်ပုဂ္ဂိုလ်ရဲ့ အတွေးအမြင်အပေါ်ကို မူတည်ပြီး အချက်အရေတွေက မတူညီကြပါဘူး။ ကျောင်းကြီးပေါ်မှာတော့ ရွာထဲက ဒကာတွေ အများကြီးနဲ့။ ဆွမ်းပွဲတွေကို အုပ်တဲ့ အုပ်ဆောင်း အကြီးကြီးတွေ ၊ ထမင်းဟင်းပို့တဲ့ ယွန်းဆွမ်းအုပ်တွေ ၊ ရှေးတုန်းက သုံးခဲ့တဲ့ သစ်သားငြုတ်ဆုံတွေ ၊ ရှေးတုန်းက ပန်းချီကားတွေကို ရွာသားဒကာတွေက စိတ်ရှည်ရှည်နဲ့ ပြပေးကြပါတယ်။ ပန်းချီကားတွေမှာ ရေးထားတာက တန်ဖိုး (၆)ကျပ်ခွဲတဲ့ ။ ဆွဲထားတာက နှစ်ပေါင်း တော်တော်လေး ကြာပြီလို့ ထင်လိုက်မိတာ။ စကားဝိုင်းက အချိန်တော်တော်လေး ကြာသွားပြီ ဆိုတော့ ပြန်ဖို့ ပြင်ကြတယ်။ သူတို့က,လည်း ကိုယ်တွေကို ညတောင် အိပ်စေချင်ပုံပဲ ၊ စကားတွေ ပြောလို့က,လည်း အလွန့်ကို ကောင်းနေတာ။ ကျောင်းပေါ်က ဆင်းကာနီး ... ကျောင်းကြီးရဲ့အပေါ်ကို တက်တဲ့ ဆွမ်းပို့လှေကားက ကျဉ်းနေလို့ ၊ အခုံးလေးကို ပြင်ချင်ကြောင်း ဆရာတော်က ပြောလာတယ်။ ရှေးအမွေအနှစ် ပုရပိုဒ်ခေါက်ပုံစံ လှေကားမို့ ထိန်းသိမ်းစေ့ချင်လို့ ၊ မပြင်ဖို့ရန် ဆရာတော့်ကို လျှောက်ခဲ့သေးတာပါ။ ပြင်ဖြစ် မပြင်ဖြစ်တော့ မသိရတော့ပါဘူး။ ဒီကျောင်းကြီးမှာ အစဉ်အဆက် ကျောင်းထိုင်ခဲ့ကြတဲ့ ဆရာတော်ကြီး တွေကတော့ ၊ ဦးသာသန (စတင်ပြီး ဆောက်လုပ်ခဲ့တဲ့ ဆရာတော်ကြီး) ၊ ဦးဉာဏ (၅၉ နှစ်/၃၈ ဝါ) ၊ ဦးဇောတ (၆၁ နှစ်/၄၀ ဝါ) ၊ ဦးနာယဒ (၇၉ နှစ်/၅၉ ဝါ) နဲ့ ဦးသဒ္ဓမ္မ (၄၉ နှစ်/၂၆ ဝါ) တို့ ဖြစ်ကြောင်း သိရပါတယ်။ ဒီကျောင်းကြီးရဲ့ သက်တမ်းက နှစ်ပေါင်း ( ၈၀) ကျော် ၊ ( ၉၀) လောက်တော့ ရှိနေပါပြီ။ မြန်မာသက္ကရာဇ် ၁၂၈၉ ခု ၊ တပို့တွဲလ္ဆန်း (၁၃)ရက် ၊ (ခရစ်နှစ် ၃. ၂. ၁၉၂၈)၊ သောကြာနေ့ ( ၄) ချက်တီး ( ၁၂) ဖဝါး (စက်နာရီ ၅၈-မိနစ်) အချိန်မှာ စတင်တည်ဆောက်ခဲ့ကြောင်း သိရပါတယ်၊ ကိုလိုနီခေတ် အတွင်းက ဆောက်ခဲ့တာပါ ၊ လက်ရာက,တော့ တော်ဝင်သမားတွေရဲ့ လက်ရာတွေနဲ့ မတူဘူး။ အနုစိပ် အပြောက်အမွန်းတွေ မပါ ၊ တောလက်သမား လက်ရာမျိုး။ ဒါပေမယ်လို့ ဒီကျောင်းမျိုးကို နောင်,တချိန် မပြောနဲ့ ၊ အခုခေတ်မှာတောင် ဒီကျောင်းမျိုး မဆောက်နိုင်လောက်တော့ ပါဘူး။ ဟိုခေတ်က ကျွန်းသစ်တွေ ပေါခဲ့လို့သာ ဒီကျောင်းမျိုးကို ဆောက်နိုင်တာပါ။ ဒါတောင် အင်္ဂလိပ်တွေဆီကို ကျောင်းဆောက်ဖို့ သစ်ထုတ်ခွင့် တောင်းခဲ့ရတယ်လို့ ဆိုပါတယ်။ (၃)တန်လောက် လျှောက်မှ (၁)တန်လောက် နှုန်းပဲ ချပေးခဲ့တာ တဲ့။ လူအများကြီး နာမည်တွေ ခွဲလျှောက်ခဲ့ရတယ်လို့ သိခွင့်ရခဲ့ပါတယ်။ ကျောင်းကြီးရဲ့ ထီးတော်ကြီးကို ကြီးရွာသူရွာသားတွေရဲ့ စုပေါင်းအလှူအဖြစ် ၊ မြန်မာသက္ကရာဇ် (၁၃၅၅) ခု ၊ နယုန်လ္ဆန်း ( ၉)ရက် (၁. ၅. ၁၉၉၃) စနေနေ့မှာ ၊ (၃၀၇၄၄) ကျပ် အကုန်အကျခံပြီး အသစ်တဖန် ပူဇော်ခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာနှစ် (၁၃၅၅) ခု ၊ တပို့တွဲလ္ဆန်း ( ၃)ရက် (၁၃. ၂. ၁၉၉၄) တနင်္ဂနွေနေ့မှာတော့ ဦးဇာနီ + ဒေါ်အေးဇုံ မိသားစုက (၁၅၄၅၀) ကျပ် အကုန်အကျခံပြီး ဘုရားကျောင်းဆောင်ရဲ့ ထီးတော်ကို ရွှေချကာ ပြန်လည်တင်လှူ ပူဇော်ခဲ့ကြောင်း သိရပါတယ်။ ပြန်လာခဲ့တဲ့ အချိန်အထိ ကိုရင်ရဲ့ သူငယ်ချင်းမ,က ရောက်မလာပါဘူး။ အပြန်ခရီးကိုတော့ လာလမ်းအတိုင်း မပြန်ပဲ အရှေ့ ဖက်ကို ထွက်ခဲ့ကြပါတယ်။ မှောင်နေပြီဆိုတော့ မူလက ၀င်မလို့ စီစဉ်ထားတဲ့ ၊ တောင်သားလူမျိုးတွေ နေကြတဲ့ မိအယ်ရွာ ကို မ၀င်နိုင်တော့ပါဘူး။ မိုးချုပ်ကာ နီးလာလို့ ခပ်သွက်သွက်လေးပဲ စီးလာကြပါတယ်။ လမ်းပြင်တဲ့ အဖွဲ့တွေက,တော့ ၊ အဲဒီ အချိန်ထိ အလုပ်မသိမ်းကြ သေးပါဘူး။ ကျောက်ထုကိုလည်း ရောက်ရော အတော့်ကို မဲမှောင်နေပါပြီ။ ကိုရင့် သူငယ်ချင်းရဲ့ ဆိုင်ကယ်ပြင်ဆိုင်မှာ ၊ စီးလာတဲ့ ဆိုင်ကယ်ကို ၀င်ပြဖြစ်တော့ ဘတ္ထရီအိုးက သိပ် မကောင်းတော့ဘူးလို့ ဆိုလာတယ်။ လက်ပန်းရွာအထိ ပြန်မယ် ဆိုရင် ပြန်လို့က ရပေမယ်လို့ ၊ လမ်းမှာ ဆိုင်ကယ်မီးကို စိတ်မချလို့ မပြန်နိုင်တော့ပါဘူး။ ဒါနဲ့ပဲ သူ့ရဲ့ သူငယ်ချင်းက အိမ်ထဲအထိ ခေါ်ပြီး ဧည့်ခံပါတယ်။ သူ့ သူငယ်ချင်းနံမည်က ကျော်မင်းထွန်းလို့ ပြောတယ် ထင်တာပဲ ၊ စကားသံက ခပ်ဝဲဝဲနဲ့ နားထောင်လို့တောင် ကောင်းသေး ။ ယောဒေသ ဖွံ့ဖြိုးစေဖို့ ခရီးသွားလုပ်ငန်းတွေ မြှင့်တင်နိုင်ဖို့ ၊ ရှိတဲ့ အကြံဥာဏ်တွေ ပေးရင်း ၊ စကားဝိုင်းက အရှိန် တက်လာတတာ။ ညစာ စားဖို့ရန်အတွက် ... ထမင်းဆိုင်ကို ပြောင်းထိုင်ကြရင်း ၊ စကားပြောရင်းနဲ့ ထမင်း ဆက်စားကြတယ်။ အာလူးဖုတ်တာ အချိန် အတော်လေးကြာသွားတော့ ၊ လမ်းခွဲကြရင်းနဲ့ ညအိပ်မယ့် ပန်းဆန် ရွာကို သွားခဲ့ကြပါတယ်။ ဒီရွာလေးရဲ့ ရွာဘေးက,ချောင်းမှာ ကိုယ်ထူကိုယ်ထ တာဘိုင်လေး တပ်ထားတဲ့အတွက် တညလုံး မီးမှန်တယ်။ ဒီရွာကျောင်းက ကျောင်းထိုင် ဆရာတော်ရဲ့ စေတနာ မေတ္တာတွေ ကြောင့်ပါ။ တချိန်တုန်းက မီးအကြီးအကျယ် လောင်ခဲ့ဖူးပေမယ့် ဆရာတော်ရဲ့ အစီအမံနဲ့ ပြန်လည်ရုန်းထ နိုင်ခဲ့တဲ့ ရွာလေးပါ။ ကျောက်ထုမြို့မှာ,တောင် မီးက ညတိုင်း (၉)နာရီအထိသာ မီးပေးနိုင်သေးတာ။ ပန်းဆန်ရွာက ကိုရင့်အမရဲ့ အိမ်ကို ရောက်လာတော့ သူ့အမနဲ့ မိတ်ဆက်ပေးပါတယ်။ ကြည့်ရတာက,တော့ သူ့အမကို လာပြီးနှိပ်စက်နေကြ ဖြစ်မယ့်ပုံပါပဲ။ တနေကုန်လုံး ခရီးသွား လာခဲ့ရတော့ စကားတောင် သိပ်မပြောနိုင်တော့ပဲ ချက်ခြင်း အိပ်ပျော်သွားခဲ့ပါတော့တယ်။ ၁၃-၁၂-၂၀၁၅ (တနင်္ဂနွေနေ့) ကိုရဲ (ကျိုင်းတုံ)
CR : Ye Myint Aung