04/06/2016
သူငယ်ချင်း များ အထောက်အကူဖြစ်မလားလို့။
၂၀၀၅ လောက်က ထင်တယ် သံဝေဂ အတု ရတယ်ပြောမလားပဲ တရားစခန်းတွေ ဝင်တာ။ာအရပ်ထဲပြောတဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ တော့ ငါလည်းသိသလိုပဲ။ တကယ်သိလားဆိုတော့လည်း သိရင် လွတ်မြောက်တာကြာပေါ့။ အကျိုးတော့ မမဲ့ပါဘူး။ စိတ်တော့အတော်ငြိမ်လာတယ်။ အကုသိုလ်တွေ လျော့လျော့လာတယ်။ ဒါပေမယ့် တခုခု လိုနေတာသိတယ်။ အဲဒါနဲ့ နောက်ဆုတ်သွားပြန်ရော။ လောဘ ဒေါသ အကုသိုလ်တွေနဲ့ လုံးနေပြန်ရော။
နေ့စဉ် ဘဝမှာ သတိကို ကပ်နိုင်သလောက် မကပ်ပဲ တရားစခန်းကျမှ ဇွတ်ကပ်လိုက်တဲ့ အခါ အရမ်းပင်ပန်းတယ်။ ပြီးတော့ ထိရောက်သင့်သလောက် မထိရောက်ဘူး။ တရားထိုင်ဖို့ ရုပ်၊ နာမ်၊ အာယာတန၊ဓာတ် မသိပဲလည်း သူများပြောတာ လိုက်လုပ်ရုံ ဖြစ်နေမှာပဲ။ အဲတော့ တရားနာ တရားကို အရင်သင်က စသင့်တယ်မလားဆိုပြီး ကိုယ်ဆရာ ကိုယ်တပည့်ပဲ။
နောက်ပြီး ကျွေးသစ်ကိုတော့ မချဘူး။ အပြီးပိတ်ထားတယ်။ ကိုယ်တတ်နိုင်သလောက် ကိုယ့်ကိုလိုအပ်ရင် ထောက်ပံ့ပေးမယ် ဒါပေမယ့် လုပ်ကိုလုပ်ရမယ့် တာဝန်တော့မရှိဘူး။
ကျွေးဟောင်းကြ ဆပ်ကိုဆပ်ရမယ်။ မိဘ အိုချိန်ကြမှ ပစ်ထားပြီး ကိုယ်ကတော့ လွတ်မြောက်ရာရှာလို့ မဖြစ်သေးဘူး။ ကိုယ့်အတွေးသက်သက်ပါ။ ပြီးတော့ ပိုသေချာသွားတာက အဖေသေခါနီး အဖေဟာ တရားဓမ္မနဲ့ နီးစပ်သူ နေ့တိုင်း သေခြင်းတရား နှလုံးသွင်းနိုင်သူ ဘေးလူအတွက် ပူပင်သောက မပေးတဲ့လူ။ ဒါပေမယ့် ဆေးခန်းသွားရတဲ့အခါ အဖေ့လက်ကိုကိုင်ပြီး ပို့ပေးဖို့လိုတယ်။ ရေသူ့ဘာသာ မချိုးနိုင်တော့တဲ့ အခါ ကူချိုးပေးဖို့လိုတယ်။ ထမင်းအဆင်သင့် စားနိုင်အောင် နယ်ပေးထားရတာမျိုး။ တကယ်အင်အားဆုတ်ယုတ်လာတဲ့ အချိန် ထမင်းနဲ့ ဟင်းတောင် ရောနှယ်နိုင်တော့တာမဟုတ်။
သေခြင်းဆိုတာက ကိုယ့်ဆီ အရင်ရောက်မလာနိုင်ဘူးလား။ ရောက်နိုင်တာပေါ့။ ဒါ့ကြောင့် နေထိုင်မှု ပုံစံတော့ ပြောင်းဖို့လိုပြီ။ အချိန်ပြည့် တရားမလုပ်နိုင်သေးတောင် သတိကို ကပ်နိုင်သလောက်ကပ်မယ်။ စိတ်ကောင်း စေတနာကောင်းထား စွန့်လွတ်နိုင်သလောက် စွန့် သူများလဲ မကြည့်ဘူး ကိုယ်လုပ်နိုင်သလောက်ပဲ။ လူတယောက်နဲ့တယောက် ပါရမီချင်း ဘယ်လိုမှ မတူနိုင်ဘူး။ အလုပ်မပါပဲလည်း နိဗ္ဗာန် အဝေးကြီး။ တရားကတော့ ထိုင်ကိုထိုင်ရမှာ။ အရင်ကတော့ တရားထိုင်ဆို ထိုင်ဖို့လောက် အားသန်တယ်။ ဗိုက်ခွဲလိုက်တော့ အစပိုင်း မထိုင်နိုင်ဘူး လွန်လွန်ကျွံကျွံ နာရီဝက်။ ဣိရိယာပုဒ် ပြောင်းရတာပဲ။ ရပ်နေရင်လည်း မှတ် လျောင်းနေရင်းလည်း မှတ်။
ပြောချင်တာကတော့ သူငယ်ချင်းရယ် ဒါန၊ သီလ၊ ဘာဝနာ လုပ်နိုင်သလောက်လုပ် တဖက်ကလည်း ကျွေးသစ် ကျွေးဟောင်း တာဝန်ကျေအောင်ရော၊ စားဝတ်နေရေးရော တတ်အားသလုပ်လုပ်ရမှာပဲ။
ဒီဘက်ကမ်း မစွန့်ပဲ ဟိုဘက်ကမ်းတော့ မရောက်ဘူး။ ဒီလိုဆိုတိုင်း ထိုင်ပြီးနေပြန်တော့လည်း ဘယ်ဘက်မှ ပေါက်မြောက်မှာ မဟုတ်ဘူး။
စိတ်အားငယ်ဖို့လည်း မလိုသလို စိတ်ဓာတ်ကျစရာလည်း မရှိပါဘူး။
နိဗ္ဗာန်ဟာ မတန်မရာ မဟုတ်ပါဘူး။ ပန်းတိုင်ထားပြီး မရောက်မချင်း လျှောက်ရမယ့် အရာပါ။ လျှောက်နေရင် မရောက်နိုင်စရာ မရှိပါဘူး သူငယ်ချင်းရယ် ဆက်သာလျှောက်ပါ...