
09/06/2025
ကမ္ဘောဒီးယား တပ်တွေ ထိုင်း နယ်စပ်ကနေ ဆုတ်ခွာဖို့ သဘောတူ
ထိုင်းနိုင်ငံ Ubon Ratchathani ပြည်နယ်ရှိ အငြင်းပွားနယ်စပ်ဒေသမှ ဆုတ်ခွာပေးဖို့ ကမ္ဘောဒီးယားစစ်သားတွေ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ နှစ်နိုင်ငံ ဒေသဆိုင်ရာ စစ်ဘက်အဖွဲ့များရဲ့ ဆွေးနွေးပွဲအပြီးမှာ ဒီသဘောတူညီချက်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။ မကြာသေးခင်က ထိတွေ့ပစ်ခတ်မှုတွေနဲ့ စစ်ရေးတင်းမာမှုတွေ ဖြစ်ပွားခဲ့တဲ့ ချောင်ဘော့ (Chong Bok) နယ်စပ်ဒေသက တင်းမာမှုတွေကို လျှော့ချနိုင်ဖို့ အတွက် အခုလို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
စစ်ဘက်သတင်းရင်းမြစ်တွေရဲ့အဆိုအရ တနင်္ဂနွေနေ့ မနက် ၁၀ နာရီမှာ ကမ္ဘောဒီးယားစစ်တပ်ဘက်က နယ်စပ်ဒေသကို ကြီးကြပ်တဲ့ ထိုင်းနိုင်ငံရဲ့ ဆူရာနာရီ အထူးတပ်ဖွဲ့ (Suranaree Task Force) နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
ဆွေးနွေးညှိနှိုင်းမှုတွေအပြီးမှာ ထိုင်းနဲ့ ကမ္ဘောဒီးယား စစ်သားတွေဟာ နှစ်ဘက်စလုံး မနှစ်က တပ်စွဲခဲ့တဲ့ နေရာတွေဆီကို အသီးသီး ပြန်လည်ဆုတ်ခွာကြဖို့ သဘောတူညီချက် ရရှိခဲ့ပါတယ်။ သဘောတူညီချက်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ကမ္ဘောဒီးယားတပ်ဖွဲ့တွေဟာ အငြင်းပွားဒေသမှာ သူတို့တူးခဲ့တဲ့ ကတုတ်ကျင်းတွေကိုလည်း ပြန်လည်ဖို့ပေးရမှာ ဖြစ်ပါတယ်။ သဘောတူညီချက်ရပြီးနောက်မှာ နှစ်ဘက်တပ်ဖွဲ့ဝင်တွေဟာ သူတို့ရဲ့ အရင်တပ်စွဲခဲ့တဲ့ နေရာတွေဆီကို ပြန်လည်ရွှေ့ပြောင်းခဲ့ကြပါတယ်။
နယ်စပ်ဒေသမှာ တည်ငြိမ်မှုရှိစေဖို့အတွက် နှစ်ဘက်တပ်မတော်ကိုယ်စားလှယ်တွေဟာ အပတ်စဉ် တွေ့ဆုံသွားကြဖို့လည်း စီစဉ်ထားတယ်လို့ ဆိုပါတယ်။
ထိုင်းစစ်တပ်က စနေနေ့ညနေပိုင်းမှာ ကမ္ဘောဒီးယားနဲ့ နယ်စပ်ဖြတ်ကျော်မှုတွေကို ကန့်သတ်လိုက်ပြီး တစ်ရက်အကြာမှာ အခုဆွေးနွေးပွဲ ဖြစ်ပေါ်လာတာပါ။ ထိုင်းနိုင်ငံဘက်ကနေ ကမ္ဘောဒီးယားမှာ လောင်းကစားပြုလုပ်ဖို့ သွားသူတွေနဲ့ ကုန်တင်ကားကြီးတွေနဲ့ ပစ္စည်းပို့ဆောင်တာတွေကို ထိန်းချုပ်ကန့်သတ်ခဲ့ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တနင်္ဂနွေနေ့က ထုတ်ပြန်ချက်မှာတော့ ဒီနယ်စပ်ကန့်သတ်မှုဟာ အငြင်းပွားဒေသကနေ ရှောင်ရှားဖို့ အရင်က သဘောတူညီချက်ကို ကမ္ဘောဒီးယားတပ်တွေက ချိုးဖောက်ခဲ့တဲ့အတွက် ကမ္ဘောဒီးယားအပေါ် ချမှတ်တဲ့ အဆင့်လေးဆင့်ပါ အရေးယူမှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။ ကမ္ဘောဒီးယားတပ်တွေဟာ ချောင်ဘော့ဒေသထဲကို အစောပိုင်းက ဝင်ရောက်ပြီး ကတုတ်ကျင်းတွေ တူးခဲ့သလို မေလ ၂၈ ရက်နေ့မှာလည်း ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။
နယ်စပ်တလျှောက် ကျူးကျော်မှုတွေ ဆက်လုပ်နေမယ်ဆိုရင် လောင်းကစားသမားတွေကို တားမြစ်တဲ့အဆင့်ကနေ ကမ္ဘောဒီးယားနဲ့ နယ်စပ်ကို လုံးဝပိတ်ပစ်တဲ့အထိ တိုးမြှင့်လုပ်ဆောင်သွားနိုင်တယ်လို့ တာဝန်ရှိသူတွေက သတိပေးခဲ့ပါတယ်။
Ref : Bangkokpost
#ဘန်ကောက်လမ်းညွှန်ကိုစိုင်း