29/12/2023
တော်တော်လေးကို ရှုပ်ထွေးတဲ့ သိပ္ပံစီမံကိန်းတစ်ခု ဖြစ်လို့ သူတို့ အယောက် ၇၀ စလုံးက အလုပ်ထွက်ဖို့ စိတ်ကူးမိခဲ့ကြတယ်။
အလုပ်က နေ့မအား၊ ညမအား
နေ့လည်း မနားရ၊ ညလည်း မနားရ၊
ထမင်စားချိန်တောင် သတ်သတ်မှတ်မှတ်မရကြတဲ့ ဘ၀ဆိုတော့ လူတွေက ကြာတော့ ညစ်လာတယ်။ အလုပ်ထွက်ဖို့တော့ သူတို့အားလုံး ခေါင်းထဲမှာ ရှိပေမယ့် အဲဒီကိစ္စကိုတောင် တေ့တေ့ဆိုင်ဆိုင် မစဉ်းစားဖြစ်ကြသေးပါ။
တစ်နေ့တော့ သိပ္ပံပညာရှင်တစ်ယောက်က အရဲစွန့်ပြီး သူ့သူဌေးဆီကိုလာပြီးပြောတယ်။
" ဆရာ၊ ကျွန်တော့်ကလေးတွေကို မြို့ထဲမှာ ပြမယ့် ပြပွဲတစ်ခုကို ခေါ်သွားမယ်လို့ကတိပေးခဲ့တယ်။ အဲဒါကြောင့် ညနေ ၅ နာရီ ၃၀ လောက် ရုံးက ပြန်ချင်ပါတယ် ဗျာ " ဆိုပြီး ခွင့်တောင်းတယ်။
သူဌေး က ...
“ အိုကေ၊ သွားလေ၊ မင်း ဒီနေ့တော့ စောစောနားလိုက်ပေါ့ .." လို့ ပြန်ဖြေတယ်။
သူဌေးဖြစ်သူက ခွင့်ပြုလိုက်တော့ သိပ္ပံပညာရှင်ပျော်သွားတယ်။ အဲဒါနဲ့ပဲ သူ့အလုပ်ကို လက်စသတ်နိုင်အောင် စပြီး လုပ်တော့တာပါ။ အလုပ်ပြီးအောင်ဆိုပြီး နေ့လယ်စာတောင် ပြီးစလွယ်စားပြီး အလုပ်လုပ်တယ်။ အလုပ်ဟာ မြန်မြန်ပြီးအောင် တွန်းလုပ်လေ၊ သူ့ အလုပ်တွေက မပြီးလေ၊ မပြီးလေ တွန်းလုပ်လေ၊ အဲဒီလိုကြီးကို လုံးလည်ချာလည် ဖြစ်နေတယ်။ ဒီစိမံကိန်းမှာလည်း သူ့တာဝန်ဟာ ကြီးလေးတဲ့ အစိတ်အပိုင်းတစ်ခု၊ အရေးပါတဲ့ အခရာ တစ်ခုအနေနဲ့ ပါဝင်နေတဲ့အတွက် အမှားလည်း မဖြစ်ချင်ဘူး ။ ဒါကြောင့် ကြိုးစားပြီးလုပ်တယ်။ တစ်ချိန်ကျတော့ ပုံသေနည်းတစ်ခုကို စဉ်းစားရင်း အချိန်ကို ကြည့်လိုက်တော့ အချိန်က ည ၈း၃၀ ၊
" ဗုဒ္ဓေါ ..."
" ငါ ကလေးတွေကို ကတိပေးထားခဲ့တာပဲ၊ ဆရာကလည်း ခွင့်ပြုထားတာပဲ ။ ဒုက္ခပါပဲ "
သူ ဘယ်လိုမှ နေထိုင်လို့ မရတော့၊
အလုပ်လည်း ဆက်လုပ်လို့ မရတော့ဘူး။
သူဌေးကို ပြောပြဖို့ ရှာတော့ သူဌေးကို မတွေ့တော့ဘူး။
အဲဒါနဲ့ပဲ အလုပ်နားပြီး အိမ်ကို ပြန်သွားလိုက်တော့တယ်။
တစ်လမ်းလုံးလည်း ကလေးတွေကို ပေးခဲ့တဲ့ ကတိတွေကို ပြန်တွေးပြီး ကတိဖျက်ခဲ့ရသလို ဖြစ်တဲ့အတွက် စိတ်မကောင်းခြင်းကြီးစွာနဲ့ အပြစ်ရှိသလို ဝမ်းနည်းမိတယ်။
သူ အိမ်ပြန်ရောက်တော့
ကလေးတွေက အိမ်မှာ ရှိမနေပါ။
သူ့ အမျိုးသမီးကတော့ ဧည့်ခန်းမှာထိုင်ပြီး စာဖတ်နေတယ်။
နွမ်းတိနွမ်းလျဲ့ သူ့ပုံစံကို အကဲခတ်ကြည့်ပြီး ဇနီးက မေးတယ်။
" ကော်ဖီသောက်မလား ၊ တစ်ခုခု အရင်စားမလား "
" လုပ်ချင်တာ လုပ်ပါ၊ ကလေးတွေရော "
" အင် .. ၊ ရှင် မသိဘူးးလား "
အမျိုးသမီးက အံ့ဩသလို ကြောင်အအ ဖြစ်ပြီး ပြန်မေးတယ်။...
