28/01/2020
စနစ်တကျ ခရီးသွားတတ်ဖို့ ... ✈
ဖုတ်ပူမီးတိုက် သွားလိုက်ရတဲ့ ခရီးတစ်ခုနဲ့
စနစ်တကျ ကြိုတင်စီစဉ်ပြီး သွားရတဲ့ ခရီးတစ်ခု ...
ဒီခရီး (၂) ခုရဲ့ အရသာနဲ့ အတွေ့အကြုံတွေဟာ ကွဲပြားခြားနားစေပါတယ်။
ကွဲပြားမှုကို ဥပမာ အနေနဲ့ပြောရရင် -
အစောကတည်းက စာကြိုကျက်ထားတဲ့ ကျောင်းသားနဲ့
မနက်ဖြန် စာမေးပွဲ၊ ဒီနေ့မှ စာ,ထကျက်တဲ့ ကျောင်းသားလိုမျိုးပါပဲ။
(၂) ယောက်စလုံး စာမေးပွဲခန်းထဲကို အတူတူ ရောက်သွားကြတာ မှန်ပေမယ့်
အခန်းတွင်း ဖီလင်ကတော့ ကွာခြားစေပါတယ်။
ဒီနေရာမှာ စနစ်တကျ၊ ကြိုတင်ပြင်ဆင် ခရီးသွားတတ်ဖို့အတွက် နည်းလမ်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။
ဒါက အကျဉ်းချုပ်ပါ။ အကျယ်တဝင့် ရှင်းလင်းချက်တွေနဲ့ ဖတ်ချင်ရင် အောက်မှာ ဆက်ဖတ်ပါ။
----------------
အဆင့် (၁) - ဘယ်နေရာကို သွားမှာလဲ ..? ဘယ်အချိန် သွားမှာလဲ ..?
----------------
၁။ "ပိုက်ဆံစုပါ။ ဘယ်လောက်သုံးမှာလဲ" ဆိုတာ စဉ်းစား၊ ဆုံးဖြတ်ပါ။
၂။ "ဘယ်နှစ်ရက် ခရီးထွက်မှာလဲ" ဆိုတာ စဉ်းစားပြင်ဆင်ပါ။
၃။ "ဘယ်အချိန် သွားမှာလဲ" ဆိုတာ စဉ်းစားဆုံးဖြတ်ပါ။
၄။ "ဘယ်လိုခရီးမျိုး သွားချင်တာလဲ" စဉ်းစား ဆုံးဖြတ်ပါ။
----------------
အဆင့် (၂) - ခရီးစဉ်အတွက် ပြင်ဆင်ပါ။
----------------
၅။ Budget သတ်မှတ်ပါ။
၆။ စီးတော်ယာဉ် အတွက် ဈေးသတ်မှတ်ပါ။
၇။ ကျောခင်းဖို့အတွက် ဈေးသတ်မှတ်ပါ။
၈။ ခရီးစဉ် လမ်းကြောင်း ဆွဲပါ။
၉။ သယ်သွားရမယ့် ပစ္စည်းစာရင်း ပြုစုပါ။
၁၀။ Passport သက်တမ်းကို စစ်ဆေးပါ။
၁၁။ Visa လိုအပ်ရင် လုပ်ထားပါ။
၁၂။ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။
၁၃။ ဘာသာစကားကို အနည်းငယ် လေ့လာထားပါ။
၁၄။ ယဉ်ကျေးမှု အလေ့အထတွေကို လေ့လာပါ။
၁၅။ Bank ကို ကြိုတင် အကြောင်းကြားပါ။
----------------
ဒါကတော့ အကျယ်တဝင့်ပါ။
----------------
အဆင့် (၁) -
ဘယ်နေရာကို သွားမှာလဲ ..? ဘယ်အချိန် သွားမှာလဲ ..?
