18/12/2025
#မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဥပနိဿယဖြင့် ပရိကံပြုပုံ
ကန်တော့ခန်း
ဩကာသ ဩကာသ ဩကာသ။ ကာယကံ၊ ဝစီကံ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ပထမ၊ ဒုတိယ၊ တတိယ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ ရတနာမြတ် သုံးပါးတို့နှင့် မိဘ ဆရာသမားတို့အား ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။
ကန်တော့ရသော ကောင်းမှုကံစေတနာတို့ကြောင့် တပည့်တော်တို့ အားထုတ်ဆဲ ဖြစ်သော ဝိပဿနာ ဉာဏ်သည် လျှင်မြန်စွာ မဂ်ဉာဏ်သို့ ကျေးဇူးပြု၍ နိဗ္ဗာန်သို့ မျက်မှောက်ပြုရလိုပါ၏ အရှင်ဘုရား။
တရားအားမထုတ်မီ ပြုလုပ်ရန် ပုဗ္ဗကိစ္စ(၅)ပါး
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ (သုံးခေါက်)
၁။ တပည့်တော်တို့၏ ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါးကို မြတ်စွာဘုရားအား လှူဒါန်းပါ၏ အရှင်ဘုရား။
၂။ တပည့်တော်တို့သည် မိုက်မဲတွေဝေခဲ့သည့် အလျှောက် ရတနာသုံးပါးနှင့်တကွ မိဘဆရာ ပုဂ္ဂိုလ်သူမြတ်တို့အား ကံသုံးပါးတို့တွင် တစ်ပါးပါးဖြင့် ပြစ်မှားမိခဲ့သည်ရှိသော် ထိုအပြစ်တို့မှ ပျောက်ပါစေခြင်း အကျိုးငှာ တောင်းပန်ဝန်ချ ကန်တော့ပါ၏ အရှင်ဘုရား။
၃။ ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊ ကျောင်းစောင့်နတ်၊ ဓမ္မာရုံစောင့်နတ်၊ ရွာစောင့်နတ်၊ မြို့စောင့်နတ်၊ သာသနာတော်စောင့်နတ်၊ ကမ္ဘာစောင့်နတ် များနှင့်တကွ ရှိရှိသမျှ သတ္တဝါ ဟူသမျှ တို့သည် အသက်ထက်ဆုံး ဘေးမသီ ရန်မခ ကျန်းမာ ချမ်းသာကြပါစေ။
၄။ ရှေးရှေးဘဝ ယခုဘဝ ပြုပြုသမျှ တပည့်တော်တို့၏ ဒါနသီလ စသော ကုသိုလ်တို့သည် တပည့်တော်တို့ အလိုရှိအပ်သော မဂ်ဖိုလ်နိဗ္ဗာန်ကို ရခြင်း ရောက်ခြင်း အကျိုးငှာ လျှင်မြန်စွာ ကျေးဇူးပြု ပါစေသတည်း။
၅။ (ငါသည် မုချသေရမည်။အချိန်ပိုင်းသာလိုတော့သည်။) အသေမဦးခင် ဉာဏ်ဦးအောင် အားထုတ် ပါတော့မည်။
ကမ္မဋ္ဌာန်းတောင်း
ကမ္မဋ္ဌာနံ မေ ဘန္တေ ဒေထ သံသာရဝဋ္ဋဒုက္ခတော မောစနတ္ထာယ။
ဘန္တေ- အရှင်မြတ်တို့ဘုရား၊ မေ(အမှာကံ)- တပည့်တော်တို့အား၊ သံသာရဝဋ္ဋဒုက္ခတော- သံသရာ ဝဋ်ဆင်းရဲမှ၊ မောစနတ္ထာယ - လွတ်မြောက်ပါစေခြင်းအကျိုးငှာ၊ ကမ္မဋ္ဌာနံ - မဂ်ဉာဏ်ဖိုလ်ပေါက် နိဗ္ဗာန် ရောက်ကြောင်း အကောင်းဆုံးဖြစ်သော ကမ္မဋ္ဌာန်းတရားကို၊ ဒေထ - ကရုဏာထား ပေးသနားတော် မူပါကုန် ဘုရား။
ရတနာသုံးပါးအားပူဇော်ခြင်း
”ဣမာယ ဓမ်မာနုဓမ်မပဋိပတ်တိယာ ဗုဒ်ဓံ ပူဇမေိ။ ဣမာယ ဓမ်မာနုဓမ်မပဋိပတ်တိယာ ဓမ်မံ ပူဇမေိ။
ဣမာယ ဓမ္မာနုဓမ္မပဋိပတ္တိယာ သံဃံ ပူဇေမိ။”
ဣမာယ ဓမ္မာနုဓမ္မပဋိပတ္တိယာ - လောကုတ္တရာတရား ကိုးပါးအားအလျော်ဖြစ်သော ဤအကျင့်မြတ် ပဋိပတ်ဖြင့်၊ ဗုဒ္ဓံ - မြတ်စွာဘုရားကို၊ ပူဇေမိ - ပူဇော်ပါ၏ အရှင်ဘုရား။
ဣမာယ ဓမ္မာနုဓမ္မပဋိပတ္တိယာ - ဖြင့်၊ ဓမ္မံ- တရားတော်မြတ်ကို၊ ပူဇေမိ - ပူဇော်ပါ၏ အရှင်ဘုရား။
ဣမာယ ဓမ္မာနုဓမ္မပဋိပတ္တိယာ - ဖြင့်၊ သံဃံ - သံဃာတော်အပေါင်းကို၊ ပူဇေမိ - ပူဇော်ပါ၏ အရှင်ဘုရား။
အာဟာရမသုံးဆောင်မီဆင်ခြင်ရန်
ဤသည့်စားဖွယ်၊ အမယ်မယ်ကို၊ မြူးရယ်မာန်ကြွ၊ လှပရေဆင်း၊ ပြည့်ဖြိုးခြင်းငှာ၊ မသုံးပါဘူး၊ လေးဖြာဓာတ်ဆောင်၊ ဤကိုယ်ကောင်သည်၊ ရှည်အောင်တည်လျက်၊ အသက်မျှတမ်း၊ မမောပန်းငြား၊ ဘုရားသာသနာ၊ ကျင့်နှစ်ဖြာကို၊ ကျင့်ပါနိုင်စေ၊ ဝေဒနာဟောင်းသစ်၊ မဖြစ်စေရ၊ ယာပိုထ်မျှလစ်၊ ခပ်သိမ်းပြစ်ကို၊ မဖြစ်လေအောင်၊ ချမ်းမြေ့အောင်ဟု၊ သုံးဆောင် မှီဝဲပါသတည်း။
အမျှပေးဝေခြင်း
ဤယနေ့အဖို့၌၊ အကျွနု်ပ်တို့တစ်စု၊ ပြုလုပ်အားထုတ်အပ်သော၊ ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်၊ အစရှိသော၊ အထူးထူးသော၊ ကုသိုလ်တို့၏၊ အဖို့ဘာဂကို၊ ရှေးရှေးဘဝ၊ ယခုဘဝ၊ တော်စပ်ကြကုန်သော၊ အမိအဘ၊ အဘိုးအဘွား၊ ဆရာသမား၊ အစထား၍၊ အားလုံးသော ပုဂ္ဂိုလ် အပေါင်းတို့အား၊ အမျှပေးဝေပါကုန်၏။