" ရှင် မသိဘူးလား။ ရှင့်သူဌေးလွှတ်လိုက်တာလေ၊ ရှင်တို့ရုံးက မန်နေဂျာက ကလေးတွေကို လာခေါ်သွားတယ်လေ။ မြို့ထဲက ပြပွဲ လိုက်ပြမလို့လေ "
" ..ဘာ ..ဘယ်လို "....
>> Intermission
( သူဌေး က ညနေ ၅း၀၀ နာရီရောက်တော့ သူအားထားရတဲ့ သူ့တပည့်ရဲ့ စကားကို အမှတ်ရသွားတယ်။ အဲဒါနဲ့ အလုပ်ရုံကို လာကြည့်တယ်။ ဇွဲနပဲ နဲ့ လုပ်နေတဲ့ သူ့တပည့်ကို မြင်တော့ ကျေကျေနပ်နပ်ကြီး ပြုံးမိတယ်။ တစ်လက်စတည်း သူ့တပည့် ခွင့်တောင်းထားတာကိုပါ သတိရမိတယ်။ တကယ်လို့ သူသာ ဒီအချိန်မှာ သွားနှုတ်ဆက်ပြီး ခွင့်ပေးလိုက်ရင် အားလုံးချောမွေ့သွားမှာ ဖြစ်ပေမယ့် အလုပ်ကတော့ အကောင်းဆုံးဖြစ်နိုင်မှာ မဟုတ်တော့ဘူး။ အလုပ်ထဲမှာ ဈာန်ဝင်နေတဲ့သူကို အနှောက်အယှက်ပေးရာ ရောက်သွားမယ်လို့ တွေးမိတယ်။.. ဒါနဲ့ပဲ တပည့်အိမ်ကို ဖုန်းဆက်တယ်။
တပည့်ရဲ့ ဇနီးကို အကျိုးအကြောင်းပြောပြပြီး
ကလးတွေကို ပြပွဲကို လိုက်ပြဖို့ သူ့မန်နေဂျာကို ခိုင်းစေလိုက်ခဲ့တာပါ.....).
ဒါကြောင့်လည်း Tumba မှာ ရှိတဲ့ သိပ္ပံပညာရှင်တိုင်းဟာ အလုပ်မှာ စိတ်ဖိစီးမှုတွေ များပြားလွန်းပေမယ့် အလုပ်ထွက်သွားခဲ့တဲ့ လူတစ်ယောက် မှ မရှိခဲ့ပါဘူး။
ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ ရဲ့သူဌေးဟာ အလုပ်ကို အလုပ်နဲ့တူအောင် ပြင်းပြင်းထန်ထန်လုပ်တတ်ပေမယ့် အတွင်းစိတ်မှာတော့ နူးညံ့တဲ့ နုလုံးသားပိုင်ဆိုင်ထားလို့ပါပဲ ။
ဒါနဲ့ စကားမစပ် ဒီ သူဌေး ဟာ ဘယ်သူလဲဆိုတာ ကို ခန့်မှန်းနိုင်ကြပါ့မလား။
သူတို့အားလုံးချစ်တဲ့၊ ဘော့စ်လို့ ခေါ်ကြသူ ဟာ Dr. APJ Abdul Kalam ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ သမ္မတပါ။
၂၀၀၂ ခုနှစ် ကနေ ၂၀၀၇ ခုနှစ်အထိ ရွေးကောက်ခံခဲ့ရတဲ့
အိန္ဒိယနိုင်ငံရဲ့ ၁၁ ယောက်မြာက် သမ္မတဖြစ်ခဲ့သူပါ။
နောက်ပြီးတော့ ဒီဖြစ်ရပ်ဟာ စိတ်ကူးယဉ်မဟုတ်သလို
ပုံပြင်လည်း မဟုတ်ပါဘူး။ သတင်းစာပို့သမားတစ်ယောက်ရဲ့ ဘ၀ကနေ ကမ္ဘာ့အင်အားကြိးနိုင်ငံတစ်ခု ရဲ့ သမ္မတဖြစ်လာခဲ့တဲ့ လူတစ်ယောက် ရဲ့
ကိုယ်ချင်းစာတရားလေး တစ်ခု အကြောင်းမျှသာ ဖြစ်ပါတယ်။....