----------------
၁။ "ပိုက်ဆံစုပါ။ ဘယ်လောက်သုံးမှာလဲ" ဆိုတာ စဉ်းစား၊ ဆုံးဖြတ်ပါ။
ခရီးထွက်ဖို့အတွက် ချမ်းသာစရာ မလိုပါဘူး။
နေ့စဉ်နေ့တိုင်း ကိုယ်တတ်နိုင်တဲ့ ပမာဏတစ်ခုကို စုဆောင်းထားခဲ့မယ် ..
တကယ်မလိုအပ်တဲ့ အသေးသုံးတွေကို ခရီးထွက်မယ့် စုဘူးထဲကို ထည့်ထားခဲ့မယ်ဆိုရင် ...
တစ်နှစ်မှာတစ်ခါ အေးအေးလူလူ ခရီးတွေထွက်နိုင်ကြမှာပါ။
မည်သူမဆိုပါ ..
ဒီနေရာမှာ ခရီးတစ်ခုသွားဖို့အတွက် အရေးအကြီးဆုံးအချက်က "ဘယ်လောက်သုံးမှာလဲ" ဆိုတာပါ။
သမုဒ္ဒရာကြီးကို ဖြတ်ကူးဖို့ ရည်စူးထားရင် ပင်လယ်ကူးနိုင်တဲ့ သင်္ဘောကြီးတစ်စင်း ဝယ်နိုင်လောက်တဲ့ ပမာဏအထိ ကြိုတင်၊ စုဆောင်းထားပါ။ ဝါးဖောင်လေးနဲ့တော့ ဖြတ်ကူးလို့တော့ မရဘူးပေါ့။
----------------
၂။ "ဘယ်နှစ်ရက် ခရီးထွက်မှာလဲ" ဆိုတာ စဉ်းစားပြင်ဆင်ပါ။
ခရီးသွားတဲ့အခါ ကိုယ့်အတွက် "လုံလောက်တဲ့ အချိန်တစ်ခု" လိုအပ်ပါတယ်။
ခဏ ရောက် ... ခဏ ပြန် ..
လုံလောက်တဲ့ စိတ်အပန်းဖြေမှုကို မရဘဲ၊ ကားပေါ်မှာပဲ အချိန်တွေ ကုန်ဆုံးသွားရတဲ့ ခရီးတစ်ခုဟာ ငွေကုန်တာပဲ အဖတ်တင်တတ်ပါတယ်။
ဒါကြောင့်မို့ ကိုယ့်အတွက် / ကိုယ့်မိသားစုအတွက် လုံလောက်တဲ့ စိတ်အပန်းဖြေမှုကို ရရှိအောင် "ဘယ်နှစ်ရက် ခရီးထွက်မယ်" ဆိုတာ ကြိုတင်စဉ်းစားပါ။
ပြက္ခဒိန်ကို စစ်ဆေးပြီး အိမ်ကနေ စထွက်မယ့်အချိန်၊ အိမ်ကို ပြန်ရောက်မယ့် အချိန်အထိ အသေးစိတ်ကို Plan A, Plan B တွေနဲ့ ကြိုတင် ပြင်ဆင်ထားပါ။
----------------
၃။ "ဘယ်အချိန် သွားမှာလဲ" ဆိုတာ စဉ်းစားဆုံးဖြတ်ပါ။
ခရီးသွားခြင်းရဲ့ ဝေါဟာရတွေထဲမှာ -
"High Season, Low Season, Shoulder Season"
ဆိုတဲ့ ရာသီ (၃) မျိုး ရှိပါတယ်။