အမျှရ၍၊ ကိုယ်စိတ်နှစ်ဖြာ၊ ကျမ်းမာချမ်းသာကြသည်၊ ဖြစ်ကြပါစေကုန်သော်. . .။
ကုသိုလ် . . . အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့။
သာဓု- သာဓု- သာဓု။
***********
#မိုးကုတ်ဆရာတော်ဘုရားကြီး ကိုယ်တိုင် ဦးကျော်သိန်းအား ကမ္မဋ္ဌာန်းပေးပုံ
”မင်း အာနာပါန ကမ္မဋ္ဌာန်းကို အရင်လုပ်ပါ၊ အာနာပါန ဆိုတာ ထွက်လေဝင်လေကိုခေါ်တယ်၊ ဒီထွက်လေဝင်လေကို ရှူရာမှာ လေကို ဝအောင်ရှူ၊ လျှော့ပြီးလဲ မရှူရဘူး၊ သိပ်ပြင်းပြင်းထန်ထန်လဲ မရှူရဘူး၊ မှန်မှန်ပဲ ရှူရရှိုက်ရမယ်၊ လေကိုလဲ မှန်မှန်ထုတ်ပါ။”
”မင်းစိတ်ကို နှာသီးဖျား အထက်နှုတ်ခမ်း ရင်ညွန့် ကြိုက်ရာတစ်နေရာမှာ ထားပါ၊ သတိနဲ့ ကပ်ထားရမယ်၊ မလစ်စေရဘူး၊ နှာသီးဖျားမှာ ထားတာကပိုကောင်းတယ်၊ အာနာပါန ရှူရှိုက်တဲ့ အခါမှာ နှာသီးဖျားမှာ ထိတာကို သိရမယ်။”
”အာနာပါနာနုဿတိဆိုတာ ထွက်သက် ဝင်သက် လေကို အာရုံပြု၍ ဖြစ်သောသတိကို ခေါ်တယ်၊ ဒီအာနာပါနာနုဿတိကို ပွားများအားထုတ်နေတဲ့ ယောဂီဟာ စိတ်ကို သန်သန်ခိုင်ခိုင် ထားပြီး ထွက်လေဝင်လေကို မနှေးမမြန် မပျော့မပြင်း ရှူရှိုက်လျက် ပထမ စိတ်ကို (နှာခေါင်းပေါက်မှာ) နှာသီးဖျားမှာ ထားရမယ်၊ သတိနဲ့ လေဝင်ထွက်နေတာကို သိရမယ်။”
”သူ့သဘောအတိုင်း မှန်မှန် ထွက်သက်ဝင်သက်ကို သိနေတဲ့ အာရုံမှတစ်ပါး ဘာတစ်ခုမှ အာရုံမပြုရဘူး။”
”အာနာပါနလုပ်ပြီး သမာဓိအားကောင်းလာတဲ့ ယောဂီဟာ သူငါယောက်ကျားမိန်းမ မဟုတ်၊ သတိနဲ့ယှဉ်ပါ၊ ရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါး ဆိုတာလဲ သိနေရမယ်၊ ဒီလိုသိပြီးရင် သတိနဲ့ယှဉ်တဲ့ စိတ်ဟာ နာမ်ပါလားလို့ သေသေချာချာ ထပ်ပြီးသိရမယ်၊ ဒီနာမ်ရဲ့မှီရာဟာ ဟဒယဝတ္ထုနှလုံအိမ်ပဲ၊ အာနာပါန အလုပ်တရား ထိုင်နေတာက ရုပ်ပဲလို့ ဟုတ်တိုင်းမှန်ရာ ထပ်ပြီးသိလာလိမ့်မယ်။”
”နောက်ထပ်အကြောင်းအကျိုးခွဲပြီး ဒိဋ္ဌိခွာရအုံးမယ်။”
(ဖောက်ပြန် ခံစား မှတ်သားပြုပြင် သိဝိဉာဏ် ငါးအင် ခန္ဓာမှတ်)
”အဲ့လိုခန္ဓာငါးပါး ပိုင်းခြားသိမြင်ပြီးရင် ရုပ်နာမ်ခန္ဓာကို ဖြစ်စေတတ်တဲ့ ရှေ့ကဖြစ်ပြီးတဲ့ အဝိဇ္ဇာ တဏှာတို့ဟာ အကြောင်းတရား၊ ဒီရုပ်နာမ်ခန္ဓာတို့ဟာ အကျိုးတရား လို့ အကြမ်းဖျင်း မင်းသိမြင်ရမယ်။”
ကဲ မင်းအခု ၈-နာရီရှိပြီ၊ ၉-နာရီအထိ ငါသင်ပြထားသလို အာနာပါန ကမ္မဋ္ဌာန်းကို သွားပြီးအားထုတ်ချေတော့။
ဦးကျော်သိန်းမှ အားထုတ်ရာ ပထမနာရီဝက်အထိ စိတ်ထိန်းမရ၊ ဆရာတော်မှ “မောင်ကျော်သိန်း မင်း သတိလက်လွတ်ထားတာကိုး၊ မင်းစိတ်ကို တည်အောင်ထား” ဟုလှမ်းဆုံးမလိုက်ရာ ဦးကျော်သိန်းမှာ ထိတ်ခနဲ တုန်လှုပ်သွားသည်၊ဆရာတော်သည် အခန်းတစ်ခုလုံးကြားမှာ ခြားနေပါလျက် မည်ကဲ့သို့ သိသနည်း၊ ထို့နောက် စိတ်ကိုအလစ်မပေးပဲ ဝီရိယကိုတင်ပြီး အားထုတ်ရာ ဦးလှဘူးလာခေါ်မှ ၁၀နာရီထိုးပြီဖြစ်ကြောင်း သိရ၍ ဆရာတော်ရှေ့သို့ ရောက်ခဲ့သည်။
”မောင်ကျော်သိန်း မင်းငါခိုင်းတဲ့ အတိုင်း အားထုတ်ကဲ့လား၊” “မှန်ပါ့ ဆရာတော်မိန့်သည့် အတိုင်း စိတ်ကို ရင်ညွန့်မှာ ထားပြီးအားထုတ်ပါတယ်ဘုရား”
” ထားတဲ့နေရာမှာကော နေရဲ့လား” “ မှန်ပါ့ ပထမ(၁)နာရီလောက်မှာ မနေပါဘူး၊ နောက်ပိုင်းကျမှ နေပါတယ်ဘုရား၊”
” အဲ့ဒီလို အာနာပါနကို အားထုတ်တာ တစ်နာရီလောက် သမာဓိရတယ်ဆိုတာ ဇွဲမရှိပဲမရဘူး။ အဲ့ဒါ ဝီရိယပေါ့၊ သမ္မာဝါယမ လို့လဲခေါ်တယ်၊ မင်းစိတ်က လေကို ရှူတိုင်းရှူတိုင်း ရင်ညွန့်ကို ရောက်တိုင်းရောက်တိုင်း သိရဲ့လား၊” “ သိပါတယ်ဘုရား။ “
” အေး မင်း သိသိနေတာက သတိကို လက်မလွှတ်လို့ သိတာ၊ အဲ့ဒါ သမ္မာသတိ လို့ခေါ်တယ်၊”
