27/01/2026
Bali မှာ ဆိုင်ကယ်ငှားစီးတော့မယ်ဆိုရင် ဒါလေးတွေ ကြိုသိထားဖို့ လိုပါမယ် 🛵🇮🇩
Bali ရောက်ရင် ကားငှားစီးတာထက် ဆိုင်ကယ်ငှားစီးတာက ပိုပြီးတော့ ခရီးရောက်သလို ကုန်ကျစရိတ်လည်း အများကြီး သက်သာစေပါတယ်။ ဒါပေမဲ့ နိုင်ငံခြားမှာ မောင်းနှင်ရမှာ ဖြစ်တဲ့အတွက် မငှားခင်နဲ့ မောင်းနှင်တဲ့အခါ သတိထားရမယ့် အချက်လေးတွေကို ဝေမျှပေးချင်ပါတယ် -
၁။ နိုင်ငံတကာ မောင်းနှင်ခွင့်လိုင်စင် (IDP) လိုအပ်ချက် ( မရှိရင် ရှိတဲ့ သူငယ်ချင်းကို နှစ်စီးငှါးခိုင်းပါ။)
အင်ဒိုနီးရှားမှာ ဆိုင်ကယ်မောင်းဖို့ International Driving Permit (IDP) မဖြစ်မနေ လိုအပ်ပါတယ်။ လိုင်စင်မရှိရင် ရဲဖမ်းခံရတဲ့အခါ ငွေဒဏ်အများကြီး ပေးဆောင်ရနိုင်သလို၊ မတော်တဆမှုဖြစ်ရင်လည်း Travel Insurance က လျော်ကြေးပေးမှာ မဟုတ်ပါဘူး။
၂။ ဆိုင်ကယ်ငှားရမ်းခနှင့် အမျိုးအစား🛵
Honda Scoopy/Varioက မြို့ထဲပတ်ဖို့ အဆင်ပြေဆုံးဖြစ်ပြီး တစ်ရက်ကို IDR 60,000 - 80,000 ဝန်းကျင်ပဲ ရှိပါတယ်။
Yamaha NMAX/XMAX: ခရီးဝေးသွားမယ်ဆိုရင်တော့ ဒီလိုအင်ဂျင်ပါဝါကြီးတာမျိုးက ပိုသက်သောင့်သက်သာရှိပါတယ်။
ဆိုင်ကယ်ငှားတဲ့အခါ ဆိုင်ကယ်အခြေအနေကို ဗီဒီယိုရိုက်ထားပါ။ ပြန်အပ်တဲ့အခါ အစင်းရာတွေကြောင့် ငွေပိုတောင်းခံရခြင်းကနေ ကာကွယ်နိုင်ပါတယ်။
၃။ လမ်းစည်းကမ်းနှင့် လုံခြုံရေး🚓
ဘာလီမှာက ဘယ်ဘက်ကပ်မောင်းရပါတယ်။ ဦးထုပ် (Helmet) မဖြစ်မနေ ဆောင်းပါ။ Bali မှာ ရဲတွေက ဦးထုပ်မဆောင်းတဲ့ နိုင်ငံခြားသားတွေကို အဓိကထား စစ်ဆေးတတ်ပါတယ်။
ဖုန်းကိုင်ပြီး မမောင်းပါနဲ့: လမ်းကြည့်ဖို့အတွက် Phone Holder ပါတဲ့ ဆိုင်ကယ်ကို တောင်းငှားပါ ဒါမှမဟုတ် တစ်ခုဝယ်တပ်ပါ။
၄။ လမ်းအခြေအနေ 🛣️
Bali မြို့ထဲ လမ်းတွေက ကျဉ်းပြီး ဆိုင်ကယ်အရမ်းများပါတယ်။ အထူးသဖြင့် Canggu နဲ့ Seminyak လိုနေရာမျိုးတွေမှာ သတိထားမောင်းနှင်သင့်ပါတယ်။ တောထဲဘက်ကတော့ လူလည်းရှင်းပြီး ပေါ့ပေါ့ပါးပါး မောင်းလို့ရပါတယ်။ ဒါမဲ့ သတိထားရမှာက တချို့နေရာတွေမှာ လမ်းပြင်နေဆဲ ဖြစ်ပြီး အန္တရာယ် များပါတယ်။ နာမည်ကြီးတဲ့ နေရာတွေဆိုရင်တော့ ဝင်ကြေးပေးရပါတယ်။
၅။ ဆီဖြည့်ခြင်း⛽️
ဆိုင်ကြီးတွေမှာ ဆီဖြည့်တာက ဈေးအမှန်ရသလို ဆီအရည်အသွေးလည်း စိတ်ချရပါတယ်။ လမ်းဘေးက ပုလင်းနဲ့ရောင်းတဲ့ဆီ (Pertamini) တွေကတော့ အရေးပေါ်ကိစ္စမျိုးမှာပဲ သုံးသင့်ပါတယ်။
၆။ ဆိုင်ကယ်ငှားရန် နေရာများ 🎪
နာမည်ကြီး ဆိုင်ကယ်ငှါးတဲ့ နေရာတွေ ဖြစ်တဲ့Bikago သို့မဟုတ် Bali Bike Rental တို့မှာ Online ကနေ ကြိုတင် Booking လုပ်ထားနိုင်သလို၊ မိမိတည်းခိုတဲ့ Hotel/Villa ကနေတစ်ဆင့်လည်း အလွယ်တကူ စုံစမ်းငှားရမ်းနိုင်ပါတယ်။
Bali ရောက်တဲ့အခါ အားလုံးပဲ ဘေးကင်းလုံခြုံစွာနဲ့ ခရီးသွားလာနိုင်ကြပါစေ။ 🙏
#ဂျစ်ပစီဂျူစီ