High Season - ကြက်ပျံမကျ စည်ကားတဲ့အချိန်မျိုးပါ။ အရာရာ ဈေးနှုန်းတွေ မြင့်နေတတ်တဲ့အပြင်၊ လေယာဉ်တွေ၊ ကားတွေလည်း ထိုင်ခုံအပြည့်၊ ဟိုတယ်တွေလည်း အခန်းပြည့် ဆိုတဲ့ အချိန်မျိုး ဖြစ်ပါတယ်။
Low Season - ရာသီဥတုလည်း အဆင်မပြေ၊ ခရီးသည်လည်း နည်းတဲ့အချိန်မျိုးပါ။ ဈေးတွေချိုနေမယ်။ Promotion ဈေးတွေနဲ့ အပြိုင်အဆိုင် ပေးနေတာမျိုးရှိတယ်။ သို့ပေမယ့် ရာသီချိန် မဟုတ်တဲ့အတွက် သွားလာလည်ပတ်ရတာ အခက်အခဲတွေ၊ မပြေလည်မှုတွေ များတတ်ပါတယ်။
Shoulder Season - ဟိုမရောက်၊ ဒီမရောက် အချိန်မျိုးပါ။ High Season မတိုင်မီနဲ့ High Season ပြီးကာစ အချိန်တွေကို ခေါ်ပါတယ်။ ဒီလိုအချိန်မှာ ခရီးသည်လည်း အရမ်းမများ၊ ဈေးနှုန်းတွေလည်း အတန်အသင့်၊ ရာသီကလည်း မဆိုးလှ .. ဆိုတဲ့ အချိန်မျိုးပါ။ ပါးနပ်တဲ့ ခရီးသည်တွေဟာ ဒီလိုအချိန်မျိုးကို ရွေးချယ်ပြီး ခရီးသွားတတ်ကြပါတယ်။
ခရီးသွားရာသီ (၃) မျိုးထဲက ဘယ်လိုအချိန်မှာ ခရီးသွားမှာလဲ ဆိုတာ စဉ်းစား၊ ဆုံးဖြတ်ပါ။ ရာသီသတ်မှတ်ချက်တွေကတော့ ကိုယ်သွားမယ့် ခရီးသွားဒေသပေါ်မှာ မူတည်ပါတယ်။
----------------
၄။ "ဘယ်လိုခရီးမျိုး သွားချင်တာလဲ" စဉ်းစား ဆုံးဖြတ်ပါ။
ကမ်းခြေမှာ အပန်းဖြေချင်တာလား ...?
သဘာဝဆန်ဆန် ခရီးသွားချင်တာလား ..?
စသည်ဖြင့် ကိုယ်သွားချင်တဲ့ ပုံစံကို စဉ်းစားပါ။
သွားဖူးသူ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ တိုင်ပင်၊ ဆွေးနွေးပါ။
ဒါမှ ကိုယ့်အတွက် အသင့်တော်ဆုံး ခရီးသွားဒေသတွေကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။
----------------
အဆင့် (၂) -
ခရီးစဉ်အတွက် ပြင်ဆင်ခြင်း။
----------------
ကိုယ့်လက်ထဲမှာ ခရီးသွားဖို့ သတ်မှတ်ထားတဲ့ ပိုက်ဆံလည်း ရှိနေပြီ။
ဘယ်နေရာသွားလည်မယ်။ ဘယ်နှစ်ရက် လည်မယ်။ ဘယ်အချိန် သွားမယ်။
စတဲ့အချက်တွေကိုလည်း သတ်မှတ်ပြီးသွားပြီ ဆိုရင် ...