” အာနာပါနအားထုတ်နေတုန်း မင်းစိတ်ဟာ အိမ်ကို ရောက်သေးလား၊ ဘယ်ရောက်နေလဲ၊” “ ဘယ်မှမရောက်ပါဘုရား၊ ရင်ညွန့်မှာပဲ ရှိပါတယ်ဘုရား။” “ အေး အာရုံဟာတခြားကို ပြေးမသွားတာက သမ္မာသမာဓိလို့ ခေါ်တယ်၊ စိတ်ဟာ ကိုယ်ထားတဲ့နေရာမှာပဲ တည်နေတာပေါ့။”
” အေး မင်း သမာဓိတော့ရပြီ၊ ဒါပေမယ့် ဒါထက် သမာဓိကောင်းကောင်းကြီး ရဖို့ လိုနေသေးတယ်၊ ထွက်လေဝင်လေရှူတဲ့အခါ နှာခေါင်းကပဲ ရှူရမယ်၊ ပါးစပ်က မရှူရဘူး၊ နှာခေါင်းက ရှူပြန်ရင်လဲ ဘယ်ဘက်ကရှူတယ် ညာဘက်ကရှူတယ် လိုက်နေဖို့မလိုဘူး၊ သမာဓိရဖို့ပဲ အရေးကြီးတယ်၊ နှာခေါင်းက ရှူရင် ရှူတာသိရမယ်၊ ရှိုက်ရင် ရှိုက်တာသိရမယ်။”
” မင်းကို ပထမအာနာပါနအားထုတ်ခိုင်းစဉ်က စိတ်ကို ရင်ညွန့်မှာ အကပ်ခိုင်းထားတယ်၊ အခုတစ်ခါ အားထုတ်ရမှာက ( နှာသီးဖျား၊ ရင်ညွန့်၊ ချက် ) ရောက်တိုင်း ရောက်တိုင်း ဝင်လေရှူလိုက်တဲ့ အခါမှာ နှာသီးဖျားအစ ရင်ညွန့်အလယ် ချက်အဆုံး။ ထုတ်လိုက်တဲ့အခါမှာလည်း ချက်အစ ရင်ညွန့်အလယ် နှာသီးဖျားအဆုံး ထွက်တာကို သိလိုက်ရမယ်။ “
ပွတ်ကြိုးဆွဲ ယောကျ်ား ဖိုထိုးသမားလို ထွက်သက်ဝင်သက် လေကို သိနေရမယ်၊ မြန်မြန်ရှူရှိုက်ရင် မြန်တာသိရမယ်၊ ဖြည်းဖြည်းရှူရှိုက်ရင် ဖြည်းဖြည်းရှူမှန်း သိရမယ်၊ တိုရင် တိုတာသိရမယ်၊ ရှည်ရင် ရှည်တာသိရမယ်၊ ဒါပေမယ့် လေဝင်တာထွက်တာ အတန်းလိုက် လိုက်ပြီး ရှုစရာမလိုဘူး၊ လွှတိုက်ယောကျ်ားလို လွှသွား သွားရာကိုလိုက်မရှုပဲ လွှသွားထိရာကိုသာ စိတ်ထားသည့် နေရာကိုသာ (နှာသီးဖျားမှာထားရင် နှာသီးဖျားကိုသာ) ထွက်လေဝင်လေ သိရမယ်၊ ရှုရမယ်။”
” ဒီလိုအားထုတ်ပြီးအသိလိုက်သွားရင် အာရုံတခြားထွက်မသွားပဲ သမာဓိကောင်းကောင်းကြီး ရနိုင်တယ်၊ နောက် အလေ့အကျင့် ကောင်းကောင်းရသွားရင် (၁၅)မိနစ်လောက်နဲ့ သမာဓိ ထူထောင်နိုင်ရမယ်။”
” မင်း သိဖို့ရာက မင်း အခု ရှူရှိုက်နေတာက ရုပ်၊ ဒီ ရှူရှိုက်တာကို သိတာက နာမ်၊ အဲ့ဒီလို ရုပ်နာမ်နှစ်ပါးပိုင်းခြားသိတဲ့အခါ နာမရူပပရိစ္ဆေဒဉာဏ်၊ ဝိသုဒ္ဓိလိုပြောရင် ဒိဋ္ဌိဝိသုဒ္ဓိ တစ်ပေါင်းတည်းဖြစ်လာတယ်။”
” မင်း ကမ္မဋ္ဌာန်းဝင်တဲ့အခါ သတိထားဖို့ရာက
(၁) အာရုံနဲ့ သိမှတ်တဲ့ စိတ် ၂မျိုးမှတ်ထားရမယ်။
(၂) အာရုံနဲ့ သိမှတ်စိတ်ဟာ တည့်တည့်နေအောင် ရှုရမယ်။
(၃) အာရုံထဲက စိတ်ထွက်မသွားအောင် သတိပြုရမယ်။
(၄) ကမ္မဋ္ဌာန်းဝင်တဲ့အခါ စိတ်က ဘာတစ်ခုမှ မစဉ်းစားနဲ့၊ ဘာအာရုံမှ ဝင်မလာစေနဲ့၊ မင်းဟာစိတ်တစ်လုံးကို နိုင်အောင်ဆုံးမနိုင်ရင် ကိလေသာနူနာ အမြစ်ပြတ်နိုင်တယ်၊ “
” မင်း စိတ်ကိုနိုင်အောင် ဒီလိုဆုံးမ၊ ငါ ဥပမာပြောမယ်၊(၁) နွားကျောင်းသားဟာ နွားရိုင်းကို ဆုံးမချင်ရင် ချည်တိုင်ကို ခိုင်ခိုင်စိုက်၊ နွားရိုင်းကို နဖားကြိုးထိုး၊ ချည်တိုင်မှာ မြဲမြဲချည်ပြီး ဆုံးမသလိုပဲ မင်းရဲ့ ကမ္မဋ္ဌာန်းအာရုံတည်းဟူသော ချည်တိုင်မှာ နွားရိုင်းနဲ့တူတဲ့ စိတ်ရိုင်းကို ကြိုးနဲ့တူတဲ့ သတိတရားဖြင့် တင်းတင်းကျပ်ကျပ်ချည်ပြီး ဆုံးမရမယ်၊ မင်းစိတ်ကို ဒီအတိုင်းဆုံးမ။”
” (၂) ကဲကွာ မင်းကို နောက်တစ်မျိုးထပ်ပြောရအုံးမယ်။
အပေါက်ခြောက်ပေါက်ရှိတဲ့ တောင်ပို့ကြီးမှာ ရှိနေတဲ့ ဖွတ်ကို အမိဖမ်းချင်ရင် အပေါက်ငါးပေါက်ကို လုံအောင်ပိတ်လိုက်ပါ၊ ကျန်နေတဲ့ တစ်ပေါက်ကနေပြီး စောင့်ဖမ်းရင် ဒီဖွတ်ကို အမှန်ဖမ်းမိသလို မင်းရဲ့ မျက်စိ နား နှာခေါင်း လျှာ ကိုယ် ငါးပေါက်ကိုပိတ်ပြီး ကျန် မနောစိတ်ဆိုတဲ့ အပေါက်က စောင့်ဖမ်း၊ မင်းရဲ့ ဖွတ်နဲ့တူတဲ့စိတ်ကို မိရောပေါ့။”
” ကဲ ကဲ ဒါတွေထားအုံး သမာဓိကိုပဲ ကောင်းကောင်းရအောင် အားထုတ်ချေဦး၊ ပြီးရင်အိပ်တော့။”
နောက်တစ်နေ့ “ မောင်ကျော်သိန်း မင်းဘယ်အချိန်ကစပြီး တရားထိုင်သလဲ၊ ဘယ်အချိန်မှာ တရားချသလဲ။” “ တပည့်တော် ၁၁-နာရီခွဲကနေ ၁-နာရီအထိ ထိုင်ပါတယ်ဘုရား။ “
” သမာဓိကော ကောင်းကောင်းရရဲ့လား။” “ မှန်ပါ့ ခပ်ကျဲကျဲပဲ ရပါတယ်ဘုရား။ “
