29/04/2024
ရန်ကုန်တစ်မြို့စာလောက် လျှပ်စစ်မီးပေးနိုင်တဲ့ Solar farm ကြီး
အိန္ဒိယနိုင်ငံမှ ပါကစ္စတန်နယ်စပ်အနီး Rajasthan ပြည်နယ်မှာရှိတဲ့ Bhadla Solar Park က ကမ္ဘာပေါ်မှာအကြီးဆုံး Solar Park တွေထဲကတစ်ခုဖြစ်ပါတယ်။
တစ်နှစ်ကိုနေရောင် ရက် ၃၀၀ လောက်ရတဲ့ သာသဲကန္တာရထဲမှာ ဆောက်ထားတဲ့ Solar farm ကအကျယ်အဝန်း ဧက ၁၄၀၀၀ သို့မဟုတ် ၅၆ စတုရန်းကီလိုမီတာအထိကျယ်ဝန်းတာကြောင့် ရန်ကုန်မြို့ရဲ့ ၁၀ ပုံ ၁ ပုံလောက်ရှိပါတယ်။
Solar panel အချပ်ရေပေါင်း ၁၀ သန်းကျော်ပါဝင်တဲ့ ဒီ Sola park ကနေ 2245 Megawatt အထိထုတ်ပေးနိုင်ပါတယ်။ 3500 Megawatt အထိတိုးချဲ့နိုင်မယ့် မြေနေရာတွေလည်းရှိနေပါတယ်။ ဒီ Project မှာ Solar plant ပေါင်း ၃၇ ခုကိုအဆင့် ၄ ဆင့်ခွဲပြီး ၂၀၁၅ ကနေ ၂၀၁၉ ခုနှစ်အထိဆောက်လုပ်ခဲ့ပါတယ်။ ကုန်ကျစရိတ် ခန့်မှန်းခြေဒေါ်လာ ၁.၄ ဘီလီယံလောက်ကုန်ခဲ့ပါတယ်။
၂၀၁၉ ခုနှစ်မှာ ရန်ကုန်မြို့ရဲ့လျှပ်စစ်ဓာတ်အားသုံးစွဲမှုက အမြင့်ဆုံး 1548 Megawatt နှင့် မြန်မာတစ်နိုင်ငံလုံးဆို 3500 Megawatt ကျော်လို့သိရပါတယ်။ (နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့်တိုးတက်လေ့ရှိပါတယ်)။ ဒါကြောင့်ဧရာမ Solar park ကြီးတွေက ရန်ကုန်တစ်မြို့စာလောက်ကို လျှပ်စစ်မီးကောင်းကောင်း ပေးနိုင်တယ်လို့ဆိုနိုင်ပါတယ်။
Solar farm အကြီးကြီးတွေရဲ့ကုန်ကျစရိတ်က လွန်ခဲ့တဲ့ဆယ်စုနှစ်နဲ့ယှဉ်ရင် ၈၅ ရာခိုင်နှုန်းလောက်အထိ သက်သာသွားပါတယ်။ အိန္ဒိယမှာ 2000 Megawatt ကျော်ထုတ်ပေးနိုင်တဲ့ Solar farm နှစ်ခုရှိပါတယ်။ Pavagada solar park ကလည်း 2050 Megawatt အထိထုတ်ပေးနိုင်ပါတယ်။
တရုတ်နိုင်ငံတိဘက်အနီးက Qinghai ပြည်နယ်ကုန်းမြင့်ဒေသမှာရှိတဲ့ Golmud Solar Park (2800 Megawatt) နှင့် Gonghe Talatan Solar Park (8430 Megawatt) တွေက အိန္ဒိယက Bhadla Solar Park ထက်ကြီးတယ်လို့ဖော်ပြမှုတွေရှိပေမယ့် တိကျသေချာတဲ့အချက်အလက်တွေတော့ မတွေ့သေးပါဘူး။ မပြီးသေးတာလည်းဖြစ်နိုင်ပါတယ်။ Talatan Solar Park ဆိုရင် ရန်ကုန်မြို့ထက်တောင်ကြီးပြီး 8000 Megawatt ကျော်ထုတ်ပေးနိုင်တယ်လို့ဆိုပါတယ်။