ခရီးစဉ်ကို ကြိုတင် ပြင်ဆင်လို့ရပါပြီ။
သုတေသန လေ့လာမှုများအရ -
ခရီးတစ်ခုသွားဖို့အတွက် ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အချိန်ကာလတွေကို ဒီလိုဖော်ပြပါတယ်။
ပြည်တွင်းခရီးတစ်ခု သွားဖို့အတွက် ရက် ၁၀၀-၅၀ (၁ လခွဲမှ ၃ လဝန်းကျင်) ကြိုတင်ပြင်ဆင်ပါ။
ပြည်ပခရီး သွားဖို့အတွက်ဆိုရင် ရက် ၁၇၁-၅၀ (၁ လမှ ၅ လ) ကြိုတင်ပြင်ဆင်ပါ။
(ဥပမာ - သင်္ကြန်ပိတ်ရက်တွေ ရှိတဲ့ ဧပြီလမှာ ခရီးသွားဖို့ စဉ်းစားထားရင် ဒီဇင်ဘာ၊ ဇန်နဝါရီ ကတည်းက ကြိုတင်ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။)
အခုအဆင့်မှာ တကယ်သွားဖို့အတွက် ခရီးစဉ် စတင် ပြင်ဆင်ပါပြီ။
----------------
၅။ Budget သတ်မှတ်ပါ။
ခရီးစဉ် စ/ဆုံး (အိမ်ကထွက် ကတည်းက အိမ်ကိုပြန်ရောက်တဲ့အထိ)
တစ်ယောက်ကို ဘယ်လောက် သုံးမယ်ဆိုတာ သတ်မှတ်ပါ။
မိသားစု ခရီးစဉ်ဆိုရင် ကလေးအတွက်ပါ ဘယ်လောက် သုံးမယ်ဆိုတာ သတ်မှတ်ပါ။
ဒါကို Budget သတ်မှတ်တယ်လို့ ခေါ်ပါတယ်။
----------------
၆။ စီးတော်ယာဉ် အတွက် ဈေးသတ်မှတ်ပါ။
ခရီးသွားတဲ့အခါ အရေးအကြီးဆုံးက စီးတော်ယာဉ်ပါ။ လေယာဉ်၊ ကား၊ ရထား၊ သင်္ဘော ... စသည်ဖြင့် စီးတော်ယာဉ် အမျိုးမျိုး ရှိပါတယ်။ ပုံစံ အနေအထားတွေ ကွဲလွဲသလို၊ ဝန်ဆောင်မှုပေါ်လိုက်ပြီး ဈေးနှုန်းကလည်း အမျိုးမျိုးပါပဲ။
ဒီလို အမျိုးအစား အများကြီးထဲကမှ ကိုယ့်အတွက် အသုံးတော်ဆုံးဖြစ်မယ့် စီးတော်ယာဉ်အတွက် ဈေးနှုန်း သတ်မှတ်ပါ။
ဥပမာ - လေယာဉ်စီးပြီး သွားရတဲ့ ခရီးဆိုရင် ..
ဈေးချိုတဲ့ လေယာဉ်မျိုး စီးမှာလား ... ပုံမှန် လေယာဉ်မျိုးတွေ စီးမှာလား ...
အိတ်တွေအများကြီး သယ်လို့ရတဲ့ Kg ပါပြီးသား လေယာဉ်မျိုးကို ရွေးချယ်မှာလား ...
စသည်ဖြင့် စီးတော်ယာဉ်အတွက် ဈေးသတ်မှတ်ပါ။
----------------
၇။ ကျောခင်းဖို့အတွက် ဈေးသတ်မှတ်ပါ။
ခရီးသွားတဲ့အခါ ဒုတိယ အရေးအကြီးဆုံးက ကျောခင်းဖို့အတွက် သတ်မှတ်ရတာပါ။
ဒါက ခရီးသွားမယ့် သူတွေအပေါ်မှာလည်း မူတည်ပါတယ်။
3* Hotel မှာတည်းမှာလား? ဇိမ်ကျကျ 5* Hotel ကြီးမှာတည်းမှာလား?
ညဖက် အိပ်ဖို့လောက်ပဲ သုံးမယ် ...
အခန်းကျဉ်းလည်း ကိစ္စမရှိဘူး ..
ဈေးချိုချိုနဲ့ နည်းနည်း သန့်တာလေးပဲ သုံးမှာလား ?