” ဘာ့ကြောင့် ခပ်ကျဲကျဲပဲ ရတာလဲ။” “ မှန်ပါ့ ထိန မိဒ္ဓ ဝင်ပါတယ်ဘုရား။”
***” မင်းတယ်ရှော်တာကိုး၊ အဲဒါ မင်း ဝီရိယလွန်တာပဲ၊ ဝီရိယလွန်တော့လဲ ထိနမိဒ္ဓဝင်တာပဲ၊ အဲ့ဒီအချိန် မင်း ထိုင်တဲ့ ဣရိယာပုထ်ကို ဖျက်ပြီး လမ်းလျှောက်ရင်း အားထုတ်ရတယ်။ “
***” အာနာပါနကမ္မဋ္ဌာန်း အားထုတ်စ ယောဂီများအတွက်တော့ ဣရိယာပုထ် ပြောင်းနိုင်ပါတယ်၊ နောက် သမာဓိအားကောင်းလာတော့ ဣရိပုထ်မပြောင်းပဲ ထိနမိဒ္ဓ ဝင်လာရင် နိုင်အောင်ရှုနိုင်ရမယ်။” “ ဘယ်လိုလုပ် ရှုရမှာလဲဘုရား၊ အိပ်ချင်လာရင် ဣရိယာပုထ် မဖျက်ပဲနဲ့ မရှုတတ်ပါဘုရား”
” မင်း အိပ်ချင်လာတော့ အသက်ရှူမြန်ပြီး ပြင်းလာသလား နှေးပြီးပျော့လာသလား “ “ နှေးပြီးပျော့လာပါတယ် “
” အေး အသက်ရှူနှေးလာပြီး ငိုက်လာမယ်၊ ငိုက်လာလို့ရှိရင် သတိရှိသေးလား၊ သတိလက်လွတ်နေသလား။” “ သတိလက်လွတ်နေပါတယ်ဘုရား”
” သော သတောဝ အဿသတိ, သတောဝ ပဿသတိ” လို့ မဟာသတိပဋ္ဌာနသုတ်မှာ ဟောတော်မူတယ်၊ အာနာပါနကို အားထုတ်သော အာဒိကမ္မိကယောဂီ (ခုမှစအားထုတ်သူ) ပုဂ္ဂိုလ်ဟာ သတောဝ-သတိရှိ၍သာလျှင် သတိပညာနှင့် သိလိုက်၍သာ၊ အဿသတိ- ထွက်သက်ရှူရမည်၊ သတောဝ- သတိရှိ၍ သာလျှင်၊ ပဿသတိ- ဝင်သက် ရှိုက်ရမည်တဲ့၊ မင်းကသတိလက်လွတ်တော့ တရားအားထုတ်နေတဲ့လူ မဟုတ်တော့ဘူး၊ 'သတိ အဝိဟန္တော'- သတိကို ဘယ်အခါမှ လက်မလွှတ်ရဘူး။” “ တပည့်တော် သတိလွတ်နေပါတယ်ဘုရား “
*** “ အေး ဝင်လေကို ဝအောင်ရှူ၊ ရှူသလောက် ထွက်သက်ကို ထုတ်ပစ်၊ ဒီနည်းနဲ့ လုပ်မယ်ဆိုရင် သိပ်မပင်ပန်းပဲနဲ့ ထိနမိဒ္ဓရော ဝိတက်ပါ ငြိမ်းမယ်၊ သတိတော့ ဘယ်တော့မှ လက်လွှတ်လို့မရဘူး၊ (၁၀)မိနစ် (၁၅)မိနစ်လောက်လုပ်ရင် ရနိုင်ပါတယ်။ “
*** “ မင်း အာနာပါန အားထုတ်တဲ့အခါ မင်းရဲ့ခန္ဓာကိုယ် တစ်ကိုယ်လုံးရှိ ကြွက်သားတွေ ကိုယ်လက်အင်္ဂါ အကြောတွေ လျှော့ထားပါ၊ ဒါမှ အသက်မှန်မှန် ရှူလို့ကောင်းမယ်၊ နည်းမှန်မယ်၊ ဘုရားရှင်က ' ပဿမ္ဘယံ ကာယသင်္ခါရံ ' ' မနှေး မမြန် မပျော့ မပြင်း မှန်မှန်ဝင်ထွက် စေရာ၏ 'လို့ ဟောတော်မူခဲ့တယ်။” “ မှန်ပါ့ အမိန့်ရှိတဲ့အတိုင်း အားထုတ်ပါမယ်ဘုရား၊ ဘာကို အထူးဂရုစိုက်ပြီး အားထုတ်ရမှာလဲဘုရား။”
” မင်း မြဲမြဲမှတ်ထား၊ ဂရုစိုက်ဖို့ရာက သတိသာလွန်တယ်လို့ မရှိတာ။ သဒ္ဓါ,ပညာ၊ သမာဓိ,ဝီရိယ တို့ကို တပြိုင်တည်း လွှတ်ရမယ်၊ တပြိုင်တည်း တညီတည်းဖြစ်အောင် အားမထုတ်နိုင်ရင် ဥဒ္ဓစ္စဖြစ်ဖြစ် ထိနမိဒ္ဓဖြစ်ဖြစ် တခုခုဝင်မှာပဲ၊ အခု အားထုတ်ခိုင်းတာက သမာဓိရရုံခိုင်းတာ၊ တခြားဘာနဲ့မှ မရောစေနဲ့အုံး။ မင်း ယာဂုသောက်ပြီး ထပ်အားထုတ်၊ ဒါမှ သမာဓိအားကောင်းမှာ။ “
ဦးကျော်သိန်း နံနက်(၆)နာရီမှ (၈)နာရီအထိ ကြိုးစားထုတ်လေသည်။ထို့နောက် (၉)နာရီတွင် တရားအစစ်ခံရာ
” ဘယ့်နှယ်လဲ မောင်ကျော်သိန်း၊ မင်း သမာဓိကောင်းကောင်းရပြီလား၊ “ “ မှန်ပါ့ ရပါပြီဘုရား”
” ဘယ်လို ဣရိယာပုထ်နဲ့ အားထုတ်သလဲ “ “ ပထမတစ်နာရီ ထိုင်တဲ့ဣရိယာပုထ်နဲ့ အားထုတ်ပါတယ်၊ ကျန်တဲ့အချိန် စင်္ကနြဲ့ အားထုတ်ပါတယ်ဘုရား “
” သမာဓိကောင်းတယ်သာ ပြောတာ မင်းရဲ့ရုပ်လက္ခဏာက သမာဓိကောင်းကောင်းရတဲ့ ရုပ်လက္ခဏာမဟုတ်သေးဘူး။” “ အရှင်ဘုရား ရုပ်လက္ခဏာကြည့်ရုံနဲ့ သမာဓိ ရ-မရ သိနိုင်ပါသလားဘုရား။”
(ဆရာတော်သည်ပြုံးလျှက်) “ ဟ မောင်ကျော်သိန်းရ သမာဓိရတဲ့ ရုပ်လက္ခဏာနဲ့ မရတဲ့ ရုပ်လက္ခဏာဟာ အပုံကြီးခြားနားတယ်ဆိုတာ နောက်တော့ ငါပြောပြမယ်။ မင်း အခု ထမင်းစား ရေးချိုးပြီး ခန္ဓာဝန်ကို ပြည့်စုံအောင်ဆောင်ရွက်၊ တရားထိုင်ချိန်ကျမှ အခင်းကြီး အခင်းလေးကိစ္စတွေ မပေါ်စေနဲ့။” ဟု မိန့်တော်မူမှ ပြီးခဲ့သော (၆)နာရီတရားထိုင်ချိန်က ယင်းကိစ္စများ မဆောင်ရွက်မိ၍ အနှောင့်အယှက် ဖြစ်ခဲ့သည်ကို စဉ်းစားမိပါသည်။
ဦးကျော်သိန်းသည် နောက်နေ့(၁၂)နာရီတွင် တရားစထိုင်ကာ နေ့(၂)နာရီတွင် ဆရာတော်ရှေ့သွားရာ
” မင်း သမာဓိကောင်းကောင်း ရပြီလား။” “ မှန်ပါ့”
*** “ အေး မင်းအခုတော့ သမာဓိရပြီ၊ ဒါပေမယ့် သမာဓိဆိုတာ ပြဒါးချိန်များလိုပဲ၊ အတက်အကျရှိတယ်၊ တရားအားထုတ်တဲ့ အချိန်မှာ တက်တယ်၊ အာရုံကြမ်းနဲ့ တွေ့တဲ့ အချိန်မှာ ကျတယ်၊ ဒါကို သေသေချာချာ မှတ်ထား။”
” အေး ဒီလောက်ဆိုရင် တော်လောက်ပြီ၊ ဒီတစ်ခါ ဝိပဿနာကိုရှူရမယ်၊ ပထမအချိန်မယ် သမာဓိအားကောင်းအောင် ထူထောင်ရမယ်၊ သမာဓိရလောက်ရင် ဝိပဿနာဘက် ပြောင်းပြီး ရှုရမယ်။”
” သမာဓိလုပ်ခိုင်းတာဟာ သမထလုပ်စေချင်လို့ ခိုင်းတာ မဟုတ်ဘူး၊ စိတ်တည်ငြိမ်ရုံ သမာဓိရရုံ လုပ်ပြီး သမာဓိရလာတဲ့အခါ အာနာပါနကိုလွှတ်ပြီး ဝေဒနာပေါ်ရာကို မလွတ်တမ်း သတိနဲ့ရှု လိုက်တော့ ရှုပါများလာရင် ဝေဒနာကို မတွေ့တော့ပဲ ဖြစ်ပေါ်လာပြီး ပျက်စီးသွားတာကိုပဲ တွေ့ရမယ်၊ ဒီသုခ ဒုက္ခ ဥပေက္ခာဝေဒနာတွေဟာ အနိစ္စအဖြစ်သာ ရောက်ရှိသွားတယ်လို့ သိလိုက်ရမယ်၊ ဝေဒနာရှုတဲ့ အခါ ဝေဒနာပေါ်လာမယ်၊ နောက် ပညာနဲ့ ရှုလိုက်တော့ အနိစ္စ မမြဲတာကိုသာ တွေ့ရမယ်၊ အဲ့ဒီဉာဏ်ပေါ်ရင် ဝေဒနာချုပ်သွားပြီ၊ ဝေဒနာကျော်သွားပြီလို့ မှတ်ရမယ်၊ အဲ့ဒီဉာဏ်မပေါ်သေးရင် မပျက်သေးရင် ဝေဒနာ မချုပ်သေးလို့ မှတ်ရမယ်၊ “တရားထိုင်နေတဲ့ အားထုတ်နေတဲ့ ယောဂီဟာ ဝေဒနာကျော်သွားအောင် ချုပ်သွားအောင် အားထုတ်နိုင်ခဲ့ရင် တရားထိုင်ပြီးတဲ့ အချိန်မှာ တရားလွှတ်ပြီးတဲ့ အချိန်မှာ ခန္ဓာကိုယ် တစ်ခုလုံးဟာ ပေါ့ပါးသွက်လက်ပြီး လန်းဆန်းစွာ ရှိနေရမယ်”၊ ဒါကြောင့် ဝေဒနာကိုကျော်အောင် ရှုထားရမယ်၊ ထွက်သက် ဝင်သက် အာနာပါနသမထ လုပ်တာဟာ စိတ်မပြေးရုံ တည်ငြိမ်ရုံထိန်းထားတာ၊ နိဗ္ဗာန်ကိုတော့ မရနိုင်ဘူးဆိုတာ သတိပြုပါ။”
” ဝိပဿနာဆိုတာက ပညာလမ်း၊ စိတ်ညွတ်ပြီး ရုပ်နာမ်လက္ခဏာ ဖြစ်ပေါ်လာတာတွေကို ဆင်ခြင်တာပါပဲ၊ ယခုလက်ရှိ ခန္ဓာကြီးဟာ ပဋိသန္ဓေမှစပြီး သေသည့်တိုင်အောင် မပြက်မစဲ ထပ်တလဲလဲ ဖြစ်ပျက်နေကြတယ်၊ အနိစ္စ ဒုက္ခ အနတ္တလက္ခဏာရေး သုံးပါးတို့သာ မုချဧကန်ဖြစ်ပျက် နေကြပါလားလို့ သိမြင်ရမယ်။”
” ရုပ်နာမ်နှစ်ပါးတို့ကား မမြဲ ဆင်းရဲ ငါလည်းမဟုတ် နာမ်ရုပ်တွေ အနတ္တတွေဟု ထင်မြင်မှုများလာတဲ့အခါ ဖြစ်လိုက် ချုပ်လိုက်နဲ့ ချုပ်ချုပ်နေကြတာ အပျက်တစ်ခု, နောက်အဖြစ် တစ်ခု အပျက်တစ်ခု တွေ့မြင်တဲ့အခါ ဥဒယဗ္ဗယဉာဏ် ရောက်တယ်လို့ မှတ်ရမယ်၊ ရှင်းလား”
” တရားမထိုင်ခင်က အသိဉာဏ်နဲ့ ဒီလိုရှင်းမထားရင် ခရီးရောက်မှာ မဟုတ်ဘူး၊ အဲ့ဒီတော့ ဒိဋ္ဌိ ဝိစိကိစ္စာကို ထပ်ပြီး ပယ်ရအုံးမယ်၊ မောင်ကျော်သိန်း မင်းသောတာပန် ဖြစ်ချင်ရင် ဘာ အရင်ပယ် ရမလဲ။” “ ဒိဋ္ဌိ ဝိစိကိစ္စာကို အရင်ပယ်ရပါမယ်ဘုရား”
” ဒိဋ္ဌိဝိစိကိစ္စာဆိုတာ ဘယ်မှာကပ်နေလဲ။” “ မသိပါဘုရား”
” ဒိဋ္ဌိဝိစိကိစ္စာဆိုတာ ခန္ဓာငါးပါးမှာ ကပ်နေတယ်၊ ငြိနေတယ်။” “မှန်ပါ့”
” အဲဒီခန္ဓာငါးပါးက ဘယ်ကဖြစ်လာတာလဲ၊ ဘယ်လိုလုပ်ပြီး ဖြစ်ပျက်နေတာလဲ ဆိုတာ မသိလို့ရှိရင် ခုတင်ကပြောတဲ့ ကပ်နေတဲ့ တွယ်နေတဲ့ ငြိနေတဲ့ ဒိဋ္ဌိဝိစိကိစ္စာ ဘယ်လိုနည်းနဲ့မှ မကွာနိုင်ဘူး မပယ်နိုင်ဘူး။”
ခန္ဓာရဲ့ဖြစ်ကြောင်းချုပ်ကြောင်းကို မသိခဲ့လို့ရှိရင် ဒိဋ္ဌိက ကပ်နေအုံးမှာပဲ၊ အဲ့ဒါကြောင့် ခန္ဓာငါးပါးကို သိချင်ရင် ပဋိစ္စသမုပ္ပါဒ်ကို အရင်သိအောင်လုပ်၊ သွား ငါ့အခန်းထဲက ပဋိစ္စသမုပ္ပါဒ်ပုံစံ ကဒ်ပြား သွားယူ။”
ဆရာတော်မှ ပဋိစ္စသမုပ္ပါဒ်ကိုသင်ပေးပါသည်။
” ဒိဋ္ဌိဝိစိကိစ္စာ ဘယ်မှာကပ်သလဲဆို ခန္ဓာငါးပါးမှာ ကပ်တယ်၊ ဒါဘယ်သူ့ဆံပင်လဲ ဆိုရင် ငါ့ဆံပင်လို့ မင်းဖြေမှာပဲ၊ ဆံပင်ဆိုတဲ့ ရူပက္ခန္ဓာမှာသွားခိုတယ်၊ ငါလက်ဖက်ရည်သောက်လို့ ကောင်းလိုက်တာဆိုရင် ဝေဒနာက္ခန္ဓာသွားခိုတယ်၊ ဒီစာကြောင်းလေး ငါရေးထားတယ် ငါမှတ်ထားတယ်ဆိုရင် သညာမှာသွားခိုတယ်၊ ငါရက်ကန်းခတ်တာ ရှာမှရှားဆိုတာ သင်္ခါရက္ခန္ဓာမှာ ငါသွားခိုတယ်၊ ငါ့စိတ်မစမ်းနဲ့ ဆိုတာ ဝိဉာဏက္ခန္ဓာမှာ ငါသွားခိုတယ်၊ ဒါတွေဟာ ခိုစရာ ကပ်စရာဌာန ဆိုတာသဘောကျပလား။” “ ကျပါပြီဘုရား။”