စသည်ဖြင့် ကျောခင်းဖို့အတွက် ဈေးသတ်မှတ်ပါ။
----------------
၈။ ခရီးစဉ် လမ်းကြောင်း ဆွဲပါ။
ဖြစ်သလို သွားရင်၊ ရောက်ချင်သလို ရောက်သွားမှာပါ။
ကိုယ်သွားမယ့် ခရီးစဉ် လမ်းကြောင်းကို စနစ်တကျနဲ့ ကြိုတင် ပြင်ဆင်ထားခဲ့ရင် သက်တောင့်သက်သာနဲ့ သိပ်ကို ပျော်စရာကောင်းတဲ့ ခရီးစဉ် ဖြစ်စေမှာပါ။
ဒီနေ့မှာ ဒီနေရာတွေကို သွားလည်မယ်။
ဟိုတယ်ကနေ အဲ့ဒီနေရာကို သွားဖို့အတွက် ကားငှားဖို့ လိုတယ်။ မြို့တွင်းက ကားကြပ်တတ်သလား ... သွားချင်တဲ့ နေရာရောက်ဖို့ အချိန်ဘယ်လောက်ကြာကြာ သွားရလဲ .. စတဲ့ အချက်အလက်တွေကို ကြိုတင်၊ လေ့လာ၊ တွက်ချက်ပြီး ခရီးစဉ် လမ်းကြောင်းတွေဆွဲပါ။
ဆွဲထားတဲ့ ခရီးစဉ် လမ်းကြောင်းကို အတူတူ သွားမယ့်သူတွေကို ပေးထားပါ။ ဖုန်းထဲမှာ သိမ်းထားပါ။ Online ကနေ အချိန်မရွေး ပြန်ကြည့်လို့ရအောင်လည်း messenger, email, viber စတာတွေကနေ ပို့ထားပါ။
----------------
၉။ သယ်သွားရမယ့် ပစ္စည်းစာရင်း ပြုစုပါ။
ကိုယ်သွားလည်မယ့် နေရာက အေးတယ်ဆိုရင် အနွေးထည်လေးတော့ သယ်သွားရမှာပါ။
ကမ်းခြေတွေကို သွားလည်မယ်ဆိုရင် ပေါ့ပေါ့ပါးပါး ရေဆော့လို့ကောင်းမယ့် အဝတ်မျိုးတွေ၊ အသားအရည် ထိန်းသိမ်းတဲ့ ပစ္စည်းမျိုးတွေကို သယ်သွားရမှာပါ။
ပြီးတော့ သုံးနေကျ ဆေးဝါးပစ္စည်းတွေ၊ ဖုန်းအားသွင်းကြိုးတွေ .. စသည်ဖြင့် လိုအပ်တာတွေကို စာရင်းပြုစုပါ။
Online ပေါ်ကနေလည်း ဘာတွေ သယ်သွားသင့်တယ်ဆိုတာမျိုးတွေ ရှာဖွေပါ။ ဥပမာ - ဘာလီကို သွားလည်မယ်ဆိုပါစို့။ "what to pack for a week in Bali" ဆိုပြီး ရှာဖွေပါ။ လိုအပ်တာတွေ စာရင်းပြုပြီးရင် ပေါ့ပေါ့ပါးပါး ထုတ်ပိုးနိုင်အောင် ကြိုးစားပါ။
----------------
၁၀။ Passport သက်တမ်းကို စစ်ဆေးပါ။
ဒါက နိုင်ငံရပ်ခြား သွားလည်မယ့်သူတွေ အတွက်ပါ။
နိုင်ငံခြား သွားလည်ဖို့အတွက် Passport စာအုပ် ရှိရုံနဲ့ မရပါဘူး။ Passport စာအုပ် သက်တမ်းဟာ အနည်းဆုံး (မြန်မာပြည် ပြန်ရောက်တဲ့အထိ) ၆-လ သက်တမ်း ကျန်ရှိနေမှ သွားလို့ရပါတယ်။
ဒါကြောင့် နိုင်ငံရပ်ခြား သွားလည်ဖို့ စီစဉ်ထားရင် -
Passport အသစ်လုပ်ပါ / သက်တမ်းတိုးပါ / စာအုပ်သက်တမ်းဟာ အနည်းဆုံး ၆-လ ရှိ၊ မရှိ စစ်ဆေးပါ။