” ပဋိစ္စသမုပ္ပါဒ်ဖြစ်ကြောင်းကိုလဲ နားလည်မှ ပဋိစ္စသမုပ္ပါဒ်ချုပ်ကြောင်းကိုလဲ နားလည်မှ ဒိဋ္ဌိရော ဝိစိကိစ္ဆာရော ကွာမယ်၊ ခန္ဓာဖြစ်ကြောင်းမသိရင် ဒိဋ္ဌိဝိစိကိစ္ဆာ ကပ်မယ်၊ ခန္ဓာဖြစ်ကြောင်းကို သိရင် ဒိဋ္ဌိဝိစိကိစ္ဆာ သေမယ်။”
” အကြောင်းနဲ့ အကျိုးပဲရှိတယ်လို့ သိသွားရင် ဒိဋ္ဌိဝိစိကိစ္ဆာ သေသွားပြီ။ ပုဂ္ဂိုလ်သတ္တဝါ ရှိသေးလား၊” “ မရှိတော့ပါဘုရား “
” မင်း အလုပ်ခွင်ဝင်ရမယ့် ပဋိစ္စသမုပ္ပါဒ်က ပစ္စုပ္ပန်ပဋိစ္စသမုပ္ပါဒ်ပဲ၊ ခုမြင်တဲ့အခိုက် ကြားတဲ့အခိုက် ပေါ်တဲ့ပဋိစ္စသမုပ္ပါဒ်။ ခု တရားထိုင်တဲ့ အချိန်မှာ ပစ္စုပ္ပန်တည့်တည့်ရှုဖို့ရာ အရေးကြီးတယ်၊ အတိတ်လဲ ပြန်မစဉ်းစားနဲ့၊ အနာဂါတ်လဲ လှမ်းမမျှော်နဲ့၊ ဖြစ်တုန်း ဖြစ်ဆဲ စောင့်ကြည့်ဖို့ပဲ။”
” မင်းက ငါငယ်ငယ်ကရုပ်က ခုကြီးလာတော့လဲ ဒီရုပ်ဒီရည်ပဲဆိုရင် သဿတဒိဋ္ဌိ ဖြစ်နေတယ်၊ သေရင်ပြီးတာပဲလို့ ယူရင် ဥစ္ဆေဒဒိဋ္ဌိဖြစ်နေတယ်၊”
” အပျက်သိရင် သဿတဒိဋ္ဌိစင်တယ်၊ အဖြစ်သိရင် ဥစ္ဆေဒဒိဋ္ဌိ စင်တယ်။ အေး ဒါက အသိနဲ့ စင်ရုံရှိသေးတယ်၊ ရှင်းလား၊ ရုပ်နာမ်ကို ငါစွဲမစွဲနဲ့။” “ မှန်ပါ့”
” ကဲဒီလောက်ဆို တော်လောက်ပြီ၊ မင်း ဆိတ်ငြိမ်တဲ့ နေရာသွားပြီး အလုပ်ထိုင်ပါ၊ သမထကိုတော့ သမာဓိ ကောင်းကောင်း ရအောင် အားထုတ်ပေါ့၊ ခန္ဓာကိုယ်ကို တည့်တည့်ထိုင်ပါ၊ ဝင်လိုက် တာလဲသိ ထွက်လိုက်တာလဲ သိ၊ သမာဓိအား ကောင်းလာလိမ့်မယ်၊ အဲ့ဒီအချိန်မှာ ဝီရိယကိုလည်း အလျှော့မပေးရဘူး၊ သတိနဲ့ ပညာလည်း တပါတည်း ကပ်လိုက်ပါ၊ ခန္ဓာကိုယ်ကြီးဟာ ဖောက်ပြန်ပြီး ဝေဒနာတွေ ပေါ်လာလိမ့်မယ်၊ ပေါ်လာတဲ့ ဝေဒနာကို ကျော်အောင်ရှုပါ၊ စိတ်ကို ရှုရင်လဲ စိတ်တွေကိုသိလိုက်ပါ၊ ဒီလိုသိနေတဲ့ကြားထဲက အသံတစ်ခုခု ကြားလိုက်ရင်လဲ ကြားလိုက်ပြန်ပြီဟု သိလိုက်ပါ။”
” အေး သိပြီးရင် မင်းအသိဉာဏ်က ဘဝင်ဟဒယဝတ္ထုမှာ ရှိတယ်လို့မှတ်၊ ဘဝင်အသိဉာဏ်က နေပြီး လေကိုသွင်းတဲ့စိတ် လေကိုထုတ်တဲ့စိတ် အမြဲရှုနေပါ၊ အဲ့ဒါ အိမ်သည်စိတ် ၂-ပါးလို့မှတ်၊ နောက်ဒီလိုရှုနေရင် အသံကြားလိုက်ရင် ကြားစိတ်၊ နှာခေါင်းက အနံ့အသက် နံရင် နံစိတ်၊ လျှာပေါ်မှာ စားစိတ်၊ မျက်စိဖွင့်လိုက်ရင် မြင်စိတ်၊ ကိုယ်ပေါ်မှာ တစ်ခါတစ်လေ တွေ့ထိရင် ခံသာတဲ့စိတ်၊ တစ်ခါတစ်လေ မခံသာတဲ့စိတ်ပေါ်တယ်၊ အားလုံး ခြောက်မျိုးပေါ်မယ်၊ “
” အဲ့ဒီ ခြောက်မျိုးဟာ အမြဲပေါ်နေလား၊” “ မပေါ်ပါဘုရား “
” တစ်ခါတလေမှပေါ်တော့ အပြင်ဧည့်သည်ခြောက်ယောက်လို့ မှတ်ပါ။ အိမ်သည်စိတ်ကို ရှုနေရင်း ခြင်ကိုက်လိုက်လို့ မခံသာတဲ့စိတ် ယားတဲ့စိတ်ပေါ်ရင် အဲ့ဒီ ယားတဲ့စိတ်ကို ရှုပါ။”
” နောက် လောဘစိတ်၊ ဒေါသစိတ်၊ မောဟစိတ်၊ အလောဘစိတ်၊ အဒေါသစိတ် ဒီငါးခုက ဟဒယဝတ္ထုပေါ်မှာပေါ်လို့ အတွင်းဧည့်သည်ငါးယောက်လို့မှတ်၊ အမောဟစိတ်ကို မထည့်ဘူး၊ သူကပေါ်သမျှ ရှုရမယ့်စိတ် ဖြစ်နေလို့ပဲ၊ ဒီဧည့်သည် တစ်ဆယ့်တစ်ယောက်ထဲက ပေါ်ရာကိုရှုပါ၊ တစ်ခုပေါ်ရင် ကျန်တဲ့ဧည့်သည်စိတ်က မပေါ်ပါဘူး၊ ပေါ်တာကိုရှုပါ။”
” ကောင်းပြီ ဒါတွေဘာမှမပေါ်လို့ရှိရင် လေကိုသွင်းတဲ့စိတ် လေကိုထုတ်တဲ့စိတ် ဒီစိတ်နှစ်ပါးကို အမြဲမပြတ်ရှုနေရုံပဲ၊ ဒီစိတ်နှစ်ပါးက အိမ်သည်စိတ်လို့မှတ်။”