----------------
၁၁။ Visa လိုအပ်ရင် လုပ်ထားပါ။
အချို့ နိုင်ငံခြား တိုင်းပြည်တွေကို သွားလည်ရင် Passport ရှိရုံနဲ့ မရပါဘူး။
"အလည်အပတ် ဗီဇာ" လျောက်ထားရပါသေးတယ်။
မြန်မာနိုင်ငံသားတွေ အတွက် ဗီဇာ မလိုတဲ့ နိုင်ငံတွေ၊ ဗီဇာ လိုတဲ့ နိုင်ငံတွေ အကြောင်းကို အောက်က လင့်ခ်ထဲမှာ အပြည့်အစုံ ကြည့်ပါ။
https://www.facebook.com/GlamourMalikhaTravel/posts/1744970422249256
----------------
၁၂။ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။
ကျန်းမာရေးဆိုတာ လူတစ်ယောက်အတွက် အရေးအကြီးဆုံး အကြောင်းအရာတွေထဲမှာ ပါဝင်ပါတယ်။
တစ်ခါတစ်လေ အရေးကြီးတဲ့ အချက်တွေကို မေ့လျော့ နေတတ်ပြန်တယ်။
ခရီးမထွက်ခင် ၃ လလောက် ကြိုတင်ပြီး ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင်ပါ။
လိုအပ်တဲ့ ဆေးဝါးတွေကို ဆောင်ထားပါ။ သောက်သုံးပါ။
အချို့ နိုင်ငံတွေက သူ့ပြည်တွင်း ဝင်ခွင့်ရဖို့အတွက် ဆရာဝန်ဆေးလက်မှတ် "International Certificate of Vaccination" လိုအပ်တတ်ပါတယ်။
----------------
၁၃။ ဘာသာစကားကို အနည်းငယ် လေ့လာထားပါ။
မြန်မာပြည်ကို လာလည်တဲ့ နိုင်ငံခြားသား တစ်ယောက်ဆီက မြန်မာစကားလေး တစ်ခွန်းလောက် ကြားလိုက်ရရင် ရင်ထဲမှာ တစ်မျိုးဖြစ်ပြီး ခင်မင်သွားတတ်သလိုမျိုးပါပဲ ...
သွားလည်မယ့် နေရာဒေသမှာ နေ့စဉ်နဲ့အမျှ ပြောဆိုသုံးစွဲနေကြတဲ့ ဘာသာစကားကို တစ်ခွန်းစ၊ နှစ်ခွန်းစ ပြောတတ်ရင် ဒေသခံတွေနဲ့ ဆက်ဆံရေးမှာ အရမ်း တာသွားတတ်ပါတယ်။
ဘာသာစကား ဆိုတဲ့ နေရာမှာ နိုင်ငံရပ်ခြား ဘာသာစကားတွေ သာမက တိုင်းရင်းသား ဘာသာစကားတွေလည်း ပါပါတယ်။ ကရင်ပြည်နယ် သွားလည်ရင် ကရင်လို တစ်ခွန်းနှစ်ခွန်း ပြောတတ်အောင် လေ့လာထားပါ။
----------------
၁၄။ ယဉ်ကျေးမှု အလေ့အထတွေကို လေ့လာပါ။
နိုင်ငံတိုင်းမှာ မတူညီတဲ့ ယဉ်ကျေးမှုတွေ ရှိကြပါတယ်။
နိုင်ငံအတွင်းမှာလည်း မတူညီတဲ့ ယဉ်ကျေးမှု အလေ့အထတွေ ရှိကြပါတယ်။
ဒီလို မတူညီတဲ့ ယဉ်ကျေးမှု အလေ့အထ တွေကို ကြိုတင် လေ့လာထားပါ။
Familiar မဖြစ်ရင် / သဟဇာတ မဖြစ်ရင် မလိုအပ်တဲ့ ရန်လိုမှုတွေကို ကြုံတွေ့ရနိုင်ပါတယ်။
ဥပမာ - ဦးခေါင်းကို ထိတွေ့၊ ကိုင်တွယ်တာဟာ အခြားသော နေရာတွေမှာ "အားပေးမှု" လို့ ယူဆကြပေမယ့် မြန်မာနိုင်ငံကို လာလည်ရင်တော့ ဒီလို အပြုအမူမျိုးကို ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။
----------------
၁၅။ Bank ကို ကြိုတင် အကြောင်းကြားပါ။
လုံခြုံရေး နည်းပညာတွေ မြင့်မားလာတဲ့ အခုလို IT ခေတ်ကြီးထဲမှာ ငွေကြေးဓနဆိုင်ရာ ဘဏ်များစွာရဲ့ နည်းပညာတွေဟာလည်း မြင့်မားလာရပါတယ်။ ဒီလို နည်းပညာတွေထဲမှာ ပုံမှန် မဟုတ်တဲ့ နေရာကနေ မိမိတို့ရဲ့ ဘဏ်အကောင့်ထဲက ငွေကြေးတွေကို ထုတ်ယူခြင်းကို ကန့်သတ် ထားတတ်ကြပါတယ်။
ဒါကြောင့်မို့ နိုင်ငံရပ်ခြား သွားရောက် လည်ပတ်မယ်။ ကဒ်ထဲက ငွေကြေးကို နိုင်ငံရပ်ခြားမှာ သုံးစွဲမယ်ဆိုရင် ခရီးမထွက်ခင် ဘဏ်မန်နေဂျာကို ဆက်သွယ်ပြီး အကျိုးအကြောင်း ဆွေးနွေးတိုင်ပင်ပါ။
ဒီလို ခရီးထွက်မယ့်အကြောင်းကို ပြောထားခြင်းအားဖြင့် မိမိတို့ရဲ့ ပြည်တွင်း ဘဏ်အကောင့်တွေက ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုများကိုလည်း တားဆီးပြီးသား ဖြစ်သွားပါလိမ့်မယ်။
-----------
လေယာဉ်လက်မှတ် စီစဉ်ရတာတွေ၊ ဟိုတယ်စီစဉ်ရတာတွေ၊ ခရီးစဉ်လမ်းကြောင်းတွေ ...
ဒါမျိုးတွေ မသတ်မှတ်တတ်ဘူး။ ခေါင်းရှုပ်တယ်။
"အပြီးအစီး ဘယ်လောက်လောက် သုံးချင်တယ်၊ ဘယ်တော့လောက် သွားချင်တယ်" ဆိုတာပဲ သိတယ်ဆိုရင်တော့ -
Glamour Malikha ရဲ့ ကျွမ်းကျင်တဲ့ Travel Specialist တွေဆီကို ဆက်သွယ်လိုက်ပါ။
လိုချင်တဲ့ ခရီးစဉ်ပုံစံမျိုးကို မှန်းထားတဲ့ Budget နဲ့ ရနိုင်၊ မရနိုင် တွက်ချက်ပေးပါတယ်။
ဈေးသက်သာတဲ့ အပြီးအစီး သီးသန့်ခရီးစဉ်မျိုး (Ready Mate Private Tour) တွေလည်း ရှိတယ်။
-----------
Glamour Malikha
Your Travel Planner
wikiHow မှ post, image များအား မှီငြမ်းပါသည်။
Original Link: https://www.wikihow.com/Travel
#ခရီးစဉ်
https://www.facebook.com/GlamourMalikhaTravel/posts/2785472161532405
-----------
မှတ်ချက် ။ ။
Malikha Travel Myanmar စာမျက်နှာသည် Glamour Malikha ၏ မောင်နှမစာမျက်နှာခွဲတစ်ခု ဖြစ်ပါသည်။
-----------