***” နောက်တစ်နည်းက မင်းတို့လို တရားအားထုတ်တဲ့ ယောဂီများဟာ ပင့်ကူများလို အမြဲကျင့်သုံးရမယ်၊ ပင့်ကူများဟာ သူ့ဒွါရက အမျှင်လေးတွေထုတ်ပြီး ကွန်ယက်အဝိုင်းကြီး ပင့်ကူအိမ်ဖွဲ့လုပ်ထားပြီး အလယ်ဗဟိုချက်ကစောင့်ရင်း ပေါ်ရာကို လာသမျှပိုးမွှားမိရာကို လိုက်စားပြီးရင် အလယ်ဗဟိုချက်ပြန်ထိုင်သလိုပဲ ဘာမှမမိသေးရင် အလယ်ဗဟိုမှာထိုင်ပြီး ပိုးမွှားများကို စောင့်နေသလို မင်းတို့ကလဲ ဘာမှမပေါ်သေးရင် ထွက်လေဝင်လေကို ပြန်ရှုပါ။”
” စိတ်ကိုရှုတဲ့အခါ မထိုင်ခင် ပထမတရားထိုင်တော့မယ်လို့ စိတ်ကူးလိုက်ရင်ပဲ အရင်းဆုံး ထိုင်ချင်တဲ့စိတ်ပေါ်လာမယ်၊ အဲ့ဒီပေါ်လာတဲ့ ထိုင်ချင်တဲ့စိတ်လေးကို ရှုလိုက်ပါ၊ ဖြစ်ပေါ်လာပြီး ပျက်သွားတာကို တွေ့ရမယ်၊ ကိုယ့်သန္တာန်မှာ ပေါ်တဲ့ ထိုစိတ်လေးဟာ ထိုင်လဲထိုင်ရောမရှိတော့ဘူး၊ အဲ့ဒါကို ဉာဏ်နဲ့မြင်အောင်ကြည့်၊ ကြည့်တော့ ထိုင်ချင်တဲ့စိတ်ကလေးမရှိတော့ဘူးလို့ သိတယ်၊ ဒီလို သိတာ 'ယထာဘူတဉာဏ်' ပဲ။”
” ဘာမှမပေါ်ရင် ခုတင်က ပြောထားတဲ့ လေကိုထုတ်တဲ့စိတ် လေကိုသွင်းတဲ့စိတ်ကို တစ်လှည့်စီ ရှုရှုပေးပါ၊ ဒါကိုမိအောင်ရှုပေးဖို့ အရေးကြီးတယ်၊ များများရှုမိရင် မြန်မြန်တက်မယ်၊ နဲနဲရှုမိရင် အတက်နှေးမယ်၊ ရှုစိတ်ကြားမှာ ကိလေသာခိုနေရင် မရနိုင်ဘူး၊ ကိလေသာ ကြားမခိုအောင် လုပ်ပါ၊ ရှုစရာမရှိဘူးဆိုပြီး မရှုပဲနေရင် အဝိဇ္ဇာဝင်လာမယ်၊ ဒါကိုမင်းတို့ သတိထား၊ ကဲ သွားတရားထိုင်ချေတော့။”
ဆရာတော်ကြီးသင်ပေးသောဆောင်ပုဒ်။ ။
ဧည့်သည် အိမ်သည်၊ စိတ်နှစ်သွယ်၊ ကိုယ်ဝယ်အမြဲလှည့်။
အကြောင်းတိုက်ခါ၊ ပေါ်ထွက်လာ၊ စိတ်မှာဧည့်သည်နဲ့။
ရှူရှိုက်စိတ်မှာ၊ အိမ်သည်လာ၊ မှန်စွာမြဲတည်ဘိ။
ဧည့်သည်ခြောက်ယောက်၊ စိတ်ကြံပေါက်၊ လာရောက်ခိုဝင်၏။
ဧည့်သည်ထွက်ဝင်၊ သတိယှဉ်၊ ဉာဏ်မြင် ရှုမှတ်ကြည့်။
အရှုများလာ၊ ပျက်မြင်လာ၊ ပြုတ်ကွာမျိုးဒိဋ္ဌိ။
ထို့နောက် နေ့ ၂-နာရီမှ ညနေ ၄-နာရီတိုင်တရားထိုင်၊ ထို့နောက် ညနေတရားပွဲတွင် အများနှင့် ရောကာ တရားနာ၊နောက် ည ၈-နာရီတွင် ဆရာတော်ကြီးထံတွင် တရားအစစ်ခံရာ
” မင်း သမာဓိကောင်းကောင်းရရဲ့လား။” “ ရပါတယ်ဘုရား၊ အလင်းရောင်လဲ မြင်ရပါတယ်ဘုရား။”
” အို .. ဒါတွေ ဂရုမစိုက်ပါနဲ့၊ ဒီလိုသမာဓိရလာရင် ပညတ်နိမိတ် အာရုံအမျိုးမျိုး ပရမတ်နိမိတ် အာရုံအမျိုးမျိုးကို တွေ့မြင်ရမယ်၊ ဒါတွေကို ဆက်မလိုက်နဲ့။” “မှန်ပါ့”
” ဝေဒနာကော တွေ့ရဲ့လား။” “ တွေ့ပါတယ်ဘုရား။ “
” ဘယ်လိုတွေ့တာလဲ။” “ ကြာကြာဖိထိုင်လိုက်တော့ ထုံကျင်ကိုက်ခဲ လာပါတယ်ဘုရား။” “ အဲ့ဒါကို မင်းဆက်လိုက်သလား။” “ လိုက်ပါတယ်ဘုရား။ “
” မင်းဟာက ဝေဒနာကို တမင်တကာ လုပ်ယူသလို ဖြစ်နေတယ်၊ ထိုင်နည်းလိုသေးတယ်။”
” မှန်ပါ့၊ တပည့်တော် ထိုင်ပုံထိုင်နည်း သေသေချာချာ မသိသေးပါဘုရား။”
***” ထိုင်တဲ့အခါ တင်ပလ္လင်ခွေ ထိုင်ပါ၊ ခါးကို ဖြောင့်ဖြောင့် မတ်မတ်ထား၊ ရှေ့လည်းမငိုက်နဲ့၊ ဘေးလည်း မစောင်းနဲ့၊ ခေါင်းကလည်း ဘယ်ဘက်မှ မစောင်းနဲ့၊ မင်း ခါး အထက်ပိုင်း ကိုယ်ကြီးဟာ ရှေ့နောက်ဘေး ယိမ်းယိုင်နေရင် အရိုးအဆစ်တွေ အဆက်ချင်း တည့်တည့်မနေတဲ့ အတွက် မကြာခင် နာလာလိမ့်မယ်၊ ဝေဒနာကိုတွေ့ဖို့ရာထားအုံး၊ သမာဓိကို ရအောင်တောင် မထိုင်နိုင်ပဲ နေမှာစိုးရတယ်၊ ခါးအောက်ပိုင်းကလည်း သိပ်တင်းကျပ်ပြီး ခြေထောက် ချင်း ဖိမထားရဘူး၊ ဖိထားခဲ့လို့ ရှိရင် သွေးလွှတ်ကြော သွေးပြန်ကြော ကိုက်ခဲလာမယ်၊ ဒီတော့ ထိုင်နည်းမမှန်ရင် ဝေဒနာကို တမင်လုပ်ပြီး ယူရာကျတယ်၊ ဒီအချက်တွေဟာ မင်းတို့လို တရားထိုင်စ ယောဂီ တွေအတွက် အရေးကြီးတယ်။”
” ဝင်သက်ထွက်သက်ကို မှန်မှန်ရှူရှိုက်ရမယ်၊ သိပ်ပြင်းပြင်း ထန်ထန် မြန်မြန်ဆန်ဆန် ရှူရှိုက် လိုက်လို့ရှိရင် ကိုယ့်ကိုယ်ကို ညှင်းဆဲရာကျမယ်၊ မင်းအခု နှာခေါင်းက ဝင်သက်ရှူလိုက်တဲ့အခါ လေထဲမှာရှိတဲ့ တေဇောဓာတ် အသက်ရှူရာမှာ ပါသွားပြီး အာခေါင် အပေါက်နားက အဆုတ် လေသွင်းပြွန်ထဲ ရောက်ပြီး ညာဘက် အဆုတ်ကို လေပြွန်တစ်ချောင်း၊ ဘယ်ဘက်အဆုတ်ကို လေပြွန် တစ်ချောင်း ခွဲဝင်ရတယ်၊ နောက်ဆုံး အဆုတ်မှာရှိတဲ့ လေအိတ် ငယ်ကလေးပေါင်း များစွာရှိတဲ့ နေရာ ရောက်တဲ့အခါ ခန္ဓာကိုယ် သက်ဆိုင်ရာကို အပူခွန်အား တေဇောဓာတ် ရရှိတယ်၊ ဒါကြောင့် အဆုတ်ရောက်အောင် အသက်ရှူလိုက်တဲ့ အခါတိုင်း အဆုတ်ဟာ ကျယ်ပြန့်သွားနိုင်အောင် ခန္ဓာကိုယ် အထက်ပိုင်းကို တရားထိုင်တဲ့အခါ တည့်တည့်မတ်မတ် ထားရမယ်။ အဲ့ဒီလိုထားရင် အဆုတ်လေအိတ် လေးတွေ လေပြည့်နေမှ မိမိတို့ခန္ဓာကိုယ်ကြီးက နာရီများများ တရားထိုင်နိုင်မယ်၊ အဆုတ်ကို လေအပြည့် မသွင်းနိုင် မထုတ်နိုင်ရင် မောလာမယ်၊ ပန်းလာမယ်၊ ဒီအချက်ဟာ တရားထိုင်တဲ့ ယောဂီများ အတွက် အရေးကြီးတယ်။” “ မှန်ပါ့”
” မင်းတို့ တစ်ခါရှူလိုက်ရင် နှလုံးဟာ လေးကြိမ်လေးခါ လှုပ်ရှားရမယ်၊ ညှစ်ထုတ်ရမယ်၊ တစ်မိနစ်မှာ (၁၆)ကြိမ်မှ (၁၈)ကြိမ် အထိ အသက်ရှူရ ရှိုက်ရတယ်၊ နှလုံးက ၆၄-မှ ၇၂-ကြိမ်ထိ လှုပ်ရှား ညှစ်ထုတ်ရတော့ အသက်ကိုအလွန်အမင်း ပြင်းပြင်းထန်ထန် ရှူလိုက် ရှိုက်လိုက်ရင် နှလုံးဟာ ဘယ်လောက်အလုပ်များပြီး ပင်ပန်းမလဲ၊ တရားမရပဲ ရောဂါရဖို့သေချာတယ်။”
” တရားအားထုတ်တဲ့ ယောဂီဟာ ဒုက္ခခပ်သိမ်း ကင်းငြိမ်းတဲ့ နိဗ္ဗာန်ကို ရောက်ချင်လို့ အားထုတ်တာ၊ သိပ်အပင်ပန်းခံ အားထုတ်လို့ ရှိရင် မရနိုင်ကြောင်းကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးက 'ငါဘုရားသည်ပင် ဒုက္ကရစရိယ ကျင့်စဉ်က အလွန်ပင်ပန်းတဲ့အကျင့်ကို ကျင့်ပါလျက်နဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို မရခဲ့ဘူး' လို့ ဝန်ခံထားတယ်၊ ဒါကြောင့် မဇ္ဈိမပဋိပဒါ အလယ်အလတ်ပဲ ကြိုးစားရမယ်။”
” တို့ရဲ့ ဒီနှလုံးဟာ လက်သီးဆုတ်ပမာဏရှိတယ်၊ အဆင်း ကတော့ နီခြောက်ခြောက်ရှိပြီး အတွင်းမှာ အခေါင်းကြီးရှိတယ်၊ ဒီအခေါင်းအတွင်းမှာ တစ်ဆုတ်စာလောက် အသစ်အသစ်ဖြစ်နေတဲ့ နှလုံးသွေးနီ တေဇောဓာတ်ရှိနေတယ်၊ အဲ့ဒီနှလုံးသွေးကို ဟဒယ ဝတ္ထုရုပ်က မှီနေရတယ်၊ ဒီဟဒယဝတ္ထုရုပ်ဟာ မနောဓာတ် မနော ဝိညာဏဓာတ် စိတ်စေတသိက်တို့ရဲ့ တည်ရာဌာနပဲ၊ မနောဝိညာဏ ဓာတ် စိတ်တွေက ခိုင်းလို့ တို့ရုပ်တွေက လိုက်လုပ်နေရတယ်။”
” စိတ်စေတသိက်တွေရဲ့ အစွမ်းကြောင့် နှလုံးသွေးဟာ အဆင်း အမျိုးမျိုးဖြစ်ရတယ်၊ ရာဂအားကြီးရင် နီရဲရဲ၊ ဒေါသအားကြီးရင် မဲပုတ်ပုတ်၊ မောဟအားကြီးရင် အမဲသားဆေးထားတဲ့ရေလို နီကျဲကျဲ ဖြစ်လာတယ်။ ဝိတက်အားကြီးတဲ့အခါ ပဲပိစပ်ပြုတ်ရေလို နီနောက် နောက်၊ သဒ္ဓါအားကြီးရင် ဝါဖြော့ဖြော့ကနေ အဖြူရောင်သန်းလာတယ်၊ ပညာအားကြီးရင်တော့ ဆွတ်ဆွတ်ဖြူရာကနေ မှန်ကဲ့သို့ ကြည်လင် လာပြီး မဏိဇောတပတ္တမြားလို အလင်းရောင်တွေ တောက်ပလာတယ်။”
” ဒီနှလုံးက ညှစ်လွှတ်လိုက်တော့ ဗဟိုသွေးကြောကနေ တကိုယ်လုံး ပျံ့နှံ့သွားတော့ ဒေါသဖြစ်နေတဲ့ သူဟာ မဲပုတ်ပုတ်သွေး တွေ တကိုယ်လုံးပျံ့နှံ့သွားတယ်။”
” ဘုရား ရဟန္တာများကျတော့ နှလုံးသွေးဟာ အထူးကြည်လင် နေလို့ ကိုယ်ရောင်ကိုယ်ဝါတွေ တောက်ပပြီး ရောင်ချည်တော် လွှတ်တဲ့အထိ ဖြစ်ရတယ်။”
” စိတ်ဟာနှလုံးသွေးကို မှီနေတယ်၊ နှလုံးသွေး ဖောက်ပြန်ရင် စိတ်လဲ ဖောက်ပြန်လာတယ်၊ မင်းတို့ရဲ့ ခန္ဓာကိုယ်တစ်ကိုယ်လုံး ထိန်းချုပ်နိုင်အောင် နှလုံးကနေ အကောင်းဆုံးသွေးကို ဦးနှောက်ကို ပို့ပေးနေတယ်။”
” သွေးကောင်းရောက်အောင် မပို့နိုင်ရင် မူးဝေမယ်၊ မေ့မြောမယ်၊ နောက် ရူးသွားနိုင် အသက်ဆုံးတဲ့အထိ ဖြစ်နိုင်တယ်။”
” ဒါကြောင့် နှလုံးသွေးဖောက်ပြန်အောင် မလုပ်ဖို့၊ သွေးကြောကိုလဲ မထိခိုက်ဖို့ လိုတယ်၊ ကောင်းပြီ လည်ပင်းသွေးကြော နှစ်ခုကို ဖိနှိပ်ထားလိုက်ရင် နှလုံးသွေးကြောနဲ့ တစ်ဆက်တည်း ဖြစ်နေတော့ သွေးဖောက်ပြန်ပြီး ဘဝင်ကျ မေ့မြောသွားတတ်တယ်။”
***” ဒါကြောင့် တရားထိုင်ချိန်မှာ လည်ပင်းကို ရှေ့နောက် ဘေးစောင်း နေရင် အချိန်ကြာမြင့်တော့ ထိုင်းမှိုင်းတွေဝေ မေ့မြော နေ